မာဂျေနဲ့ ဂျပန်မှာ အောင်ပွဲခံခဲ့တဲ့ မြန်မာ့လက်ဝှေ့ - မာဂျေ

မြန်မာ့ရိုးရာ လက်ဝှေ့ကို နိုင်ငံခြားကို အိတ်စ်ပို့လုပ်ဖို့ဆိုတာ ၁၉၅၆ ကတည်းက ဆရာ ကျားဘညိမ်းတို့ မျှော်မှန်းခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီတုန်းက ခေတ်စနစ်ကြောင့် ဆရာတွေအနေနဲ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ မာဂျေလည်း ရိုးရာလက်ဝှေ့ပွဲသွင်းသူ လုပ်ကတည်းက အဲဒီရည်မှန်းချက် ရှိခဲ့တယ်။ ဟော အခုတော့ ဂျပန်မှာ မြန်မာ့ရိုးရာလက်ဝှေ့ ဂရင်းပရီ ၂၀၁၆ကို ကျင်းပနိုင်ခဲ့ပါပြီ။ ပထမ သဘောတူထားတာက ဂျပန်မှာ မြန်မာ့ရိုးရာ လက်ဝှေ့က ဂျပန် ပရိသတ်အတွက် အစိမ်းသက်သက် ဖြစ်နေလို့ မြန်မာဘက်ခြမ်း ကုန်ကျစရိတ်ကို မာဂျေကစိုက်၊ ဂျပန်ဘက်ခြမ်း ကုန်ကျစရိတ်ကို ဂျပန်ဘက်က စိုက်မယ်။ ဒါပေသိ သွားမယ်နေ့သာ ရောက်လာတယ်။ ကမ်းလှမ်းသမျှ စီးပွားရေး လုပ်ငန်းရှင်တွေက စိတ်မ၀င်စားသလို မာဂျေကို အမြဲစပွန် ဆာပေးနေတဲ့ သူဌေးမင်းများနဲ့လည်း တွေ့ခွင့်မရဖြစ်ခဲ့တယ်။ ဒါကြောင့် ရှိတာလေး ခြစ်ကုတ်ပြီး သွားခဲ့ရတာပေါ့။ မသွားခင်ကတည်းက ဒီခရီးလိုက်မယ့်သူ အများစုက ပြည်ပကို တစ်ခါမှမရောက်ဖူးလေတော့ ပုံစံတွေဖြည့်ရတာ၊ လိုတာတွေလုပ်ရတာ အကုန်လုံး မာဂျေ့ တာဝန်ပဲ။ သွားခါနီး လေယာဉ် လက်မှတ်ဖြတ်ပြီးမှ မန္တလေးက လိုက်မယ့် မော်ဒယ်က ဆိုင်ကယ် တိုက်ပြီး ခြေထောက်အရိုး အက်သွားပြန်ရော။ လေယာဉ်ပေါ်မှာလည်း ဂျပန်အ၀င်အတွက် ဖြည့်ရမှာတွေ အားလုံး မာဂျေ့တာဝန်ပဲ ပေါ့ဗျာ။
ဂျပန်ရောက်တော့ သတင်းစာ ရှင်းလင်းပွဲမှာ ဓာတ်ပုံတွေရိုက်ကြ၊ မေးခွန်းတွေမေးကြနဲ့၊ နောက်နေ့ ဂျပန် Yahoo သတင်းခေါင်းစီးမှာ ပါလာတာက မာဂျေနဲ့ ဂျပန် နာမည်ကြီး နပန်းမယ် မိုမိုကိုတို့ လက်ဝှေ့ရေး ပြနေတဲ့ပုံ ဖြစ်နေတယ်။ ဒီတော့ မာဂျေလည်း ဘ၀င်မြင့်သွားတာပေါ့။ တပည့်တွေကိုတွေ့လား၊ ဒီမှာ မင်းတို့ဆရာ အောင်မြင်နေတာလို့ ကြွားကောင်းတုန်း ရှိသေးတယ်။ မလိမ်တတ်တဲ့ ဂျပန်က မင်းတို့အားလုံးကို ဘယ်ဂျပန်ကမှမသိဘူး။ မိုမိုကိုက ဂျပန်တစ်နိုင်ငံလုံး သိတဲ့သူဆိုတော့ ပရိသတ် စိတ်ဝင်စားအောင် မိုမိုကိုပုံကိုသုံးရတာ။ ပုံရှာတော့ မစ္စတာ မာဂျေနဲ့ မိုမိုကို နှစ်ယောက်တွဲပုံပဲ ရှိလို့ သုံးလိုက်တာ ဆိုပြီးပြောတော့ မာဂျေလည်း အရှက်ကွဲရော။

ဂျပန်မှာ လက်ဝှေ့ပွဲကျင်းပမယ့် နေရာက အထင်ကရနေရာ ကုလခုအန် ခန်းမဖြစ်တယ်။ အဲဒီ ခန်းမကိုလည်း လွယ်လွယ်ငှားရတာ မဟုတ်ပါဘူး။ နေရာတကာမှာ ဒေ၀ဒတ်တွေက ရှိတော့ မြန်မာ့ လက်ဝှေ့ဆိုတာ ရန်ဖြစ်သလို ထိုးတာဖြစ်တယ်။ အားကစား မဟုတ်ပါဘူးဆိုပြီး သွားချွန်ထားလို့ အဲဒီ ခန်းမ ပိုင်ရှင်အဖွဲ့ကို မြန်မာကို ဖိတ်ပြီး မာဂျေ့ရဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံလုပွဲကို ပြရသေးတယ်။ ဒီတော့မှ လက်ဝှေ့ဟာ အားကစားနည်းတစ်ရပ် ဖြစ်တယ်ဆိုပြီး ခန်းမငှားခွင့်ရတာ။ လာတဲ့ပရိသတ် အားလုံးလောက် နီးနီးက ဂျပန်တွေဖြစ်တယ်။ အထူးသဖြင့် ဂျပန်က တခြားကိုယ်ခံပညာ အားကစားနည်းက ပွဲသွင်းသူတွေနဲ့ ပွဲစီစဉ်သူတွေ လာကြည့်ကြတယ်။ မင်္ဂလာဒိုးအဖွဲ့က ဆိုင်းလည်း စတီးရော ဂျပန်တွေ ပြူးပြူးပြာပြာ ဖြစ်ကုန်တယ်။ ဆိုင်းရဲ့အသံက သူတို့ သတ်မှတ်ထားတဲ့ အသံကြိမ်နှုန်းထက် ကျော်နေပါသတဲ့။ ဒါနဲ့ ဆိုင်းအဖွဲ့ကို ပေးထားတဲ့ မိုက်ခရိုဖုန်းတွေကို တစ်လုံးပြီး တစ်လုံး ပြန်သိမ်းလိုက်တာ နောက်ဆုံးမတော့ ဆိုင်းအဖွဲ့က ဘာမိုက်ခရိုဖုန်းမှ မပါဘဲ တီးရတဲ့ ဘ၀ ရောက်သွားတယ်။ ဒီလိုပဲ အောက်ထပ် အ၀တ်လဲခန်းထဲမှာ မြန်မာတွေ အပြည့်ဖြစ်နေတော့ ဂျပန်တာဝန်ရှိသူက မာဂျေ့ကို လာပြောတယ်။ လည်ဆွဲမရှိသူတွေ ထုတ်လိုက်လို့၊ မာဂျေကလည်း ပြန်ပြောရော မစ္စတာမာဂျေ ပြောသလို လည်ဆွဲမရှိသူတွေကို ထုတ်ဆိုရင် အထဲမှာမဆိုင်တဲ့ သူတွေပဲ ကျန်မယ်။ လက်ဝှေ့သမားတွေ၊ နည်းပြတွေ၊ အကူလူတွေက သူတို့လည်ဆွဲတွေကို အပြင်လူတွေကို ပေးထားတာတဲ့။ မြန်မာပြည်က အကျင့်တွေပေါ့ဗျာ။

လက်ဝှေ့ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဦးသူရိန်သန့်ဇင်က သူ့ရဲ့ တခြားချိန်းဆိုမှုတွေ အားလုံးကိုဖျက်ပြီး အစအဆုံး လာအားပေးသလို ဂျပန် လွှတ်တော်ရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာနာကာယာမကလည်း အစအဆုံး လာရောက်အားပေးတယ်။ ပရိသတ် ၁၈၀၀ ကျော်မှာ မြန်မာပရိသတ်က ရှိလှ ၃၀ ပေါ့။ ဒါပေသိ ဆဲသံ ဆိုသံထွက်လာတာတွေက မြန်မာ စကားနဲ့ချည်းပဲ ဖြစ်နေတယ်။ မြန်မာပရိသတ်ဂုဏ်ကို ဂျပန်အထိ လာပြတဲ့သူတွေလို့ ဆုပေးရမလို ဖြစ်နေပြီ။ ဂျပန်ပရိသတ်အများစု ကတော့ ထိုးလိုက်တိုင်း အို၊ ဟာ၊ ဟင် ဆိုတဲ့ အသံတွေနဲ့ရော နိမ့်နေတဲ့သူက နောက်မဆုတ်ဘဲ ပြန်ခံထိုးတာမြင်ရင် လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ရော အားပေးကြပါတယ်။ တွဲဆိုင်း ငါးဆိုင်းစလုံးက အရိုးကျေကျေ အရေခန်းခန်း ထိုးသတ်သွားတော့ ပရိသတ်က ကြိုက်တာပေါ့။

ပွဲအပြီးမှာ ဂျပန်တွေက လက်ဝှေ့ဟာ လက်ဝှေ့ပါပဲ။ လက်ဝှေ့ဟာ MMA လည်း မဟုတ်သလို ကစ်ဘောင်ဆင်လည်း မဟုတ်ပါဘူး။ မြန်မာ့လက်ဝှေ့လို နှစ်ပေါင်းတစ်ထောင်ကျော် တည်ရှိလာတဲ့ အားကစားကို မြန်မာတွေ ထိန်းသိမ်းခဲ့လို့ အခုလိုသူတို့ကြည့် ခွင့်ရတာပါလို့ ပြောကြပါတယ်။ K1 ပွဲတွေနဲ့ ကမ္ဘာပတ်ပြီးဆေးမှူး လုပ်နေတဲ့ ဂျပန်ဆရာဝန်ကတော့ ဒီလောက် သွေးထွက်အောင်ထိုးတဲ့ပွဲ မမြင်ဖူးပါဘူးတဲ့။ သူ့ခမျာလည်း ချုပ်လိုက်ရတာ လက်မလည်ဘူး။ ဘာပဲပြောပြော ဒီအောင်မြင်မှုက ချက်ချင်းကို ဖေဖော်ဝါရီ ၁၆ ရက် နေ့မှာ ဂျပန်မှာ နောက်တစ်ပွဲထိုးဖို့ ဖြစ်လာပါတယ်။ ဂျပန်မှာ မြန်မာ့ ရိုးရာလက်ဝှေ့ အောင်လံစိုက်နိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဂျပန်တွေ အံ့သြနေတာက သူတို့ဆီမှာ နေ့စဉ် ကိုယ်ခံပညာ အားကစားပွဲတွေ အများကြီးရှိတယ်။ အများဆုံး လာကြည့်ရင် ပရိသတ် ၈၀၀ ၀န်းကျင်ပဲ။ အခုတော့ ဂျပန်တွေ ဘာမှန်းမသိတဲ့ မြန်မာ့လက်ဝှေ့ ဆိုတာကို ကြားရက်မှာလုပ်ပြီး လူ ၁၈၀၀ ၀န်းကျင် လာကြည့်တာကို အရမ်းအံ့သြနေကြတယ်။ ဂျပန်တွေ အားပေးတာရယ်၊ ဂျပန်မီဒီယာတွေရဲ့ ချီးကျူးစကားတွေရယ်ကြောင့် လိုက်လာတဲ့ လူတချို့ ၀မ်းသာအားရ မျက်ရည်ကျကြတယ်။ ပွဲအပြီး ညစာစားပွဲမှာ ဂျပန်တွေက ကစားသမားတွေနဲ့ လိုက်ပါလာတဲ့ သူတွေကို သဘောကျလို့ ဆိုပြီး ဆုကြေးတွေ ပေးပါတယ်။ မာဂျေ့ကိုတော့ အထူးလက်ဆောင်ပေးပြီး လေယာဉ်ပေါ်ရောက်မှ ဖွင့်ပါတဲ့။ အားလုံးကတော့ ဆရာ မာဂျေ ဘယ်လောက်တန် ချက်လက်မှတ်ရသလဲ စိတ်ဝင်စားနေလို့ အများရှေ့မှာ ဖွင့်လိုက်တာ မြန်မာလိုရေးထားတဲ့ စာလေးတစ်စောင် ထွက်လာတယ်။ ငါတို့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာမာဂျေတဲ့။ နာမည်ကြီး ထမင်းငတ်ဆိုတာ မာဂျေ့ကို ခေါ်တာထင်ပါရဲ့။ မာဂျေတို့က ရိုးရာလက်ဝှေ့ကိုချစ်လို့ လုပ်တာဆိုတော့ ငွေကြေးကို ထည့်မတွက်ပါဘူး။ ပိုက်ဆံမရှိတော့ရင်တော့ ရပ်ရမှာပေါ့လေ။ နောက်နေ့မနက် ဂျပန်သတင်းစာတွေမှာ လက်ဝှေ့ပွဲ သတင်းက အထင်းသားဆိုတော့ ပီတိကိုစားပြီး အားရှိရတာပေါ့။ ဘာပဲပြောပြော ရိုးရာလက်ဝှေ့ မှတ်တိုင် ဂျပန်မှာ စိုက်ခဲ့တာက မြန်မာနိုင်ငံအတွက် အမြတ် မဟုတ်ပေလားဗျာ။

မာဂျေ

Category: 

Share