အမေ “ဟီ”အစ၊ ဘင်္ဂါလီ အလယ်၊ ၆၆ အဆုံး - မာဂျေ

ဒီတစ်လော လူတွေစိတ်ဝင်စားတဲ့ သတင်းတွေက ပေါများလွန်းတယ်။ ပထမဆုံးကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲပေါ့။ မြန်မာတွေ အမေဟီလို့ခေါ်တဲ့ ဟီလာရီကလင်တန် ရှုံးတော့ အိပ်မပျော် စားမ၀င်တဲ့ မြန်မာတွေနဲ့၊ အမေရိကန်ပြည်သူတွေက ဘယ်သို့ဘယ်ညာဆိုပြီး ဝေဖန်ထောက်ပြတဲ့ မြန်မာပညာကျော်တွေရဲ့ စာတွေကို ဖတ်လိုက်ရပါ့ဗျာ။ တကယ်တော့ အမေရိကန် မဘသ ဒေါ်နယ်ထရမ့်ကြီးက လူပါးကြီးဗျ။ ဘယ်ပါတီကိုမှ စိတ်မ၀င်စားဘဲ သူ့ဟာသူ ပေးချင်တဲ့သူကို ပေးမယ်ဆိုတဲ့ နှုတ်ဆိတ်နေတဲ့ တတိယအုပ်စုကို အမေရိကန်တွေ ဆင်းရဲနေပြီဆိုတဲ့ အမျိုးသားရေးနဲ့ လှည့်တိုက်ပြီး စည်းရုံးလိုက်တာပဲ။ ရွေးကောက်ပွဲပြီးတော့ တစ်ဖက်နဲ့တစ်ဖက် အပုပ်တွေ ချကြပေါ့။ နောက်ဆုံးမတော့ ဆိုရှယ်မီဒီယာကြီးမှာ ထရမ့်ကြီးဘက်က သတင်းအမှားတွေတင်လို့ နိုင်တာဆိုပြီး ဖွဘုတ်ပိုင်ရှင် မာခ့်ဇူကာဘတ်ကို ၀ိုင်းအပြစ်တင်ကြပြန်ရော၊ ဇူကာဘတ်ကြီးကတော့ ဖွဘုတ်မှာ သတင်းတွေရဲ့ ၁၀ ရာခိုင်နှုန်းသာ မှားတာပါတဲ့။ ဟင်းဟင်း အဲဒီဇူကာဘတ်ကြီးကို မြန်မာတွေသုံးနေတဲ့ ဖွဘုတ်မှာ ပို့စ်တွေပြချင်စမ်းပါဘိတယ်။ အမေဟီကလည်း မဲဆွယ်ကာလမှာ တရယ်တည်းရယ်နေလို့ သူ့ မဲဆွယ်အဖွဲ့ဝင်တွေက ရယ်တာ နည်းနည်းလျှော့ဖို့တောင် သတိပေးရတယ်ဆိုပဲ။ အမေဟီသာ သမ္မတဖြစ်ရင် မြန်မာနိုင်ငံမှာ မြန်မာတွေက အောင်ပွဲခံပွဲတွေ ကျင်းပမယ့်ပုံတောင်ရှိတယ်။ တစ်ဖက်မှာလည်း မျိုးချစ်တွေက အမျိုးသားရေးဝါဒီ ဒေါ်နယ်ထရမ့်ကြီးနိုင်လို့ ၀မ်းတွေသာကြ၊ ရေးကြသားကြနဲ့။ စပါးဈေးတွေကျပြီး တစ်နိုင်ငံလုံး ငတ်တော့မယ့်အရေးတော့ မမြင်ကြပေဘူးဗျ။

အနောက်ဘက် တံခါးဝမှာတော့ ခိုးဝင်ဘင်္ဂါလီတွေက တစ်ဆင့်ကဲပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာတယ်။ တိုင်းပြည်အတွက် ကောင်းတဲ့အကွက်ကတော့ ပြည်သူ့အစိုးရလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ဒီပြဿနာဖြစ်တော့ ပြည်ပနိုင်ငံတွေက သိပ်မအော်ပေးကြဘူး။ အရင်အစိုးရတွေ လက်ထက်ကသာ ဒီလိုဖြစ်လို့ကတော့ အစိုးရ ဘယ်လိုရှင်းရမှန်းတောင် သိမှာမဟုတ်ဘူး။ ဒီကြားထဲ ဘင်္ဂါမတွေကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ပါတယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ ရှေးခေတ် ဓာတ်ပြားဟောင်းကြီးတွေကို ဖွင့်ပြသူက ဖွင့်ပြ၊ ရေးတဲ့သူကရေးနဲ့ နောက်ဆုံး ဖမ်းဆီးရမိသူတွေက သူတို့ကိုအကြမ်းဖက် သင်တန်းမတက်ရင် လည်လှီးသတ်မယ်၊ ရွာကိုလည်း မီးရှို့တာ သူတို့အကြမ်းဖက်တွေပါ ပြောမှ အဖြေမှန်ပေါ်ပေတော့တယ်။ ဒီတော့ ဘယ်သူမှ ကိုယ့်အိမ်ကို မီးမရှို့ဘူး။ စစ်တပ် မီးရှို့တာပါ လို့ပြောတဲ့ ပြည်ပြေး ကြံ့ခိုင်ရေး အမတ်ဟောင်း ရွှေမောင် ဘာဆက်ပြောရမှန်း သိတော့မှာ မဟုတ်ဘူး။ ဒီပြဿနာကလည်း တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ ကောင်းလို့သာ ကိုယ့်ဘက်က အမှန်တရားကို ဖော်ထုတ်လို့ရသွားတာ။ နို့မို့ဆိုရင်တော့ ဒုတိယ ကိုဆိုဗိုပါပဲဗျာ။ ဒီပြဿနာကိုကြည့်ရင် အေးချမ်းစွာနေလိုတဲ့ ဘင်္ဂါလီတွေကို ဘင်္ဂါလီဆိုးတွေက အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး အကြမ်းဖက်တယ်ဆိုတာ ပေါ်လွင်သွားတာကလည်း တိုင်းပြည်ရဲ့ ကံကြမ္မာအလှည့်အပြောင်း တစ်ခုပါပဲ။ အနောက်ဘက်မှာ စစ်မီးမငြိမ်းသေးဘူး။ ရှမ်းမြောက်မှာ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့လေးဖွဲ့က ပြည်သူတွေကို ပစ်ခတ်ပြီး တဟီးဟီး တဟားဟား သဘောတွေ့နေတဲ့ ဗီဒီယိုတွေ တက်လာတယ်။ အရင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တဲ့။ အခုပြည်သူတွေကိုသတ်တော့ အကြမ်းဖက် သောင်းကျန်းသူတွေလို့ပဲ ခေါ်တော့မယ်။ နိုင်ငံတော်အတွက် မြွေပူရာကင်းမှောင့် ဆိုသလိုပါပဲ။ ကြားထဲက ခံရသူတွေကတော့ အပြစ်မဲ့ ပြည်သူတွေပေါ့ဗျာ။

ဒါနဲ့ ပြီးသလားဆိုတော့ မပြီးသေးပါဘူး။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ အရမ်းဖြစ်ပွားနေတာ ကြားရတယ်။ တရားခံကတော့ လက်ကိုင်တယ်လီဖုန်းတွေ ပေါများလာတာရယ်၊ အင်တာနက် ၀က်ဘ်ဆိုက်တွေကို အမျိုးအစားခွဲပြီး အစိုးရက မပိတ်ပင်တာရယ်၊ ဖွဘုတ်ပေါ်မှာ မိသားစု အရင်းကြီးတွေ အဖေနဲ့သမီး အမေနဲ့သား လိင်ဆက်ဆံမှုပြုတဲ့ လိင်ဇာတ်လမ်းတွေ တင်လာတာရယ်ကြောင့်လို့ ထင်ပါတယ်။ ဘာလို့ ထင်တယ်ပဲ ပြောရသလဲဆိုရင် ကိုယ်က ဘာပညာရှင်မှ မဟုတ်တာ။ ဒီတော့ ထင်တာပဲ ပြောရတော့တာပေါ့။ ကလေးတွေကိုင်တဲ့ တယ်လီဖုန်းတွေထဲမှာကအစ လိင်အပြာကားတွေ ရောက်နေတယ်။ ဒါကြောင့် ကလေးချင်း သက်ငယ် မုဒိမ်းမှုတွေဖြစ်လာသလို အရွယ်ရောက်သူတွေကလည်း အဲဒီ အပြာကားတွေ၊ အပြာစာတွေ ဖတ်ပြီး အကုန်သရမ်းကြလို့ ဒီအမှုတွေ တိုးပွားလာတယ်လို့ ထင်ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်စီရင်ဖို့ အရင်လွှတ်တော်မှာ အမတ်ဦးသိန်းညွန့် အဆိုတင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုလည်းသေဒဏ်ကို ၀ိုင်းတောင်းဆိုနေကြပြန်ပါပြီ၊ မာဂျေကတော့ ဖြစ်ပြီးမှ သေဒဏ်ပေးမယ့်အစား အစိုးရအနေနဲ့ အင်တာနက်ပေါ်က အပြာဝက်ဘ်ဆိုက်တွေကို ပိတ်ပင်တာက ပိုထိရောက်မယ်လို့ ထင်မိပါတယ်။ အလားတူပါပဲ ဖွဘုတ်မှာ လူတစ်ယောက် အကောင့်တစ်ခုမူကို အကောင်အထည်ဖော် နိုင်ခဲ့ရင် အလကားအားလို့ ထင်ရာလျှောက်ရေးနေတဲ့ မတော်မတည့် လိင်ဇာတ်လမ်းတွေလည်း ပျောက်ကွယ်သွားမယ် ထင်ပါတယ်။ ဒီကြားထဲက ဆက်ရေးနေရင်ဖြင့် ပုဒ်မ ၆၆ ရှိတာပဲဗျာ။

ပုဒ်မ ၆၆ဆိုလို့ အခုမီဒီယာ တစ်ခုရဲ့တာဝန်ရှိသူနှစ်ဦးကို ပုဒ်မ ၆၆ နဲ့ ဖမ်းထားတဲ့ သတင်းကလည်း တိုင်းကျော် ပြည်ကျော်ပါပဲ။ ဒီကိစ္စမှာလည်း အစိုးရမှားတယ်၊ မီဒီယာမှားတယ်နဲ့ ဒီမိုကရေစီ ထုံးစံအတိုင်း ပညာကျော်တွေက ၀င်သုံးသပ်ကြ၊ နှစ်ဖက်ဂိုဏ်းသားတွေက တစ်ဖက်နဲ့တစ်ဖက် ဆော်ကြ နှက်ကြနဲ့၊ အင်တာနက် စစ်တလင်းမှာ စစ်ခင်းနေကြလေရဲ့။ မာဂျေတို့ကတော့ ဖွဘုတ်မှာ လက်ဝှေ့သတင်းကလွဲရင် ဘာမှရေးတဲ့သူမဟုတ်လေတော့ ပုဒ်မ ၆၆နဲ့က အကင်းကြီးမို့ ဒီဥပဒေကို ဆက်ပဲထားထား ဖျက်ပဲဖျက်ဖျက် ကိုယ့်အတွက်ကတော့ ဘာမှ ထူးခြားမလာပါဘူးဗျာ။

ဒီတော့ ငွေရှာရခက်တဲ့ ဒီခေတ်ကြီးမှာ မာဂျေကတော့  ဘာလုပ်လုပ် ဘာစီမံစီမံ နှစ်ဖက်ဂိုဏ်းကွဲတဲ့ မြန်မာ့ဓလေ့ကို အသုံးချပြီး စီးပွားရှာချင်မိတော့တယ်။ လက်တွေ့အသုံးချ ကိုယ်ခံပညာပြိုင်ပွဲ ဆိုပြီး ဖွဘုတ်ပေါ်က ဘာအကြောင်းရာတင်တင် ဆန့်ကျင်ဖက် နှစ်ဖက်ဂိုဏ်းသားတွေကို စာချုပ်ချုပ် ပွဲသွင်းရမလားလို့။ ဘာစည်းကမ်းချက်မှ မရှိဘူး။ ကြိုးဝိုင်းအစား သူများထက်ထူးအောင် ပေနှစ်ဆယ်ပတ်လည် မြေတွင်းကြီးတူးမယ်။ အဲဒီအထဲမှာ ချကြ၊ မျက်လုံးကိုနှိုက်နှိုက်၊ ပေါင်ကြားကန်ကန်၊ နားရွက်ကိုကိုက်ကိုက်၊ လက်သည်းနဲ့ ဆွဲကုတ်ကုတ်၊ ဗိုက်ပေါ်ကို ဖနောင့်နဲ့ တက်ပေါက်ပေါက်၊ နောက်ဆုံးမှာ တွင်းပေါ်တက်လာနိုင်သူကို အနိုင်ဆိုပြီး ရွှေခါးပတ်ပွဲသွင်းရရင် ကောင်းမလားလို့။ ပရိသတ်ကလည်း အထူးကြော်ငြာစရာ မလိုဘူး။ နှစ်ဖက်ဂိုဏ်းဝင်တွေက လာကြည့်ကြမှာလေ။ စီးပွားဖြစ် ပူးပေါင်းချင်သူတွေ လာရောက် ပူးပေါင်းလို့ရပေမယ့် မာဂျေကတော့ ခေါင်းဆောင်နေရာက တစ်ပြားမှ မပေးနိုင်ဘူးနော်၊

ဟာဟာဟ။

မာဂျေ

 

Category: 

Share