တိုကျိုတွင် ပထမဆုံး မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ ကျင်းပမည်

ဂျပန် နိုင်ငံ တိုကျို မြို့တွင် ပထမဆုံး မြန်မာ့ လက်ဝှေ့ ပြိုင်ပွဲ သီးသန့် အဖြစ် Lethwei Grand Prix Japan 2016 ကို အောက်တိုဘာလ ၂၇ ရက် ညနေ ၆ နာရီ တွင် တိုကျိုမြို့ ခိုလဂုအန် ခန်းမတွင် ကျင်းပမည်ဟု သိရသည်။

 

အဆိုပါ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲကို မြန်မာ မီဒီယာ ဂရု(ပ်)နှင့် ဂျပန်နိုင်ငံမှ First On Stage Ltd တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး မြန်မာ ရိုးရာ လက်ဝှေ့ကျော်များ ဖြစ်သော တူးတူးက စိုးလင်းဦးနှင့် လည်းကောင်း၊ ထွန်းလွင်မိုးက စောထူးအောင်နှင့် လည်းကောင်း၊ စောအယ်လေးက စောထူးဇော် နှင့် လည်းကောင်း၊ သားအသည်း တစ်ပွင့်က ကြယ်စင်ဖြိုးနှင့် လည်းကောင်း ထိုးသတ်ကြမည် ဖြစ်သည်။ ထွန်းထွန်းမင်းက သြစတြေးလျမှ အဒမ်၊ မိုက်ရိုင်းက ထိုင်း Channel 7 ချန်ပီယံ Mod Dong နှင့် ထိုးသတ်မည်ဖြစ်သည်။ တွဲဆိုင်း ခြောက်ဆိုင်း စလုံးသည် မြန်မာ့ ရိုးရာ လက်ဝှေ့ နည်း စနစ် အတိုင်း ထိုးသတ် ကြမည် ဖြစ်ပြီး တိုကျိုမြို့ မင်္ဂလာဒိုး မြန်မာ တူရိယာ ၀ိုင်းက ယှဉ်ပြိုင်နေစဉ် တစ်လျှောက်လုံး မြန်မာ့ ဆိုင်းကို တီးမှုတ် ပေးကြမည်ဟု သိရသည်။ ၀င်ကြေးမှာ ယန်း ၄၀၀၀၊ ယန်း ၇၀၀၀၊ ယန်း ၁၀၀၀၀ နှင့် ယန်း ၁၅၀၀၀ တို့ ဖြစ်ပြီး မြန်မာနိုင်ငံမှ လက်ဝှေ့ပွဲ လာရောက် ကြည့်ရှု သူများအတွက် အခမဲ့ လက်မှတ် များကိုလည်း ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ သံအမတ်ကြီးနှင့် စစ်သံမှူး ကိုလည်း တက်ရောက် အားပေး နိုင်ရန် ဖိတ်ကြား ထားကြောင်း၊ ပြိုင်ပွဲ အတွက် ကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြ၊ မော်ဒယ်များ အပါအ၀င် ၂၄ ဦး သွားရောက်မည် ဖြစ်ကြောင်း ဦးဆောင် သွားရောက်မည့် မြန်မာ မီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏ ထံမှ သိရသည်။ ဦးဝဏ္ဏက အခက်အခဲများ ရှိသော်လည်း ၂၀၁၇ ခုနှစ် အတွင်း ဂျပန်တွင် မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ အနည်းဆုံးလေး ပွဲ စီစဉ် ထားကြောင်းနှင့် ဒုတိယပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြိုင်ပွဲကို ဂျပန် ကိုယ်ခံ ပညာ ကစားသမားများ၊ ကလပ် အသင်း များက အထူး စိတ်ဝင်စား နေသလို ဂျပန် အွန်လိုင်း ရုပ်သံ ဖြစ်သော Abema မှ တိုက်ရိုက် ပြသမည် ဖြစ်ကြောင်းနှင့် ပြန်လည် ရောက်ရှိသည့် အခါ မြန်မာ နိုင်ငံ ရုပ်သံလိုင်း တစ်ခုခု မှလည်း ပြန်လည် ပြသ ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Category: 

Share