ဒုဝန်ကြီးရာထူးမှ ထုတ်ပယ်ခံရသည့် ဒေါက်တာထွန်းဝင်းနှင့် အင်တာဗျူး

“ဦးဝင်းထိန်က ကျွန်တော့်ကို ခင်ဗျား မထွက်သေးဘူးလားမေးတယ်၊
ကျွန်တော်က ၀န်ကြီးနဲ့ ညှိနှိုင်းတာ ပြေလည်လို့ ဆက်လုပ်နေတာလို့ပြောတော့  သူက  ခင်ဗျား ထွက်ကိုထွက်ရမယ်လို့ ပြောတယ်”

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲလိုက်ကြောင်း နိုဝင်ဘာ ၁၈ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။ ယင်းသို့ တာဝန်မှ ရပ်ဆိုင်းခံရမှု၏ နောက်ကွယ်တွင် မည်သည့်အကြောင်းအရာများ ရှိနေသလဲဆိုသည်ကို သိရှိစေရန် တာဝန်မှရပ်စဲခံရသူ ဒေါက်တာထွန်းဝင်းအားယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။  ။  ဒုဝန်ကြီးအဖြစ်က ရပ်စဲခံရတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။
ဖြေ ။  ။ ကျွန်တော့်အတွက်ကတော့ ရှော့ဖြစ်တာပေါ့။  စိုက်ပျိုးရေးဝန်ကြီးဌာနမှာ လုပ်ခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်၊ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနမှာ လုပ်ခဲ့တာသုံးနှစ်၊ ပြီးတော့ ဒုဝန်ကြီး မဖြစ်ခင် စိုက်ပျိုးရေးကုမ္ပဏီမှာ လုပ်ခဲ့တာ နှစ်နှစ်ကျော်၊ စုစုပေါင်းလိုက်ရင် နှစ်ပေါင်းလေးဆယ် ကျော်အတွေ့အကြုံတွေက ကျွန် တော်တာဝန်ယူထားတဲ့ ၀န်ကြီးဌာန တိုးတက်အောင် ဘယ်လိုလုပ် မယ်ဆိုတဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေ ပျက်သွားသလိုပါပဲ။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က  လုပ်ခဲ့စဉ်ကလည်း ထူးခြားမှု မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်ချင်တာ လုပ်ခွင့် မရခဲ့တဲ့အတွက်ကြောင့်ပါ။ အခု အစိုးရလက်ထက်မှာ ကျွန်တော့်ကို ဒုဝန်ကြီးအဖြစ် တာဝန်ပေးလိုက်တော့ နှစ်သုံးဆယ်မှာ လုပ်ချင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီ ဆိုပြီး ၀မ်းသာနေခဲ့တာပါ။ အခုလည်း အရင်က မလုပ်နိုင်ခဲ့တဲ့ အလုပ်တွေကို လုပ်ဖို့ကြံစည်နေဆဲမှာ ကျွန်တော့်ကို တိုင်းပြည်အတွက် ပြောင်းလဲသင့်ပြောင်းလဲ ထိုက်တဲ့ အရေးကြီးအဆို သုံးရပ်တင်သွင်းတာကစပြီး အခုလို တာဝန်မှရပ်စဲခြင်းခံခဲ့ရတာပါ။

မေး ။ ။ တာဝန်ကနေ ရပ်စဲခံရတဲ့အထိ ဖြစ်ခဲ့တယ်ဆိုတဲ့ ပြောင်းလဲသင့် ပြောင်းလဲထိုက်တဲ့ အရေး ကြီးအဆိုသုံးရပ်က  ဘာတွေလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။  ။ ကျွန်တော် တင်သွင်းတဲ့ အဆိုသုံးရပ်က သာမန် အဆိုတွေ မဟုတ်ပါဘူး။ နိုင်ငံအတွက် တကယ်ကို ပြုပြင်ပြောင်းလဲမှုကြီးဖြစ်အောင် လုပ်တဲ့ အဆိုသုံးရပ်ပါ။ အဲဒါတွေကတော့ မဆလလက်ထက်မှာ တည်ဆောက် ခဲ့တဲ့ ဆည်ငါးရာကျော်ရှိပါတယ်။  အဲဒီဆည်ရေကို နွေစပါးစိုက်ဖို့ဆိုပြီး အသုံးပြုတယ်။ ဆိုလိုချင်တာက မိုးစပါးက ၁၇ သန်းစိုက်တယ်၊ နွေစပါးက ၃ သန်းစိုက်တယ်ဆိုတော့ ဘယ်သူ့ကို ဦးစားပေးစိုက်သင့်သလဲ။ နွေစပါးသုံးသန်းအတွက် တိုင်းပြည်ရဲ့ဘတ်ဂျက်ကို ယူပြီးတော့ သုံးထားတဲ့ ဆည်ရေကို အသုံးပြုပြီး စိုက်မယ်ဆိုရင် သဘာဝမကျဘူး။ မိုးစပါး ၁၇ သန်းအတွက် ဘာကြောင့် ဦးစားမပေးတာလဲ။ မိုးစပါးဆိုပေမယ့် မိုးက တောက်လျှောက်ရွာနေတာ မဟုတ်ဘူး။  မိုးပြတ်တဲ့ကာလမှာ ရေငတ်တဲ့ လယ်တွေ ရှိပါတယ်။  အဲဒီလယ်တွေအတွက် ဆည်ရေကို သုံးမယ်ဆိုရင် ပိုပြီး အထွက်နှုန်းလည်း ကောင်းလာမှာပါ။ ဒါကြောင့် သည်အဆိုကို တင်သွင်းခဲ့ပါတယ်။ နောက်တစ်ခုက ဆည်တွေထဲမှာ ငါးမွေးဖို့ ကျွန်တော် အဆိုတင်သွင်းခဲ့တယ်။ ဒီအဆိုကို တင်သွင်းရတဲ့ အကြောင်းရင်းကလည်း ဆည်တွေမှာ သမ၀ါယမ စနစ်နဲ့ စုပေါင်းငါးမွေးခွင့်ပြုမယ်ဆိုရင် ဆည်တွေကို မထိခိုက်အောင် အကာအရံတွေ ပြုလုပ်ပြီး နိုင်ငံအတွင်း သားငါးပုစွန် ပေါများသွားမယ်။ ပြီးတော့ စီးပွားရေးဝင်ငွေတွေလည်း တိုးလာမယ်။ ပြည်သူတွေ ရွှေ့ပြောင်းသွားလာ ရှာဖွေ စားသောက်မှုဘ၀ကလည်း လွတ်မယ်။ ဒါကိုရည်ရွယ်ပြီး အဆိုပြုတာကို ဆည်နဲ့ပတ်သက်တဲ့ အကြီးအကဲက ပယ်ချတယ်။ သူပယ်တော့ ၀န်ကြီးကလည်း ပယ်တယ်။ တတိယအချက်ကတော့  မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်း စပါးစိုက်ချိန်၊ စပါးရိတ်ချိန်တွေမှာ ရာသီဥတုရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့် ဧရာဝတီမြစ်ကို အသုံးပြုပြီး ရေသွယ်စိုက်ဖို့တင်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မိုးစပါးစိုက်ပြီးရင် လယ်ကွင်းတွေ ဒီအတိုင်း ကျန်ခဲ့တယ်။ ဒါကို နွေအခါမှာ   ဧရာဝတီမြစ်ရေတင်ပြီး စိုက်ပျိုးဖို့ အကြံပြုတဲ့အခါမှာ ဆည်မြောင်း အရာရှိတွေက ပယ်ပါတယ်။ ဒါ ဟာ မဖြစ်နိုင်ဘူး။ ရေရှည်မှာ မြောင်းတွေ၊ ချောင်းတွေ ကောသွားနိုင်တယ်ဆိုတဲ့အတွက် ၀န်ကြီးကလည်း ပယ်ချခဲ့ပါတယ်။  အဲဒီ အဆိုသုံးရပ်ကို တင်သွင်းခဲ့တာပါ။

မေး ။  ။ တာဝန်ကရပ်စဲခြင်း မခံရခင်  NLD က ဗဟိုကော်မတီဝင် ဦးဝင်းထိန်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ သတိပေးခံရတာလား သိချင်ပါတယ်။
ဖြေ ။  ။ ကျွန်တော့်ကို တာဝန်က မရပ်စဲခင် ဦးဝင်းထိန်နဲ့ ကျွန်တော် မကြာခဏ တွေ့ခဲ့ပါတယ်။ စတွေ့ချိန်တုန်းက အဆိုတင်သွင်းပြီးနောက်ပိုင်းမှာ ဦးဝင်းထိန်နဲ့ သူ့တပည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနဲ့ ကျွန်တော့်အိမ်ကို ရောက်လာပါတယ်။ အဲဒီမှာ ဟဲဟိုး ခြံကိစ္စ မေးပါတယ်။ ကျွန်တော်က တော်တော်တုံးတယ်လို့ ပြောရမလားမသိဘူး။ သူတို့တွေကို ကျွန်တော်လိုပဲ နိုင်ငံတော်ဘက် ရပ်တည်မယ်လို့ ထင်ပြီး  ဟဲဟိုးခြံကိစ္စကို နိုင်ငံတော်အတွက် ကာကွယ်လိုက်ပြီပြောတော့ ဦးဝင်းထိန်က ခင်ဗျားက ဒီလိုလားဆိုပြီး စိတ်ဆိုးသွားလို့ သူ့ကို လိုက်ချော့ရပါသေးတယ်။ ဒီလိုနဲ့ တစ်ပတ်ကြာပြီး ဦးဝင်းထိန်က စည်ပင်က သူ့အခန်းကို လာဖို့ခေါ်ပါတယ်။ ကျွန်တော် သွားတော့ ခင်ဗျားအတွက် တိုင်စာတွေ ရှိနေတယ်။ ဒီတော့ သည်က ပြန်ရင် တစ်ခါတည်း နုတ်ထွက်စာ သမ္မတဆီတင်၊ တင်ပြီးရင် ဒေါက် တာမျိုးအောင်နဲ့ တွေ့ပြီး နေပြည်တော်ကောင်စီမှာ အတူတူတာဝန် ထမ်းဆောင်ဖို့ ပြောတယ်။ ကျွန် တော်က နေရာအတွက်လာတာ မဟုတ်ဘူးဆိုပြီး ငြင်းခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နေပြည်တော်ကောင်စီမှာ ပြောင်းလုပ်ဖို့လည်း ဆန္ဒမရှိပါဘူး။ သိက္ခာနဲ့ အမှန်တရား ရပ်တည်မှုအတွက် မလုပ်နိုင်ပါဘူးလို့ ငြင်းခဲ့တယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော် နယ်တွေဆင်းပြီး သမ၀ါယမ ဖွဲ့ စည်းရေး၊ သမ၀ါယမလယ်ယာ ဖွဲ့စည်းရေးတွေအတွက် ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ အဲဒီမှာ ဦးဝင်းထိန်က ကျွန်တော့်ကို ပြန်ခေါ်ပါတယ်။ ကျွန်တော်ရောက်တော့ ခင်ဗျားမထွက်သေးဘူးလား မေးတယ်။ နယ်တွေမှာလည်း  ရုတ်ရုတ်နဲ့ ဘာတွေလုပ်နေတာလဲ မေးတယ်။  ခင်ဗျား ထွက်သွားပြီ ထင်တာ။ အဲဒီမှာ ကျွန်တော်က ၀န်ကြီးနဲ့ညှိနှိုင်းတာ ပြေလည်လို့ ဆက်လုပ်နေတာလို့ ပြောတော့  သူက ခင်ဗျား ထွက်ကိုထွက်ရမယ် လို့ပြောတယ်။ အဲဒီမှာ ကျွန်တော်က ထွက်ခိုင်းရတဲ့အကြောင်းကို  သိရင် ထွက်ပါမယ်။ ဒါမှမဟုတ်ရင် ခင်ဗျားတို့ဘက်က တာဝန်မှ ရပ်စဲချင် ရပ်စဲပေါ့လို့ပြောပြီး ပြန်ခဲ့တယ်။ နိုဝင်ဘာလ ၁၇ ရက်မှာ နိုင်ငံတော်သမ္မတရုံးက စာဝင်လာတယ်။ ဒုဝန်ကြီးသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေတဲ့အတွက် ထွက်စာ တင်မလား၊ သူတို့ရဲ့ ဥပဒေအရ ထုတ်ပစ်ရမလားဆိုတဲ့ စာနှစ်စောင် ပေးတယ်။ ထွက်စာတင်ရင် ရသင့် ရထိုက်တာတွေ ရပါမယ်။ ကျွန်တော်က ဒါတွေကိုမမက်ဘူး။ ဆုံးဖြတ်ချက်ကို လက်ခံမယ်၊ အပြစ်မရှိတာကို အပြစ်ရှိသယောင် ထွက်စာတင်ပြီး ကျွန်တော့်သမိုင်း မညစ်စေချင်ပါဘူး။ ကျွန်တော် အမှားမလုပ်ခဲ့တဲ့အပြင် အကျင့်ပျက် ခြစားမှုလည်း မရှိခဲ့ပါဘူး။ သမ္မတရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်လို့ ရေးလိုက်ပါတယ်။ ဒါနဲ့ နောက်နေ့မနက် သတင်းစာထဲမှာ အံ့သြဖွယ်ကောင်းလောက်အောင် ဒီသတင်းကို တွေ့လိုက်ရပါတယ်။

မေး ။  ။ နောက်ဆုံးမေးခွန်းအနေနဲ့ တာဝန်မှရပ်စဲခြင်းခံရတဲ့အပေါ် အန်ကယ့်အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ ။    ။ ပြောရရင်တော့   အကြောက်တရားခေတ်ကို ပြန်ရောက်သွားတယ်လို့ ယူဆပါတယ်။ အမှန်ပြောသူတွေ လမ်းဘေးရောက်သွားနိုင်ပါတယ်။  အမှန်တရားကို မကြိုက်သူတွေ ကျန်နေပါတယ်။ အုပ်ချုပ်ရေးအပိုင်းမှာ အမြင့်ဆုံး ယူထားတဲ့သူ အရင်အစိုးရလူတွေပေါ့။ လူကြီးနားနေပြီး လူကြီးအကြိုက် လိုက်လုပ်နေသူတွေပေါ့ဗျာ။ မလုပ်ရင်လည်း အပြောမလွတ်ပါဘူး။ လုပ်တဲ့သူ ကျတော့လည်း လုပ်ရင်းနဲ့  အခု လို တာဝန်မှရပ်စဲခြင်းခံရတာပဲလို့  ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ
ထွန်း(နေပြည်တော်)၊ ပိုင်လေး

 

Category: 

Share