SNLD ပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းနှင့် အင်တာဗျူး

“မူဆယ်နဲ့ ကွတ်ခိုင်ကြားထဲမှာ ပစ်ခတ်မှုတွေ ရှိနေသေးတော့ လက်ရှိ အချိန်မှာ သွားလာမှုလည်း မရှိ သလောက် နည်းပါးနေပါတယ်”

ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်း ဒေသ အတွင်းရှိ ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း အနီးတွင် တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ နိုဝင်ဘာ ၂၀ ရက်မှ စပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်ခဲ့ရသည့်အပြင် ကုန်သွယ်မှုအပေါ် မည်သို့ သက်ရောက်စေသလဲ ဆိုသည်ကို သိရှိစေရန် မူဆယ်မြိုရှိ SNLD ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းအား ယခုလို ဆက်သွယ် မေးမြန်းခဲ့ သည်။

Tomorrow ။ ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက မြို့ထဲထိ လာရောက် ပစ်ခတ်တဲ့ အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ၁၀၅ မိုင်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေ လာရောက် ပစ်ခတ်သွားတာနဲ့ ပတ်သက်ပြီး ပြောရရင် သူတို့အနေနဲ့ မလုပ်သင့်ဘူး။ သင့်လည်း မသင့်တော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်း ရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက အခုလို ပစ်ခတ်နေတာကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးတာ တွေက ပြည်သူတွေ အများဆုံး ဖြစ်နေတယ်။ ဒါကြောင့် သူတို့အနေနဲ့ မလုပ်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

Tomorrow  ။လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ ပစ်ခတ်မှုတွေက တစ်ပတ်ကျော်ကြာ သွားပြီဖြစ်ပါတယ်။ အခု အခြေအနေက အပစ်အခတ် ရှိနေသေးလား။
ဖြေ။ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ ပစ်ခတ်မှုတွေက တစ်ပတ် ကျော်ကြာ သွားပေမယ့် ပစ်ခတ်နေတုန်းပါပဲ။ မူဆယ်ဘက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပစ်ခတ်နေတဲ့ အတွက် မူဆယ်နဲ့ ကွတ်ခိုင်ကြားထဲမှာလည်း ပစ်ခတ်နေပါတယ်။ ဒါကြောင့် လုံးဝ ငြိမ်သက်ခြင်း မရှိသေးပါဘူး။

Tomorrow ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အရှေ့ တံခါးနဲ့ အနောက်တံခါးက လုံခြုံမှုမရှိဘူး ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဘယ်လို လုပ်ကိုင် ဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အရှေ့တံခါးနဲ့ အနောက်တံခါး မလုံခြုံမှုတွေကိုတော့ အစိုးရအနေနဲ့ မြန်မာ့ တပ်မတော်ကိုရော ဒီဘက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်စေ ချင်ပါတယ်။ အဲဒီလို ဆွေးနွေး ညှိနှိုင်းမှုတွေလုပ်လို့ အကုန်လုံး သဘောတူညီချက်တွေ ရသွားပြီဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပစ်ခတ်မှုတွေ မရှိတော့ဘဲ ပူးပေါင်းသွားပြီ ဆိုရင် တပ်မတော် အနေနဲ့ အင်အားကြီး အဖွဲ့တစ်ဖွဲ့ ဖြစ်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ကလည်း ဆွေးနွေးမှုတိုင်းကို အဆင်ပြေ စေချင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေကိုရော မြန်မာ့ တပ်မတော်ကိုရော အစိုးရရော ပူးပေါင်းပြီး ဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါတယ်လို့ ပြောချင်ပါတယ်။

Tomorrow ။ ရှမ်းပြည်နယ်ဘက်မှာ အခုလို တိုက်ပွဲဖြစ်တာကြောင့် နယ်စပ် ကုန်သွယ်မှုတွေ ဘယ်လောက် အထိ ထိခိုက်သွားပြီလဲ။ ကုန်သည်တွေရဲ့ လက်ရှိ အခြေအနေလေးလည်း သိပါရစေ။
ဖြေ။ လက်ရှိ ၁၀၅ မိုင်ဘက်မှာ ကုန်သွယ်မှု တော်တော်များများ ရပ်ဆိုင်းသွားပါပြီ။ အခုလို ရပ်ဆိုင်းသွားတဲ့ အတွက် နိုင်ငံတော်က ရမယ့် အခွန်အခတွေရော၊ ပြည်သူပြည်သားတွေရော၊ လုပ်ငန်းရှင်တွေရော အားလုံး နစ် နာမှုတွေ ဖြစ်သွားပါတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတော်မှာလည်း အခွန်အခ နစ်နာသလို လက်ရှိ ပြည်သူ ပြည်သားတွေလည်း စားဝတ်နေရေးအတွက် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုန်သည်တွေကတော့ မူဆယ်မြို့ပေါ်မှာ အေးချမ်းမှုရှိပေမယ့် မူဆယ်နဲ့ ကွတ်ခိုင်ကြားထဲမှာ ပစ်ခတ်မှုတွေ ရှိနေသေးတော့ သွား လာရတာ အဆင်မပြေတော့ဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ သွားလာမှုလည်း မရှိသလောက် နည်းပါး နေပါတယ်။

Tomorrow ။ ရှမ်းပြည်နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခု ရှမ်းပြည်နယ်မှာ ဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ပြည်နယ် လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။
ဖြေ။ အခု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပြည်နယ်လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့တော့ အစီအစဉ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ရှမ်းပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး သိနေတဲ့ကိစ္စပါ။ ဒါကို ကျွန်တော်က လွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးပြီး ပြောမှ လုပ်ရမယ့် အနေအထားလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံက အစိုးရအဖွဲ့ ခေါင်းဆောင်တွေ အကုန်လုံး၊ တာဝန်ရှိတဲ့ သူတွေ အကုန်လုံးကလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အားလုံးသိနေကြပါပြီ။ သူတို့ ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်သွားမှာပါ။

Tomorrow ။ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့က တံတား မိုင်းခွဲတဲ့အတွက် ဘယ်သူတွေကို အခက်အခဲ ဖြစ်စေလဲ။
ဖြေ။ တကယ်တန်း ပြောရရင် ဒီတံတားတွေကို ဖြတ်သန်း သွားလာနေရတာ အများဆုံးက ကျွန်တော်တို့ ပြည်သူတွေပါ။ ပြောရမယ်ဆိုရင် ပြည်သူတွေကလည်း အခုအချိန်မှာ အစိုးရပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပြည်သူ တွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပြောရင် အစိုးရက ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း စေချင်ပါတယ်။ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေ အနေနဲ့ ပြည်သူတွေ သွားလာနေတဲ့ တံတားတွေကို မိုင်းခွဲ ဖျက်ဆီး နေတာတွေဟာ ပြည်သူတွေအတွက် အသွားအလာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့လည်း မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။

Tomorrow ။ နောက်ဆုံး မေးခွန်း အနေနဲ့ လက်ရှိ တိုက်ပွဲကြောင့် စစ်ဘေး ရှောင်လာတဲ့ ပြည်သူတွေကို ဒေသ အစိုးရအနေနဲ့ ဘယ်လို စောင့်ရှောက်မှုတွေ လုပ်ပေးထားလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲစဖြစ်တုန်းက မူဆယ် မြို့ပေါ်ကို စစ်ဘေး ရှောင်လာတဲ့ ပြည်သူ ၃၀၀၀ ကျော် ရှိခဲ့ပါတယ်။ သူတို့ရဲ့ နေ့စဉ် စားဝတ်နေရေးကိုလည်း မြို့ပေါ် ဒေသခံတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေရော၊ လူမှုအသင်း အဖွဲ့တွေ အားလုံးက ပံ့ပိုးကြပါတယ်။ အတတ်နိုင်ဆုံးတော့ ပြည့်စုံအောင် လုပ်ပေးပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေ ကိုလည်း လုပ်ပေးပါတယ်။ ဒီအတွက် ရှမ်းပြည်နယ် အစိုးရကလည်း ကူညီမှုတွေ အများကြီး ပေးခဲ့ပါတယ်။ အခု လက်ရှိ အချိန်မှာတော့ စစ်ဘေးရှောင် ဒေသခံပြည်သူတွေ တချို့ ပြန်သွားကြပြီ ဖြစ်တဲ့ အတွက် လက်ရှိ အချိန်မှာတော့ စစ်ဘေးရှောင်ဦးရေ တစ်ထောင်လောက် မူဆယ်မြို့ပေါ်မှာ ကျန်နေ ပါသေးတယ်။ သူတို့ကိုလည်း စားဝတ်နေရေး အဆင်ပြေအောင် အကောင်းဆုံး စီစဉ်ပေးထားပါတယ်။
ဆက်သွယ်မေးမြန်းသူ - ပိုင်လေး

Category: 

Share