ရက်ရှည် ဆေးကုသမှု ခံယူထားသော်လည်း ဆေးရုံမှ မဆင်းနိုင်သေးသည့် မော်ဒယ် Mဆိုင်းလု

 Style Secret အစီအစဉ် ရိုက်ကူးရာမှ မတော်တဆ ထိခိုက်ဒဏ် ရာရရှိခဲ့သော မော်ဒယ် Mဆိုင်းလုသည် ဆယ်ရက်ကျော် ဆေးကုမှု ခံယူထားရသော်လည်း ဆေးရုံဆင်းမည့်ရက် အတိကျပင် မသိရသေးကြောင်း ၄င်းက ပြောသည်။

မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါ ရိုက်ကူးရေး ပြုလုပ်သည့် နေရာနှင့် အနီးဆုံးရှိသည့် ပင်လုံဆေးရုံ၌ ဆေးကုသမှုခံယူနေရပြီး လက်ရှိ ကျန်းမာရေး အခြေအနေသည် မစိုးရိမ်ရတော့ကြောင်း Mဆိုင်းလုက ပြောသည်။
“အခု လက်ရှိတော့ ကျောက်ပတ်တီး စည်းထားရတယ်။ ကျန်းမာရေး အခြေအနေကတော့ ဆရာဝန်ရဲ့ အဖြေ ပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်တော့လောက် ဆေးရုံ ပြန်ဆင်းဖြစ်မလဲဆိုတာ မသိသေးပါဘူး။ ခြေလက် နှစ်ဖက်စလုံးကို ထိခိုက် ဒဏ်ရာရရှိခဲ့တာပါ” ဟု Mဆိုင်းလုက ပြောသည်။

ဖြစ်စဉ်မှာ Mဆိုင်းလုသည်   ရေထည့်ထားသော ဖန်ပုံးထဲတွင် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ပြီး ရိုက်ကူးမှုခဏ နားနေစဉ်  ဖန်ပုံးကွဲပြီး ဖန်စများလာစင်၍ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး အဆိုပါ မတော်တဆဖြစ်စဉ် ကြောင့် Mဆိုင်းလုအပါအ၀င် ဓာတ်ပုံရိုက်ကူးသူနှင့် MRTV-4 ၀န်ထမ်းအချို့လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။  
နိုင်ငံကျော် မော်ဒယ်တစ်ဦးဖြစ်သည့် ကချင်တိုင်းရင်းသူ Mဆိုင်းလု၏ ထိခိုက်ဒဏ်ရာရရှိသော ဓာတ်ပုံများနှင့် ဆေးရုံ တက်နေရသည့် ပုံများ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ အွန်လိုင်း ပေါ်၌ပျံ့နှံ့ခဲ့မှုကြောင့် အားပေးသည့် ပရိသတ်များ၏ ဆုတောင်း စကားများနှင့် စိတ်ပူကြောင်း မှတ်ချက်ရေးသားမှုများ ရှိခဲ့သည်။

 ဇင်မင်း

Category: 

Share