သရုပ်ဆောင် လွင်မိုး အမှု ဖွင့်ခံရသည့် အပေါ် ကာယကံရှင် ပြန်လည် ရှင်းလင်း

လူသုံးဦးကို မတရား ဖမ်းဆီး ချုပ်နှောင် စေရန် စေခိုင်းမှုဖြင့် သရုပ်ဆောင် လွင်မိုး အပါအ၀င် အပေါင်းအပါ နှစ်ဦးအား  ကင်မွန်းချောင် နယ်မြေ ရဲစခန်းသို့ အမှုဖွင့် တိုင်တန်း ခံရမှု အပေါ် သရုပ်ဆောင် လွင်မိုးက ပြန်လည် ရှင်းလင်း ခဲ့သည်။

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်း ကျေးရွာ မဟာ စေတီ ဘုန်းတော်ကြီး ကျောင်း အနီးရှိ ကွင်းအမှတ် ၁၇၆(က) တွင် နေထိုင်သော ခြံစောင့် အလုပ်သမား သုံးဦး တို့အား အောက်တိုဘာ ၁၃ ရက် ည ၁၀ နာရီ ခန့်တွင် လက်နက်ကိုင် လူတစ်စုက မတရား ဖမ်းဆီး၍ ကားဖြင့် ခေါ်ဆောင် သွားသည်ဟု ဆိုကာ ဦးစောနေဗလုက ကင်မွန်းချောင်း နယ်မြေ ရဲစခန်းသို့ တရားလို ပြုလုပ်ကာ အမှုဖွင့် တိုင်ကြား ခဲ့သဖြင့် ပ/၁၃၁/၂၀၁၆၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၄၂/ ၃၆၅/၁၁၄/၃၄ တို့ဖြင့် သရုပ်ဆောင် လွင်မိုး အပါအ၀င် ဦးကျော်သူရလှိုင်နှင့် ဦးစိန်အောင်မင်း တို့အား အမှုဖွင့် လက်ခံ ထားကြောင်း သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင် လွင်မိုးက “လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်တော် ဟိုတယ်ဆောက်ဖို့အတွက် ဦးကျော်သူရလှိုင်ဆီက ကွင်းအမှတ်(၁၇၆/က) ဇရပ်ကွင်း ဦးပိုင် အမှတ် (N/၃၆၃) ကို ၀ယ်ယူခဲ့ပါတယ်။ လက်ရှိ ဟိုတယ် ဆောက်ဖို့လည်း ပြင်ဆင်နေပါတယ်။ အဲဒီလို ပြင်ဆင်နေတဲ့ အချိန်မှာ ဦးသန်းအောင်ဆိုတဲ့ လူတစ်ဦး ကျွန်တော့်ဆီကို ရောက်လာတယ်။ ဒီခြံက သူနဲ့ ဆိုင်တယ် ဆိုပြီး စာရွက်စာတမ်းတွေလည်း ပြတယ်။ ကျွန်တော်က မဟုတ်ဘူး၊ ခင်ဗျား ပြတဲ့ စာရွက်စာတမ်းတွေက နေရာလွဲ နေတယ်လို့ ပြောတာ။ သူက လက်မခံဘူး။ ဒါဆိုရင် ကျွန်တော်နဲ့ ရှင်းလို့ မရဘူး။ ကျွန်တော့်ကို မြေရောင်းခဲ့တဲ့ ကိုကျော်သူရလှိုင်နဲ့ ရှင်းဖို့ သွားပြောခဲ့တယ်။ အဲဒီမှာ သူက ပြန်သွားတယ်။ ပြီးတော့ နောက်တစ်ခါ ကျွန်တော် ဟိုတယ် ဆောက်မယ့် နေရာကို ဦးစောနေဗလု ဆိုတဲ့ သူ တစ်ယောက် ပေါ်လာတယ်။ သူကလည်း ဦးသန်းအောင်ဆိုတဲ့ သူဆီက ၀ယ်ထားတာ ဆိုပြီး ထပ်လုပ်တယ်။ ကျွန်တော် ကလည်း မဟုတ်ဘူး ဆိုပြီး ထပ် ငြင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် စက်တင်ဘာ ၂၉ ရက်နေ့မှာ သြစတြေးလျ နိုင်ငံကို ထွက်သွားတယ်။ အောက်တိုဘာ ၁၁ နေ့မှာ ပြန်ရောက်တယ်။ ရောက်တော့ ခြံထဲကို သွားကြည့်တော့ ကျွန်တော့် ခြံထဲမှာ ဦးစောနေဗလုက ခြံစည်းရိုးတွေ ကာပြီး သူ့တပည့်တွေကို ထည့်ထားတာ တွေ့ရတယ်။ အဲဒီမှာ ကျွန်တော်က ရောင်းတဲ့သူကို သွားတွေ့ပြီး ဖြေရှင်း ပေးပါလို့ ပြောခဲ့ပါတယ်။ သူ အမှု ဖွင့်တာနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်က နယ်မြေခံ လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ BGF တို့၊ DKBA တို့၊ KNU တို့နဲ့ ပေါင်းပြီး လုပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအဖွဲ့တွေကို သွားပြီး ဖမ်းပေးပါလို့ ပြောရင် အဲဒီအဖွဲ့တွေ ကရော ဖမ်းပေးမှာလား။ ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကိုလည်း စော်ကားတာပါ။ ပြီးတော့ အခု အမှုဖွင့်တဲ့ ထဲမှာလည်း ကျွန်တော့် နာမည်က ထိပ်ဆုံးက ပါနေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုဖြစ်စဉ်က ကျွန်တော်နဲ့ တိုက်ရိုက် ပတ်သက်မှု ဘာမှမရှိပါဘူး။ မြေကွက်ဝယ်ယူတဲ့ နေရာမှာလည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို အဆင့်ဆင့် ဒီမြေနဲ့ ပတ်သက်လို့ စုံစမ်းပြီး ခိုင်မာတယ်ဆိုလို့ ၀ယ်ထားတာပါ”ဟု ပြန်လည် ရှင်းလင်း ခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရုပ်ရှင် သရုပ်ဆောင် လွင်မိုးနှင့် အတူ အမှုဖွင့်ခြင်း ခံရသော ဦးကျော်သူရလှိုင် ကလည်း ယခု မြေကွက်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဒေသခံ ကရင် တိုင်းရင်းသား တစ်ဦးထံမှ ၀ယ်ခဲ့ကြောင်း၊ ယင်းနေရာတွင် ရော်ဘာ စိုက်ပျိုးခြင်း လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မေလတွင် ကိုလွင်မိုးအား ပြန်လည် ရောင်းချခဲ့ကြောင်း၊ ထိုကဲ့သို့ ရောင်းချပြီး မကြာမီတွင် ယင်း မြေကွက်အား ရုပ်ရှင် သရုပ်ဆောင် လွင်မိုးက ဟိုတယ် လုပ်ငန်း လုပ်မည် ဆိုသော အသံများ ထွက်ပေါ်လာကြောင်း၊ ယင်းကို အခွင့် ကောင်းယူပြီး ဦးသန်းအောင် (ခ) ဦးအောင် ဆိုသည့် သူမှာ ယင်းမြေကွက်အား ပိုင်ဆိုင်သည်ဟု အကွက် ကျကျ စီစဉ်လာမှုများ စတင် ပြုလုပ်ခဲ့ကြောင်းကို ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းက ထိုအမှုမှာ တရားမမှု ဖြစ်သည့် အတွက် တရားရုံး ဦးတိုက် လျှောက်ရန် ပြောသည့် အတွက် အောက်တိုဘာ ၃ ရက်နေ့တွင် ကျိုက်ထို တရားရုံး၌ ဦးတိုက် လျှောက်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၄ ရက်နေ့တွင် ပထမ ရုံးချိန်း၌ ရဲစခန်းက အမှု တည်ဆောက်ရန် ခိုင်လုံမှု မရှိသေးသည့် အတွက် နိုဝင်ဘာ ၁ ရက်နေ့အား ပြန်လည် ချိန်းဆိုထားကြောင်း ၄င်းက ထပ်မံ ပြောကြားခဲ့သည်။
လက်ရှိ အနေဖြင့် ရုပ်ရှင် သရုပ်ဆောင် လွင်မိုး အပါအ၀င် သုံးဦးအား ကင်မွန်းချောင်း ရဲစခန်းမှ တရားလို ပြုလုပ်၍ အမှု ဖွင့်သည့် ဦးစောနေဗလု (ခ) ဦးဇမ္ဗူစိုးနှင့် ဦးအောင်(ခ)ဦးသန်းအောင်တို့ အပါအ၀င် လေးဦး တို့အား လက်နက်များ သိုဝှက်ထားမှုဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ပ/၄၁၀/ ၂၀၁၆ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေး ဆောင်ရွက်နေကြောင်း သိရ သည်။        

    
ပိုင်လေး

Category: 

Share