ဇာဂနာ မရယ်ရတော့ဘူး (၁၀) - ဇာဂနာ

ဘာဆန်းလို့လဲဗျာ။ လူဆိုတာ စိတ်ကလေးကြည်နေမှ ရယ်စရာ ကောင်းတာကိုးခင်ဗျ။ ခုတော့ စိတ်က နောက်နေတာကိုးလို့။ ကြည့်လေ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ထိ အစိုးရကို ဆန္ဒပြဖို့ဆိုတာ ဘ၀နဲ့ရင်းရတဲ့ အလုပ်ပါ။ မတော် အသက်ပါထွက်နိုင်တယ် ခင်ဗျ။

ခုတော့ မှောက်လိုက်ကြတဲ့ သပိတ်။ သပိတ်ပေါကြီးကိုဖြစ်လို့။ လမ်းဘေး ဈေးမရောင်းရလို့ သပိတ်မှောက်သတဲ့။ ကွန်တိန်နာကားတွေ တန်းစီဟွန်းတီး သပိတ်မှောက်တယ်တဲ့။ စစ်အစိုးရလက် ထက်တုန်းက အီးတောင် ကျယ်ကျယ် မပေါက်ရဲကြတဲ့သူတွေက ခုတော့ အားအားရှိ သပိတ်မှောက်လိုက်၊ ဆန္ဒဖော်ထုတ်လိုက် လုပ်နေကြတော့တာပါပဲ။

ဒီနေရာမှာ ဖျတ်ခနဲသတိရမိပါတယ်။ လွန်ခဲ့တဲ့ ၂၅နှစ် ခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရပါတယ်။ ဒါကို တက္ကသိုလ်ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ လွှတ်ပေးပြီး နိုဘယ်ဆု ယူခွင့်ပြုဖို့ ဆန္ဒပြကြပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတဲ့ ကျောင်းသားတွေခမျာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့  ညားတော့တာပါပဲ။ ခုလိုပွင့်လင်းလာတဲ့ ခေတ်ကျတော့ ဒီအဖြစ်အပျက်တွေကို လူရှေ့သူရှေ့ ထုတ်ဖော်ပြော၊ စာအုပ်တွေ ရေးလာကြတဲ့အခါမှာ နိုင်ငံခြားကလူတွေ တော်တော် အံ့အားသင့်ခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆု တစ်ဆုအတွက် လူပေါင်းလေးရာကျော် ထောင်နန်းစံခဲ့ရတာ မြန်မာပြည် တစ်ပြည်တည်း ရှိခဲ့တာကိုး။

ခုတော့ ဟိုလူကလည်း ဆန္ဒပြ၊ ဒီလူကလည်း သပိတ်မှောက်နဲ့၊ ပြောရင်တော့ ဒီမိုကရေစီနိုင်ငံလေဆိုတာ ပါသေးသဗျ။ ဒီမိုကရေစီဆိုတာ ကိုယ့်လက်ကို ကိုယ်မြှောက်တာ ကြိုက်သလို ကြိုက်သလောက် မြှောက်ခွင့်ရှိပါတယ်။ ဒါပေမဲ့ သူများမျက်နှာကို မထိမိဖို့တော့ လိုပါတယ်ခင်ဗျာ။

တစ်ဆက်တည်းပဲ ဇာဂနာတို့ ပွဲတစ်ပွဲ တက်ရတယ်ခင်ဗျ။ ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်နဲ့ ရုပ်ရှင်အနုပညာရှင်တွေ တွေ့တဲ့ပွဲပါ။ အစည်းအဝေးရဲ့ ဦးတည်ချက်ကတော့ ဒီမိုကရေစီ ရက်သတ္တပတ် လုပ်ဖို့ပါပဲ။ ဟိုဘက်ခေတ်က ဆိုရင်တော့ ပေါ်လစီရုပ်ရှင်ကားတွေ ရိုက်ဖို့ပေါ့လေ။ ဒီတုန်းက စိတ်ပါပါ၊ မပါပါ နိုင်ငံတော်ကားဆိုရင် အကုန်ပါရတော့တာပါပဲ။ ခုတော့ ဒီလိုမဟုတ်ဘူး ခင်ဗျ။ နိုင်ငံသားတိုင်းရဲ့ ပါဝင်သင့်ထားသင့်တဲ့ စိတ်သဘောထားကို ဖော်ကျူးမယ့် ရုပ်ရှင်တွေပါ။ ဘယ်သူ့ကိုမှ အလကား မလုပ်ခိုင်းပါဘူး။ တန်ရာတန်ကြေးပေးမှာပါ။

ဘယ်နေ့ ဘယ်ရက် လုပ်မယ်။ ဘယ်သူတွေ လုပ်ကြမယ် စသဖြင့် စသဖြင့်ပေါ့။ နှစ်နာရီလောက်ကြာအောင် ဆွေးနွေးပြီး သကာလမှာ ရုပ်ရှင်လောကသားတွေရဲ့ အဆိုပြုချက်ဆိုပြီး ကိုလူမင်းက အချက်ငါးချက် တင်ပြလာပါတယ်။ ရုပ်ရှင်ဆင်ဆာကို ဖျက်သိမ်းဖို့၊ ဆင်ဆာဖြတ်တယ်ဆိုရင် ဘာကြောင့်ဖြတ်တယ်၊ ဘယ်သူက ဖြတ်တယ်ဆိုတာ နာမည်ပါဖော်ပြဖို့ ဆိုတာတွေ ၀န်ကြီးကို တင်ပြပါတော့တယ်။ ဒီမှာတင် ဆရာဖေမြင့်လည်း မျက်နှာလေး ငယ်သွားတယ်ခင်ဗျ။ တကယ်တော့ ဟောလိဝုဒ်မှာတောင် ဆင်ဆာရှိပါတယ်။ ဒေသတွင်း အာဆီယံနိုင်ငံတွေမှာလည်း ဆင်ဆာရှိပါတယ်။ ဇာဂနာတို့ စင်ကာပူမှာ ရုပ်ရှင်သွားပြတာ စင်ကာပူ ဆင်ဆာကို တင်ပြရပါတယ်။ ကမ္ဘောဒီယားမှာလည်း ဆင်ဆာရှိတာပါပဲ။ မြန်မာပြည်ကျမှ ဆင်ဆာ ဖျက်ဖို့ဆိုတာတော့ နားမလည်ဘူးပေါ့လေ။ လွတ်လပ်စွာ အနုပညာကို ဖန်တီးချင်တယ် ဆိုတာကို နားလည်ပါတယ်ခင်ဗျ။ ဇာဂနာဆိုတာကတော့ တစ်သက်လုံး ဆင်ဆာနဲ့ရန်ဖြစ်ခဲ့သူပါ။ ဒီစကား ပြောနေချိန်ထိ ဆင်ဆာအပိတ်ခံရတဲ့ ဇာတ်ကား ၁၂ ကားနဲ့ စံချိန်တင်ထားသူပါ။ ဒါပေမဲ့ ဆင်ဆာဖျက်သိမ်းဖို့ မပြောရဲဘူးခင်ဗျ။ ခုတော့ ရုပ်ရှင်လောကသားတွေက ပြောလာပါပြီ။ ပြောမရရင် ဆန္ဒပြချင်ပြကြဦးမှာပါ။

စာပေစိစစ်ရေး မရှိတော့သလိုပဲ၊ ဆင်ဆာပါ မရှိသင့်ဘူးလို့ ဆိုကြပါသေးရဲ့။ စာပေနဲ့ရုပ်ရှင် မတူဘူးခင်ဗျ။ အရမ်းရောင်းကောင်းတဲ့ စာအုပ်ဆိုတာ ၅၀၀၀ ပါပဲ။ ရုပ်ရှင်ကတော့ အိမ်ထဲထိ ကြည့်ချင်ချင် မကြည့်ချင်ချင် ရောက်လာတာပါ။ TV ဖွင့်လိုက်တာနဲ့ ဘွားခနဲ တန်းပေါ်လာတာပါ။ ရုပ်ရှင်ကြည့်ဖို့အတွက် စာတတ်စရာ မလိုပါဘူး။ ဒီတော့ မိသားစု အတူတကွကြည့်နိုင်ကြတဲ့ ရုပ်ရှင်တွေ ဖြစ်သင့်တာပေါ့ခင်ဗျာ။ ခုရုပ်ရှင်တွေမှာ မြန်မာပြည်က ဘယ်လူပြက်မှ မပြောရဲတဲ့ အောက်လုံးတွေကို လှိုင်လှိုင်ကြီး ပြောနေတာ မြန်မာ့ရုပ်ရှင်ခင်ဗျ။ မရိုသေ့စကား နားနဲ့မနာ ဖ၀ါးနဲ့နာကြပါ။ အမျိုးသမီးသရုပ်ဆောင် တစ်ယောက်က တစ်ဇာတ်ကားလုံးမှာ (မမ အစိကလေး ကိုင်ကြည့်မလား)လို့ တွေ့တဲ့လူတိုင်းကို ပြောနေတာ စဉ်းစားသာကြည့်ပါတော့။ ကလေးတွေပါးစပ်ထဲ ဒီစကား ရောက်သွားရင် အဲဒီသရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေ တာဝန်ယူကြမလား။ ဂျစ်ကားတစ်စင်းပေါ်မှာ လူခြောက်ယောက်လောက်က ဓားတစ်လက်စီကိုင်ပြီး ရပ်ကွက်ထဲ ၀င်ခုတ်တဲ့ ဇာတ်ကားမျိုး လူငယ်တွေ အတုယူ မမှားနိုင်ဘူးလား။ လွယ်လင့်တကူ ဒီမိုကရေစီ နိုင်ငံဆိုတာကို ချည်လုံးတစ်ခုလို သုံးမနေသင့်ပါဘူး။ ကိုယ့်လက် ကိုယ်မြှောက်တာ သူများမျက်နှာ မထိဖို့ လိုပါတယ်။ နိုဘယ်ဆုအတွက် ငြိမ်းချမ်းရေးအတွက် ဘ၀ပျက်ခံပြီး ထောင်ထဲ ရောက်ခဲ့ရသူတွေကိုတော့ အားနာကြပါဦး။ ဒီမိုကရေစီဆိုတာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ရှိရပါ့မယ်။ ကိုယ့်တာဝန်တော့ ကိုယ်မယူချင်ဘဲ၊ ယူဖို့လည်း မကြိုးစားဘဲ အခွင့်အရေးနင်းတောင်းလို့ကတော့ ဖြစ်မယ်မဟုတ်ပါဘူး။ ဈေးမရောင်းရလို့ ကွန်တိန်နာမမောင်းရလို့ ဆိုတာမျိုးတွေနဲ့ တစ်ထပ်တည်း တူနေပါလိမ့်မယ်။

အားလုံးဆင်ခြင်နိုင်ဖို့ တစ်ခုလောက် ပြောခွင့်ပြုပါ။ ဇာဂနာ့ညီလေး ကင်းကောင်တစ်ယောက် အစာရေမျိုအနာဖြစ်လို့ ဆေးရုံတက်ရပါတယ်။ ခွဲစိတ်ကုသမှု အကြီးစားပါ။ ဒီနေရာမှာ ဆရာဝန်ကြီးတွေရဲ့ ပြောစကားဟာ အင်မတန် မှတ်သားစရာကောင်းပါတယ်။ အများနားလည်အောင် ဖောက်သည်ချရရင် (အရေးကြီး) နဲ့ (အရေးပေါ်)ပါပဲ။ ကင်းကောင်ကို ခွဲစိတ်ကုသဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါပေမဲ့ အရေးပေါ်တော့ မဟုတ်ပါဘူး။ ချက်ချင်း ထလုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ သေချာပေါက် ခွဲစိတ်ရမယ့်ကိစ္စပါ။ ဒီတော့ အရေးတကြီး ခွဲစိတ်မှုအတွက် စနစ်တကျ ပြင်ဆင်မှုတွေကို အချိန်ယူပြီးလုပ်ဖို့ လိုပါတယ်။ ဒီနမူနာဟာ တိုင်းပြည်မှာ၊ နိုင်ငံရေးမှာ၊ ပြုပြင်ပြောင်းလဲရေးမှာ၊ ငြိမ်းချမ်းရေးမှာ အသုံးချလို့ ရပါတယ်။

လမ်းဘေးဈေးသည် ကိစ္စ၊ ကွန်တိန်နာကိစ္စနဲ့ ရုပ်ရှင်ကိစ္စတွေဟာ အရေးကြီးလား၊ အရေးပေါ်လား စဉ်းစားကြစေချင်ပါတယ်။ ခုချက်ချင်း ထလုပ်ဖို့ လိုမလို ဆိုတာကို ဆင်ခြင်ကြည့်စေချင်ပါတယ်။ ဇာဂနာတို့ဆီမှာက တစ်နေ့ တစ်နေ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းရာကောင်းကြောင်း မပြောရ၊ မဆွေးနွေးရဘဲ၊ မိုးလင်းတာနဲ့ ဘယ်နေရာမှာတော့ အနုကြမ်းစီးသွားပြီ၊ ဘယ်ရပ်ကွက်မှာတော့ အိမ်ပေါ်တက် သတ်သွားပြီ၊ ဘယ်ကလေးမလေးတော့ မုဒိမ်းကျင့်ခံလိုက်ရပြီ စတဲ့ စတဲ့ အမင်္ဂလာသတင်းတွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်နေချိန်မှာ ဘယ်လို ၀ိုင်းဝန်းအဖြေရှာပြီး ဖြေရှင်းကြမလဲဆိုတာက အရေးကြီးသလို အရေးပေါ်လည်း ဟုတ်နေပါတယ်။ အစိုးရက လုပ်လိမ့်မယ်၊ လွှတ်တော်က လုပ်လိမ့်မယ်ဆိုတာထက် ဇာဂနာတို့ ပြည်သူတွေကပါ ၀န်းကြ၊ ၀ိုင်းကြမယ်ဆိုတာကမှ တကယ့်ဒီမိုကရေစီပါ။ အစစ်ကြီးပါ။ TV မကြည့်ရလို့ သေမသွားပေမယ့် အိမ်ပေါ်တက်သတ်ရင်တော့ သေမှာမုချပါပဲ။

ဒီတော့ အရေးပေါ်နဲ့အရေးကြီး ဆိုတာလေးကို ကျေးဇူးပြုပြီး သတိချပ်လို့ ပါးစပ်က ဒီမိုကရေစီလို့ တဖွဖွပြောနေမယ့်အစား ကိုယ့်တာ ကိုယ်လုံ၊ ကိုယ့်တာဝန် ကိုယ်ယူကြရအောင်လားခင်ဗျာလို့ မရယ်ရတဲ့ ဇာ ဂနာက မရဲတရဲလေး အကြံပေးလိုက်ပါရစေ။
ဇာဂနာ

Category: 

Share