အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်နှင့် အင်တာဗျူး

“အခုဖြစ်နေတဲ့ ပြဿနာမှာလည်း မလေးရှားနိုင်ငံဘက်က အစိုးရပိုင်းဆိုင်ရာတွေ ပါဝင်လာတာ သိရတဲ့အခါ ကျတော့ ကိုယ့်အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အခုလို သွားလာခွင့်ကို ရပ်ဆိုင်းခဲ့တာပါ”

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် မြန်မာအလုပ်သမားများအား ဒီဇင်ဘာ ၆ ရက်နေ့မှစ၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များကို ခေတ္တရပ်ဆိုင်း ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ မြန်မာအလုပ်သမားများကို စေလွှတ်မှုရပ်ဆိုင်းခြင်းသည်  ပြည်တွင်းဘင်္ဂါလီ အရေးကိစ္စရပ် များအပေါ် မလေးဝန်ကြီးချုပ်၏ စွပ်စွဲမှုများနှင့် သက်ဆိုင်သည်။ ထို့ကြောင့် မလေးရှားသို့ အလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းခဲ့ခြင်းသည် မည်သည့်အကျိုးကို ကြည့်၍ လုပ်ဆောင်ခဲ့သလဲဆိုသည်ကို သိရှိစေရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်အား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။

Tomorrow ။ ။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်ရေး ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့တယ်။ ဘယ်လိုအခြေအနေတွေကြောင့် ရပ်ဆိုင်းခဲ့တာပါလဲ။
ဖြေ။ အလုပ်သမားတွေ မလေးရှားမှာ အခုဖြစ်နေတဲ့ပြဿနာကို အာရုံစိုက်နေရတဲ့အတွက် အခြေအနေ တိတိကျကျမသိတဲ့အချိန်မှာ ကိုယ့်အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ဒီထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့တာပါ။

Tomorrow ။ ။ မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်တာကို ခေတ္တရပ်ဆိုင်းတယ်ဆိုတာ ဘယ်အချိန်ထိ ရပ်ဆိုင်းသွားဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ ။ ။ ဘယ်အချိန်ထိ ရပ်ဆိုင်းသွားမလဲဆိုတာကို ပြောလို့မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ပြဿနာက မြင့်နေသေးတာကိုး။ ဒါပေမဲ့ သိပ်မကြာဘူးလို့တော့ထင်ပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေ အေးအေးချမ်းချမ်း ဖြစ်သွားရင်တော့ ပြန်ဖွင့်ပေးမှာပါ။ ဒါကြောင့် ပြန်ဖွင့်ဖို့ မဖွင့်ဖို့ဆိုတာကတော့ လက်ရှိ ဖြစ်ပျက်နေတာတွေအပေါ်မှာပဲ မူတည်ပါတယ်။ ပြဿနာတွေ အေးချမ်းသွားရင်တော့ အလုပ်သမား စေ လွှတ်မှုတွေ ပြန်လုပ်မှာပါ။ တကယ်လို့ အေးချမ်းမှုမရှိသေးဘူးဆိုရင်တော့ ရပ်ဆိုင်းနေဦးမှာပါ။

Tomorrow ။ ။ ၀န်ကြီးဌာနအနေနဲ့ နိုင်ငံတကာကို အလုပ်သမားစေလွှတ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေမျိုးတွေမှာ အခုလိုမျိုး ရပ်ဆိုင်းလေ့ရှိပါသလဲ။
ဖြေ။ အခုလိုကိစ္စမျိုးက ဖြစ်ခဲပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာမှာလည်း မလေးရှားနိုင်ငံဘက်က အစိုးရပိုင်း ဆိုင်ရာတွေ ပါဝင်လာတာ သိရတဲ့အခါကျတော့ ကိုယ့်အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အခုလို သွားလာခွင့်ကို ရပ်ဆိုင်းခဲ့တာပါ။ ဒီလို ကိစ္စမျိုးက ဖြစ်ခဲပါတယ်။  အခုလို သွားလာခွင့် ပိတ်တယ်ဆိုတာက လည်း အရင်က မရှိခဲ့ဖူးပါဘူး။

Tomorrow ။ ။ အခုမလေးရှားနိုင်ငံကို အလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းတာက မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက်ကြောင့်လား၊ အစိုးရချင်း အားပြိုင်နေတဲ့ သဘောလားဆိုတာ သိချင်ပါတယ်။
ဖြေ။ အခုလို ရပ်ဆိုင်းတာကလည်း မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက်ပါ။ သူတို့ကို ကြိုတင် ကာကွယ်နိုင်ဖို့အတွက် မလွှတ်တာပါ။ သူတို့က လက်ရှိ မသွားသေးဘူးလေ။ အဲဒီလို မသွားဖြစ်သေးတဲ့အခါမှာ သူတို့ကို ကြိုတင်ကာကွယ်နိုင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။

Tomorrow ။ ။ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ရပ်ဆိုင်းတယ်လို့ ပြောခဲ့ပါတယ်။ ဒါဆို အလုပ် ကမ်လှမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေကို သွားခွင့်ဘာကြောင့် ပေးထားလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ အလုပ်သမား စေလွတ်တဲ့ ပရော့ဂျက်အရဆိုရင် အလုပ်သမားတွေကို ပထမအနေနဲ့ တစ်ဖက်က အလုပ်ရှင်ခေါ်တဲ့ခေါ်စာတွေကို အေဂျင်စီတွေကရတာပါ။ အဲဒီခေါ်စာတွေကို ခိုင်လုံမှုရှိမရှိ ကျွန်တော်တို့က စစ်ပြီးတဲ့အခါမှာ မှန်ကန်တယ်ဆိုတဲ့ အချိန်ကျရင် ကျွန်တော်တို့က ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို တင်ပြပြီးတော့မှ တရားဝင်စေလွှတ်ခွင့် တောင်းရတယ်။ အဲဒီက ပြန်ကျလာမှ ကော်မတီက စေလွှတ်ရတယ်။ အဲဒီလိုမလွှတ်ခင်မှာ သွားမယ့်အလုပ်သမားကလည်း လုပ်ငန်းခွင် အကြိုသင်တန်းကို တက်ရတယ်။ အဲဒီသင်တန်းဆင်းပြီဆိုမှ ကျွန်တော်တို့ ၀န်ကြီးဌာနရဲ့ ပြည်ပအလုပ်သမား သက်သေခံကတ်ပြားကို ထုတ်ရတယ်။ အဲဒီကတ်ပြားနဲ့ သူက မလေးရှားသံရုံးမှာ ဗီဇာသွားဝင်ရတယ်။ ပြီးတော့ လက်မှတ်ဝယ်ပြီး ထွက်ရပါတယ်။ ဆိုလိုရင်းကတော့ ဒီကော်မတီရဲ့ ခွင့်ပြုချက်ကျပြီးတဲ့ နောက်ပိုင်းမှာတော့ အ နည်းဆုံး နှစ်ပတ်ကနေ တစ်လအတွင်း သူတို့က Process တွေကို Run နေရတယ်။ အခု ကျွန်တော်တို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲဖြစ်တာကြောင့် အဲဒီ ၆ ရက်နေ့မတိုင်ခင်မှာ ခွင့်ပြုမိန့်ရထားတဲ့ သူတွေက သွားဖို့အဆင်သင့် ဖြစ်နေကြပြီဆိုတော့ သူတို့အနေနဲ့သွားဖို့ အခက်အခဲဖြစ်မှာ သေချာပါတယ်။ ဒါကြောင့် သူတို့အခက်အခဲ မဖြစ်အောင် သွားခါနီး နောက်ဆုံးအချိန်ထိ အလုပ်ရှင်ကို ပြန်ပြီး အတည်ပြု၊ ဘယ်လိုလဲ လာတော့မယ်၊ အဆင်ပြေလား၊ ဟိုမှာဖြစ်တဲ့ပြဿနာတွေ ကြားနေရတယ်။ ဒီဘက် ၀န်ကြီးဌာနကလည်း ဒီလိုတွေ ဆောင်ရွက်ထားနေပြီ။ ဟိုဘက်က အလုပ်ရှင်က လာခဲ့ပါ။ အာမခံပါတယ်ဆိုတဲ့ အာမခံချက်ရရင် ထွက်ပါဆိုပြီး သွားဖို့ အဆင်သင့်ဖြစ်နေတဲ့သူတွေအတွက်ကို စေလွှတ်ပေးတာပါ။ သူတို့က ဒီလိုသွားဖို့အတွက်လည်း စီစဉ်နေတ ကြာပြီ ဖြစ်တာကြောင့် ကျွန်တော်တို့က တစ်ဖက်ကနေ သူတို့နစ်နာမှု မရှိ အောင် လုပ်ပေးတာပါ။ ကျွန်တော်တို့ ထုတ်ပြန်ချက်ထုတ်ပြီး ၆ ရက်နေ့နောက်ပိုင်းမှရတဲ့ ခေါ်စာတွေကို သွားဖို့ခွင့်မပြုတော့ပါဘူး။ မလေးရှားမှာ မြန်မာနိုင်ငံသားတွေချည်းပဲ မဟုတ်ပါဘူး။ တချို့နိုင်ငံသားတွေရဲ့ လုပ်ငန်းရှင်တွေလည်းရှိပါတယ်။ အဲဒီအလုပ်ရှင်တွေက ခေါ်ရင်တော့ လွှတ်ပေးပါတယ်။ ပြောရရင် ကျွန်တော်တို့ ဌာနအနေနဲ့ မျှတအောင် အတတ်နိုင်ဆုံး စဉ်းစားပေးထားပါတယ်။ ဒါကြောင့် အားလုံးရပ်ဆိုင်းတယ်လို့တော့ မဆိုလိုပါဘူး။ အာမခံချက်ရှိတဲ့ သူတွေကိုတော့ လွှတ်ပေးပါတယ်။

Tomorrow ။ ။ ၀န်ကြီးဌာနအနေနဲ့ မလေးရှားမှာရှိတဲ့ အလုပ်သမားတွေ ပြန်ချင်တယ်ဆိုရင် သူတို့ကို ကူညီပြီး ပြန်လည် ခေါ်ယူဖို့ အစီအစဉ်ရှိမရှိ သိချင်ပါတယ်။  
ဖြေ။ ။ အလုပ်သမားတွေ ပြန်ချင်တယ်ဆိုရင် ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ပြန်ခေါ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ လက်ရှိ ကမ့်(ပ်)ထဲက သူတွေကိုပဲ အဓိကထားပြီး ခေါ်နေပါတယ်။ အဲဒီလိုခေါ်တာ ၁၁ ကြိမ် မြောက်အထိ ရှိနေပါပြီ။ အလုပ်သမားတွေအနေနဲ့ကတော့ ပတ်စ်ပို့ရှိတဲ့ သူက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လို့ ရပါတယ်။ မရှိတဲ့သူတွေကတော့ နိုင်ငံသားစစ်မယ်၊ သံရုံးမှာ CI လျှောက်တာတွေ အရင်ဆုံး လုပ်ရမှာပါ။ အဲဒီလိုလုပ်ပြီးလို့ မှန်တယ်ဆိုရင်တော့ သံရုံးရဲ့ အစီအစဉ်နဲ့ ပြန်ခေါ်မှာပါ။ ဒါကလည်း သံရုံးက စီစဉ်ပေးတာပါ။ ကျွန်တော်တို့ကတော့ ကမ့်(ပ်)ထဲက သူတွေကိုပဲ ဦးစားပေးခေါ်တာပါ။

Tomorrow ။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးရှိအောင် ဘယ်လို နေထိုင်သင့်လဲဆိုတာ အကြံပြု ပြောကြားစေလိုပါတယ်။
ဖြေ။ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း ထုတ်ပြန်ချက်တွေ ထုတ်ပြီးသားပါ။ ဖြစ်နိုင်ရင် မြန်မာ အလုပ်သမားတွေ အနေနဲ့ စုစုစည်းစည်းနေကြပါ။  မလိုအပ်ဘဲ ဘယ်မှမသွားမလာ ဘဲနေရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အလုပ်ရှင်တွေကို ဘယ်လိုအာမခံချက်ပေးမလဲဆိုတာ မေးရတာတော့ ခက်ခဲပါတယ်။ အဆင်လည်းမပြေပါဘူး။ ဒါကတော့ အလုပ်သမားတွေနဲ့ သူတို့သွားတဲ့ အေဂျင်စီတွေနဲ့ အဆက်အသွယ် ရှိပါတယ်။ သူတို့ကနေ ဆက်သွယ်စီစဉ်ပေးနိုင်ပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေကိုလည်း အလုပ်သမားတွေက ထူးရင် သတင်းပို့ဖို့ ပူးပေါင်းဆောင်ရွက် ပေးရင် ပိုကောင်းပါတယ်။

Tomorrow ။ ။ ကျေးဇူးတင်ပါတယ်။

 

Category: 

Share