သံတုတ်အာမီ - မာဂျေ

ဒီမိုကရေစီနိုင်ငံဆိုရင် မာဖီးယားဂိုဏ်းလို့ ခေါ်မယ့် လူဆိုးဂိုဏ်းတွေ များလာမယ်၊ မူးယစ်ဆေး ကုန်သွယ်မှုတွေ များလာမယ်၊  ဟိုအသင်း ဒီအသင်းဆိုတဲ့ အသင်း အဖွဲ့တွေ များလာမယ်ဆိုပြီး ဒီမိုကရေစီ နိုင်ငံတော်ရဲ့ အင်္ဂါသုံးပါးကို ရေးခဲ့ဖူးပါတယ်။ အခုတော့ အဲဒီအပြင် သံတုတ်ကိုင် ဂိုဏ်းတစ်ဂိုဏ်းလည်း တိုးလာတာ တွေ့ရတယ်။ သူတို့က သူတို့ကိုယ်သူတို့ ဘာထင်နေသလဲတော့ မသိဘူး။ ထစ်ခနဲရှိရင် သံတုတ်တယမ်းယမ်းနဲ့ ဟိုလူ့ရိုက်လိုက်၊ ဒီလူ့ဆော်လိုက်နဲ့ သရမ်းနေလိုက်ကြတာ။ အဲဒီလို ဆော်ရ နှက်ရအောင် သူတို့က မှန်သလား ဆိုပြန်တော့လည်း မမှန်ဘူးဗျ။ သူတို့လည်း မှားသေး တစ်ဖက်သားကိုလည်း ရိုက်သေးနှက်သေးနဲ့ ဒီလူတွေက သူတို့မှာ အထူးတရား စီရင်ခွင့်အာဏာ ရထားသလိုပဲ။

ဘယ်သူတွေလဲကတော့  မေးစရာတောင် မလိုပါဘူး။ ရန်ကုန်က ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ စပယ်ယာတွေပေါ့ဗျာ။ တာမွေမှာ ဖြစ်သွားတဲ့ကိစ္စဆို ဘယ်လောက်ဆိုးလဲ။ လမ်းပြောင်းပြန်လည်း မောင်းလာသေး၊ ရှေ့က သူ့ယာဉ်ကြောအတိုင်း မောင်းလာတဲ့ကားက သူတို့ကို လမ်းဖယ်မပေးလို့ ဆိုပြီး ဆင်းပြီးရိုက်ကြနှက်ကြနဲ့။ အတော် လက်ယဉ်နေကြပါလား။ ဒီလိုသတင်းတွေ ခဏခဏ ကြားနေရပေမယ့် ဥပဒေကပဲ သက်ညှာနေတာလား၊ အရေးယူမယ့်သူပဲ မရှိတာလားတော့ မသိဘူး။ ကားသမားတွေက ခရီးသည်တွေကို ရိုက်တာ၊ ကားသမားချင်း ရိုက်တာတွေက မထူးတော့တဲ့ သတင်းလို ပေါပေါများများ ဖြစ်လာတယ်။ တာဝန်ရှိသူတွေက ကိုယ်ပိုင်ကားတွေ အငှားယာဉ်တွေကို ရပ်ပြီး လက်နက်ပါမပါ စစ်သလို ခရီးသည်တင် ဘတ်စ်ကားတွေကိုရော မစစ်သင့်ပေဘူးလား မေးစရာ ဖြစ်လာတယ်။

အမှန်က ဒီလို အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းမှာ တောရိုင်းတိရစ္ဆာန်လို ကျင့်ကြံတတ်တဲ့ သူတွေကို ရာသက်ပန် ပိတ်ပင်သင့်တယ်။ အခုတော့ အရေးယူမှုက ပျော့ညံ့နေလေတော့ ထစ်ခနဲရှိ ရိုက်မယ်ချည်း ဖြစ်နေတယ်။ ခရီးသည်တွေမှာ အသက် ဖက်နဲ့ထုပ်ပြီး စီးနေရတယ်။ ဆရာ ဇော်သက်ထွေးတို့ကို ဇာတ်ညွှန်း ပညာလာသင်ပေးနေတဲ့ စပိန်ပညာရှင် ရန်ကုန်ကို နောက် ဘယ်တော့မှ မလာတော့ဘူးလို့ စာရေးတဲ့အထဲမှာ ယူနီဖောင်းလည်း မ၀တ်၊ ကားအင်ဂျင်အဖုံးကို ဖွင့်ပြီး မောင်းချင်သလို မောင်းနေတဲ့ ဘတ်စ်ကားသမားတွေကြောင့်ဆိုတာ အချက်တစ်ချက် ပါလာတယ်။

ဆိုရှယ်မီဒီယာတွေ ထွန်းကားလာတဲ့ ကာလမှာ မြင်သမျှသတင်း ကြည့်လိုက်ရင် စပယ်ယာနဲ့ ဒရိုင်ဘာတွေ ကားချင်းရိုက်တာ၊ ခရီးသည်ကို ရိုက်တာ၊ တက္ကစီသမားကို ရိုက်တာတွေချည်း ဖြစ်နေတယ်။ ကိုယ့်ကားကို စီးနင်းလိုက်ပါလာတဲ့ ကိုယ့်ရဲ့ထမင်းရှင် ခရီးသည်ကို ရိုက်တာကတော့ အရမ်းလွန်သွားပြီ။ ဒီလိုလူတွေကို ဥပဒေအရ အရေးယူပြီးရင် ဒီလုပ်ငန်းမှာ လုပ်ကိုင်ခွင့် ရာသက်ပန် မပိတ်သင့်ဘူးလားဗျာ။ ခက်တာက ဒီလူဆိုးလူမိုက်တွေက သူများလိုင်စင် ငှားပြီး ဒီအလုပ်ပဲ ပြန်လုပ်နေကြတော့ ဒီလိုရိုက်တဲ့၊ နှက်တဲ့အမှုတွေ လျော့သွားတယ်ကို မရှိတော့ဘူး။ မိုက်ဂုဏ်ရှိမှ ဘတ်စ်ကားဒရိုင်ဘာ၊ စပယ်ယာလုပ်ရမလို ဖြစ်နေပြီ။

မရှင်းတာတစ်ခုက ဘတ်စ်ကားလိုင်း အလိုက် မထသက စစ်ဆေးရေးဂိတ်တွေ ရှိနေတာပဲ။ ဒီလူဟာ ဒီလိုင်းက ဒရိုင်ဘာအစစ်လား၊ စပယ်ယာ အတုလားဆိုတာ ငွေကုန်ခံပြီး ခန့်ထားသူတွေက မသိကြဘူးလား။ ဒါမှမဟုတ် ခွဲတမ်းယူပြီး မသိယောင်ဆောင်နေတာလား ဆိုတာလည်း မေးစရာဗျ။ နောက်ပြီးတော့ ဘတ်စ်ကားပိုင်ရှင်တွေ အနေနဲ့ ကိုယ့်ကားမောင်းမယ့်သူဟာ လိုင်စင် ရှိမရှိတော့ စစ်ပြီးမှ ကားငှားသင့်တယ်လို့ ထင်တယ်။ အခုလို လိုင်စင်မရှိသူကို ကားငှားမိတဲ့အတွက် အရေးယူခံရတဲ့ အခါမှာ ကားပိုင်ရှင်ပါ အရေးယူခံရမှာကို မသိတာလား၊ မကြောက်တာလား ဆိုတာလည်း စဉ်းစားစရာပါပဲ။ ဒါမှမဟုတ် လက်ရှိအစိုးရဟာ ငါတို့မဲနဲ့ တက်လာတဲ့အစိုးရပါ။ ကြောက်စရာ မလိုဘူးလို့ တလွဲတပင် တွေးနေကြတာလား။ အခုခေတ် လူမိုက်တွေက အစိုးရကို သိပ်ကြောက်ပုံ မပေါ်ဘူးဗျ။ ဒဂုံတောင်မှာဆွဲနေတဲ့ ဘီအမ်ဘတ်စ်ကားတွေဆိုရင် ဆိုးလွန်းလို့ လွှတ်တော်ထဲမှာတောင် အစီအစဉ်တစ်ခု အနေနဲ့ ဆွေးနွေးနေရတဲ့ ခြေနေရောက်နေပြီ။ မထသကလည်း အခု နောက်ဆုံး ပြစ်မှုကျူးလွန်သူတွေဟာ မထသအသင်းဝင် မဟုတ်လို့ သူတို့ အရေးယူလို့ မရပါဘူး။ လောလောဆယ်တော့ ရဲတပ်ဖွဲ့က ဘတ်စ်ကားတွေပေါ်မှာ အသွင်ယူပြီး သတင်းစုံစမ်းမယ်တဲ့။ ဘယ်နေ့မှာ အသွင်ယူစုံစမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်ကို စပယ်ယာက သံတုတ်နဲ့ ရိုက်တဲ့သတင်း ကြားရဦးမလဲ မသိဘူး။

ဒီတော့ ဒီလောက် သတိ္တရှိနေသူတွေကို ထောင်ချမယ့်အစား အလုပ်ဖြုတ်ပစ်မယ့်အစား သူတို့ စားဝတ်နေရေးလည်း မပျက်စီးရလေအောင်၊ တိုင်းပြည်အတွက်လည်း အကျိုးရှိလေအောင်လုပ်ဖို့ နည်းတွေးမိပါတယ်။ မာဂျေတို့က အကြံပေးတာပါ။ လုပ်ပိုင်ခွင့်ရှိသူတွေ စဉ်းစားနိုင်အောင်ပါ။ အဲဒီလို သံတုတ်ကိုင် ရမ်းကားသူတွေအတွက် သံတုတ်အာမီ ဆိုပြီး တပ်ရင်းတစ်ရင်းဖွဲ့ပေးလိုက်၊ ပြီးရင် မောင်တောဒေသမှာ ဖြစ်ဖြစ်၊ အခု တိုက်မယ်တကဲကဲ နှစ်ဖက် စစ်ပြင်နေတဲ့ အရှေ့မြောက်ဒေသက “၀” စစ်မျက်နှာကို ဖြစ်ဖြစ် ပို့ပေးစေချင်ပါတယ်။ လူဆိုတာ ကိုယ်စီ အရည်အချင်း ရှိကြတယ် မဟုတ်လား။ မိုက်ဂုဏ်ရှိတဲ့သူကို သူတို့လို မိုက်ဂုဏ်ကို အဓိကထား လုပ်ဆောင်ရမယ့်နေရာမှာ လူမှန် နေရာမှန် ချထားလိုက်ရင် တိုင်းပြည်ရန်ကို ကာကွယ်ပြီး ဖြစ်သလို သူတို့ မိုက်ဂုဏ်အတွက် ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရနိုင်တာပေါ့။ ဘောလုံးစကားနဲ့ ပြောရရင် တိုင်းပြည်အတွက် နှစ်ကျပ်ကွက် အမြတ်ထွက်မယ်လေ။
အဲဒီလိုပို့လိုက်မှ ကျွန်တော်တို့က လက်နက် ကိုင်ထားသူချင်းတော့ မတိုက်ရဲဘူး၊ ကြောက်တယ်။ အပြစ်မဲ့တဲ့ ကိုယ်လုပ်ချင်သလို လုပ်နိုင်တဲ့ခရီးသည်တွေ အပေါ်ပဲ အနိုင်ကျင့်ဆိုတာ ဆိုရင်ဖြင့် တစ်သက်လုံး ထောင်ထဲမှာ လျှော့ရက်မရှိသာ ထည့်ထားလိုက်ကြပါတော့ဗျာ။

မာဂျေ

Category: 

Share