ဆင်ဆာအဖွဲ့မရှိသင့်ဟု ရုပ်ရှင်လောကသားများ တညီတညွတ်တည်းဆုံးဖြတ်

ရုပ်ရှင်ဗီဒီယို လောကသားများမှ ဆင်ဆာကိစ္စနှင့် ပတ်သက်၍ ဆင်ဆာအဖွဲ့မရှိသင့်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါသဘောတူချက်များကို အကောင်အထည် ဖော်နိုင်စေရန် ရုပ်ရှင်လောကသားများကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ဥက္ကဋ္ဌဖြစ်သူ ဦးလူမင်းက ပြည်ထောင်စုဝန်ကြီးထံ တာဝန်ယူတင်ပြပေးခဲ့ကြောင်း သိရသည်။

“ဆင်ဆာကိစ္စနဲ့ပတ်သက်ပြီး ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် ဆင်ဆာအတွက် မရှိသင့်ဘူးဆိုတာကို ကန့်ကွက်တဲ့သူတော့ မဟုတ်ဘူး။ နောက်ပြီး Rating System အဆင့်ကိုသွားရမယ့် ဒီကြားကာလမှာ ရုပ်ရှင်လောကသားတွေ အားလုံးရဲ့ သဘောတူညီချက်ကိုလည်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပါတယ်”ဟု ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌဦးလူမင်းက ပြောသည်။

ရုပ်ရှင်လောကသားများ သဘောတူဆုံးဖြတ်ခဲ့ကြသော အချက်များသည် ဆင်ဆာအဖွဲ့မရှိသင့်ကြောင်း၊ နိုင်ငံတကာ၌ ကျင့်သုံးသော အဆင့်သတ်မှတ်ချက်ဖြင့် သာထားစေခြင်း၊ Rating အဆင့်မရောက်ခင် ကြားကာလ၌ ဇာတ်လမ်းဆင်ဆာတင်ခြင်းများကို ဇာတ်လမ်းဇာတ်ကွက်များ ဖြတ်တောက်ခြင်းမပြုစေဘဲ  အကြံပေးတိုက်တွန်းချက်ဖြင့်သာ ကျင့်သုံးရန်၊ တိုက်တွန်းချက်ကို ပြန်လည်ဖြေရှင်းနိုင်စေရန်အတွက် ထောက်ညွှန်သူအမည်ကို ပွင့်လင်းမြင်သာစွာဖော်ပြရန်၊ မိမိတို့၏ ဇာတ်ကားအပေါ် တာဝန်ယူမှု တာဝန်ခံမှုဖြင့် လုပ်ကိုင်စေရန်တို့ဖြစ်ကြောင်း သိရသည်။

ဆင်ဆာကိစ္စနှင့်ပတ်သက်သည့် အကြောင်းအရာတင်ပြမှုတွင် ဒါရိုက်တာမိုက်တီးက “ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်မှာရှိသလောက် ကိုယ်လုပ်နေကြရတာပါ။ ကျွန်တော်တို့ မကောင်းမှုတစ်ခုခုများ လုပ်မိခဲ့သည်ရှိသော် သူ့ဥပဒေနဲ့သူ ရှိပြီးသားပါ။ ဆင်ဆာဆိုတာ ရုပ်ရှင်လောကမှာ မရှိသင့်ပါဘူး။ ကျွန်တော်တို့ ထိခိုက်တာ လုပ်လို့ ရှိရင် ကျွန်တော်တို့ကို တရားစွဲပါ။ ကျွန်တော်တို့ အထဲဝင်ပါမယ်”ဟု ၄င်းကပြောသည်။
အဆိုပါ သဘောတူညီချက်များကို ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပ ပြုလုပ်ခဲ့သော ဆင်ဆာအရေးအစည်းအဝေးပွဲမှ သိရပြီး၊ ဆွေးနွေးပွဲသို့ ထုတ်လုပ်သူများ၊ နာမည်ကျော် ဒါရိုက်တာများနှင့် ရုပ်ရှင်လောကသားများအပါအ၀င် တက်ရောက်သူ ၇၆ ဦး အထိရှိခဲ့ကြောင်း သိရသည်။                 

ဇင်မင်း

 

Category: 

Share