အောင်စိုးမိုးကျော် ရေယာဉ်သည် နစ်မြုပ်မှု မဖြစ်ခင် ကပင် စည်းကမ်း ဖောက်ဖျက် ပြေးဆွဲ နေဟု တိုင်ကြားစာ ပို့ခဲ့သော်လည်း သက်ဆိုင်ရာက ဆောင်ရွက်ခြင်း မရှိခဲ့

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်း မြစ်ကြောင်းတွင် နစ်မြုပ် ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ကို ကျော်လွန် ပြေးဆွဲ နေသောကြောင့် ရေယာဉ် နစ်မြုပ်မှု မဖြစ်ပွားခင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက် ကတည်းက နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီး ဌာနသို့ တင်ပြ တိုင်ကြား ခဲ့ကြောင်း သိရှိ ရသည်။

 

“ခုလို ရေယာဉ် မနစ်မြုပ်ခင် တစ်လလောက် ကတည်းက ကိုယ်တိုင် သုံးသင်းပေါင်း ကော်မတီ (မုံရွာ) ကိုယ်စား နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု ၀န်ကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးကို စာတင်ပြီး တိုင်ကြားခဲ့ဖူးပါတယ်။ စည်းကမ်း မလိုက်နာတဲ့ ရေယာဉ် အသင်းက တာဝန်ရှိ သူတွေနဲ့ အထူး တလည်  တာဝန်ရှိ သူတွေကို အရေးယူ ဆောင်ရွက်ပေးဖို့ အစိုးရ ခွင့်ပြုချက် အတိုင်း ပြေးဆွဲ သွားလာ စေဖို့ ညွှန်ကြားချက် ထုတ်ပေးပါလို့ တင်ပြ ခဲ့ဖူးပါတယ်”ဟု မြန်မာ ဇမ္ဗူထွန်း ကုမ္ပဏီမှ ဦးသန့်ဇင်ဦးက ပြောကြားသည် ။

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်း မြစ်ကြောင်းတွင် ရေကြောင်း ပို့ဆောင်ရေး အတွက် ပုဂ္ဂလိက ရေယာဉ် အသင်းများ အသီးသီး ပြေးဆွဲ လုပ်ကိုင်လျက် ရှိရာ အေးငြိမ်းချမ်းသာ ရေယာဉ် အသင်း သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှ ခွင့်ပြု ထားသော မော်လိုက် မြို့တွင် အခြေ စိုက်၍ တိုင်းဒေသကြီး အစိုးရ၏ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ရက်တွင် Cabinet အမှတ်စဉ် (၁၉/၂၀၁၂) ဆုံးဖြတ်ချက်(၃၈) အရ စာ အမှတ် ၂/၃-၁၀၃ (၀၅၇)/ဦး ၆ ခွင့်ပြုချက် မော်လိုက်-မုံရွာ ခရီးစဉ်၊ မော်လိုက်-ဟုမ္မလင်း ခရီးစဉ်သာ ပြေးဆွဲခွင့် ပြုထားသော်လည်း အမှန် တကယ် ပြေးဆွဲ နေသည်မှာ မော်လိုက်မြို့တွင် အခြေ မပြုဘဲ မုံရွာ မြို့တွင် အခြေပြုကာ မုံရွာမှ ဟုမ္မလင်းသို့ စည်းကမ်း ဖောက်ဖျက် ပြေးဆွဲ နေခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီလို စည်းကမ်း ဖောက်ဖျက် ပြေးဆွဲ နေတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင် က မုံရွာ ခရီးစဉ်မှာ လာရောက် တွေ့ဆုံပြီး  ဥပဒေနဲ့ အညီ လုပ်ဆောင်ပါလို့ ညွှန်ကြား ခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ဘာမှ လုပ်မပေးခဲ့ပါဘူး”ဟု  ဦးသန့်ဇင်ဦးက ဆက်လက် ပြော ကြားသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းတွင်း မြစ်ကြောင်း အတွင်း အောက်တိုဘာလ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် အေးငြိမ်း သာယာရေ ယာဉ် အသင်းမှ အောင်စိုးမိုးကျော် (၂) ရေယာဉ် နစ်မြုပ်ခဲ့ပြီး အသက်ရှင်လျက် ရှာဖွေ ကယ်ဆယ် နိုင်ခဲ့သည့် ခရီးသည် ၁၅၈ ဦး၊ သေဆုံးသူ ရုပ် အလောင်း  ၇၃ လောင်း၊ ပျောက်ဆုံးနေသူ ၄၃ ဦး ရှိကြောင်း ကယ်ဆယ်ရေး မှတ်တမ်းများ အရ သိရသည်။ ရေယာဉ် တိမ်းမှောက် နစ်မြုပ်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက မုံရွာမြို့ မြသလ္လာ ခန်းမတွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အဆိုပါ ရေယာဉ်မှာ ခရီးသည် ၃၆ ဦး သာလျှင် စီးနင်း လိုက်ပါခွင့် ရှိသော ရေယာဉ် အမျိုးအစား ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေးမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးသောင်းကြိုင်က ပြောကြားသည်။

ဆွေနိုင်စစ်

Category: 

Share