ဆေးကျောင်းသား မောင်ကောင်းပြည့်၏ ကျောင်းစရိတ်ကို ကျောင်းပြီးသည်အထိ တာဝန်ယူမည့် ဆုပန်ထွာ

ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သော်လည်း မိသားစုအခက်အခဲကြောင့် ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသည့် ဆေးကျောင်းသား မောင်ကောင်းပြည့်ကို သရုပ်ဆောင် ဆုပန်ထွာမိသားစုက ဆေးကျောင်း ပြီးသည်အထိ ကျောင်းစရိတ်အားလုံးကို တာဝန်ယူသွားမည်ဖြစ်ကြောင်း သရုပ်ဆောင် ဆုပန်ထွာက ပြောသည်။

အောင်စာရင်း ထွက်သည့်နေ့ကတည်းက မောင်ကောင်းပြည့် တက်ရောက်လိုသည့် မည်သည့် တက္ကသိုလ် မဆို ထားပေးမည်ဟု ဆုပန်ထွာက ပြောကြားထားပြီး ယခုအခါ မောင်ကောင်းပြည့်သည် ဆေးမှတ်မီသောကြောင့် ဆေးတက္ကသိုလ် တက်ရောက်မည်ဟု ဆိုသည်။

“သူ တကယ် တက်ချင်နေတဲ့ ဆေးကျောင်းကိုလည်း တက်ခွင့်ရသွားတဲ့အတွက် ကူညီရကျိုးလည်း နပ်ပါတယ်။ မပန်က ကလေးရဲ့ ကျောင်းစရိတ် အပြည့်အ၀ကို ကျောင်းပြီးတဲ့အထိ တာဝန်ယူပေးသွားမှာပါ” ဟု ဆုပန်ထွာက ပြောသည်။

ပညာရေး အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံသာမက စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျော်ဇေယျာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ဘုရားကလည်း လစဉ်ငွေ သုံးသောင်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီးတွင် နေထိုင်သည့် မောင်ကောင်းပြည့်သည် ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ရာ မိသားစု မွေးချင်း ၇ ယောက်တွင် ပဉ္စမ မြောက်သား ဖြစ်ကြောင်း သိရပြီး တက္ကသိုလ်ဝင်ခွင့် ရမှတ်ပေါင်း ၄၉၇ မှတ်ဖြင့် ဆေးတက္ကသိုလ် ပထမဦးစားပေး လျှောက်ထားခဲ့ရာ ၀င်ခွင့်အမှတ် အနိမ့်ဆုံး ၄၈၈ ဖြင့် သတ်မှတ်ခဲ့သောကြောင့် ဆေးတက္ကသိုလ်သို့ တက်ခွင့်ရခဲ့ကြောင်း သိရသည်။

           
ဇင်မင်း

ပုံစာ - အောင်စာရင်းထွက်ပြီးသည့်နောက် မောင်းကောင့်ပြည့်အိမ်သို့သွားခဲ့သည့် ဆုပန်ထွာ

Category: 

Share