သရုပ်ဆောင်ရဲတိုက် ထောင်ကလွတ်မြောက်လာပါက သီးသန့်ချန်ရစ်ထားသည့် ဗီဒီယိုဇာတ်ကားအား အထိမ်းအမှတ်အနေဖြင့် ဖြန့်ချိသွားမည်

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သာသနာညှိုးနွမ်းစေမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက်ထောင်မှ လွတ်မြောက်လျှင် အထိမ်းအမှတ်အဖြစ် ကျန်ရှိနေသေးသည့် ဗီဒီယိုဇာတ်ကားတစ်ကားကို ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ပြောသည်။

“လက်ရှိတော့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ သူလွတ်ဖို့ကတော့ ကျတဲ့နှစ်နဲ့ သူရမယ့် လျှော့ရက်တွေကို တွက်ကြည့်တာတော့ သိပ်မကျန်တော့ပါဘူး။ သူထောင်က လွတ်လာရင် ထွက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ တမင်ချန်ထားတဲ့ ဇာတ်ကားတစ်ကားထုတ်ဖို့ စီစဉ်ထားတယ်။ နောက်ပိုင်းတွေမှာလည်း ဆက်ပြီးရိုက်ဖို့ စီစဉ်ထားတဲ့ဇာတ်ကားတွေ ရှိပါတယ်”ဟု ၄င်းက ပြောသည်။
ထောင်မှ လွတ်မြောက်လာပါက ယင်းသို့ လွတ်မြောက်လာသည့် အထိမ်းအမှတ်နေဖြင့် ပြသမည့် ဇာတ်ကားသည် “နတ္ထိဟင်းလင်းပြင်” ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာရဲမြင့်သူက စီစဉ်ရိုက်ကူးခြင်းဖြစ်ကာ သရုပ်ဆောင်ရဲတိုက်နှင့် စန်္ဒီမြင့်လွင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သြဂုတ်လမတိုင်မီက သရုပ်ဆောင်ရဲတိုက် ပါဝင်သရုပ်ဆောင်ထားသည့် သနပ်ခါး၊ ဘိုမ၊ ဘယ်ကလာလဲ ဘာလုပ်နေလဲ ဘယ်ကိုသွားမှာလဲ ဇာတ်ကားများကို ထုတ်ဝေဖြန့်ချိခဲ့ပြီး သြဂုတ်လအတွင်းတွင် အဖေ့ကျောင်း ဗီဒီယိုဇာတ်ကား ထပ်မံဖြန့်ချိခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်းက  ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုဖြင့် ထောင်ဒဏ်ခြောက်နှစ် ကျခဲ့သော်လည်း အယူခံတင်သွင်းခဲ့သဖြင့် ထောင်ဒဏ်ငါးနှစ် ပြောင်းလဲ ချမှတ်ခံခဲ့ရပြီး တောင်ငူထောင်၌ ပြစ်ဒဏ်ကျနေစဉ် ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးမှ ၂၀၁၄ ခုနှစ် ဇွန်လတွင် ဘာသာသာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက်၊ အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ အရ ထောင်ဒဏ်တစ်နှစ်၊ ၂၉၅ (က)အရ ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရရာ တစ်ပေါင်းတည်းကျခံစေရန် ဆိုသောကြောင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့ကြောင်း သိရသည်။
ထို့အပြင် ယခင်အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အနုပညာရှင်များ စုပေါင်းလက်မှတ် ရေးထိုးထားသော အသနားခံစာ တင်သွင်းခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း သိရပြီး ယခုအစိုးရသစ် လက်ထက်တွင် သရုပ်ဆောင်ရဲတိုက် လွတ်မြောက်ရန် မည်သို့မျှ လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။                           
ဇင်မင်း

Category: 

Share