ဖိလစ်ပိုင် မူးယစ်ဆေးဝါး နှိမ်နှင်းရေးစစ်ပွဲတွင် အလုပ်ကောင်းနေသည့် ကြေးစားလူသတ်သမား မိန်းမငယ်

 ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နှင်းသည့် စစ်ပွဲတွင် လက်မရွံ လူသတ်သမားတစ်ဦးအဖြစ်နှင့် မာရီယာ (နာမည်ဝှက်) ကို တွေ့မြင်လိုက်ရလျှင် သိမ်ငယ်ကြောက်လန့်နေသည့် မိန်းမငယ်တစ်ဦးဟု ထင်မှတ်၍မရနိုင်ပေ။ သူ၏ကလေးငယ်လေးကို ချီလျက်တွေ့ရသော မာရီယာသည် ယခုအချိန်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ခြောက်ဦးကို သုတ်သင်ပြီးသူဖြစ်သည်။

“ကျွန်မရဲ့ ပထမဆုံးအလုပ်ကို ဒီအနီးအနားမှာရှိတဲ့ ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်က လုပ်ခဲ့ပါတယ်။ ကျွန်မ တကယ်ကို ကြောက်လန့် တုန်လှုပ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ဖြစ်လို့ပါ”ဟု သူကပြောသည်။ မာရီယာသည် လက်ရှိတွင် ဖိလစ်ပိုင်အစိုးရက ဆင်နွှဲနေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲတွင် အစိတ်အပိုင်းတစ်ခု အနေဖြင့် မူးယစ်ဆေးဝါးရောင်းသူများကို ကန်ထရိုက်ရယူ သတ်ဖြတ်ပေးသည့်အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။
မာရီယာတို့၏ လက်မရွံ့အဖွဲ့တွင် အမျိုးသမီးသုံးဦး ပါဝင်သည်။ သူတို့ အမျိုးသမီးသုံးဦးကို ထိုအဖွဲ့တွင် အရေးပါတန်ဖိုးရှိသော သူများအဖြစ် သတ်မှတ်ထားကြသည်။ အကြောင်းမှာ သူတို့သည် သုတ်သင်ရမည့် သားကောင်များကို ချဉ်းကပ်ရာတွင် အမျိုးသားများလောက် သံသယ ၀င်ခံရမှုမရှိသောကြောင့်ဖြစ်သည်။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက်တွင် ဒူတာတေးက ပြည်သူများနှင့် ရဲတပ်ဖွဲ့အား ဖမ်းဆီးမှုကို ခုခံသူ မူးယစ်ဆေးဝါး ရောင်းဝယ်သူများအား သုတ်သင်ရန်တိုက်တွန်း ပြောကြားခဲ့သည်။ ထိုအချိန်မှ ယခုအချိန် အထိ မာရီယာသည် လူငါးဦးကျော်သတ်ခဲ့ပြီးဖြစ်ပြီး အားလုံး၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှုများကို အမိန့်ပေးခဲ့သူနှင့်ပတ်သက်၍ဟု ကျွန်မတို့ရဲ့ Boss ဆီကပါ။ ရဲအရာရှိ တစ်ယောက်ပါ”ဟု သူကပြောသည်။  
လက်ရှိဖြစ်နေသော အငြင်းပွားဖွယ်ရာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးစစ်ပွဲသည် မာရီယာကို အလုပ်ရစေသကဲ့သို့ စွန့်စားရမှုများမှာလည်း အလွန်ကို ကြီးမားလျက်ရှိသည်။ ဘီဘီစီသတင်းထောက်နှင့် တွေ့ဆုံခဲ့သည့် ထိုမနက်မှာ ပင် မာရီယာနှင့် သူ၏လင်ယောက်ျားတို့ လျှို့ဝှက်နေထိုင်သည့် အိမ်ကို လူသိသွားသဖြင့် အခြားတစ်နေရာသို့ လျင်မြန်စွာ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ဤအလုပ်ကို စတင်ခဲ့သည်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်နေသည့် ရဲတစ်ဦးက ၄င်း၏ ယောက်ျားကို အကြွေးမပေးနိုင်သည့်သူတစ်ဦးအား သတ်ဖို့ အလုပ်ပေးရာက စခဲ့သည်ဟု ဆိုသည်။ ထို့နောက်တွင် ပုံမှန်အလုပ်ရခဲ့ပြီး တစ်ကြိမ်တွင် မာရီယာပါ ထိုအလုပ်ကို ၀င်ရောက်လုပ်ကိုင်ရသည့် အခြေအနေ ရောက်ခဲ့သည်။
“တစ်ကြိမ်မှာ သူတို့က ဒီအလုပ်အတွက် အမျိုးသမီးတစ်ဦး အလိုရှိတယ် ပြောတယ်။ ကျွန်မယောက်ျားက အဲဒီအလုပ်ကို လုပ်ဖို့ပြောတယ်။ အဲဒီသားကောင် အနီးနားကို ကျွန်မ ရောက်အောင်သွားခဲ့ပြီး ပစ်သတ်ခဲ့တယ်”ဟု မာရီယာက ပြောသည်။
မာရီယာတို့ ဇနီးမောင်နှံသည် မြို့တော်မနီလာအနီးရှိ ဆင်းရဲသော ဒေသများမှ လာသူများဖြစ်ပြီး ဤလူသတ် ကန်ထရိုက် အလုပ်မရခင်တွင် ပုံမှန်ဝင်ငွေမရှိခဲ့ကြသူများ ဖြစ်သည်။ ယခုအချိန်တွင် လူတစ်ဦးသတ်ရလျှင် ဖိလစ်ပိုင်ပီဆိုငွေ ၂၀၀၀၀ (ဒေါ်လာ ၄၃၀) ၀င်ငွေရလျက်ရှိသည်။ ထိုငွေကို ၄င်းတို့အဖွဲ့ဝင်သုံးဦး(သို့)လေးဦး ကြားတွင် မျှဝေယူကြသည်။

လူသတ်ကန်ထရိုက်လုပ်ငန်းသည် ဖိလစ်ပိုင်နိုင်ငံတွင် အသစ်အဆန်းတော့ မဟုတ်ပေ။ သူတို့ကဲ့သို့သော ကြေးစားလူသတ်အဖွဲ့များသည် ယခုအချိန်လောက် အလုပ်ရှုပ်ခဲ့သည့်ကာလမရှိခဲ့ကြဟု သိရသည်။
မာရီယာသည် သူရွေးချယ်ခဲ့သည့် အလုပ်အတွက် နောင်တရနေသော်လည်း ယခုအချိန်တွင် ၄င်းတို့သည် ထိုအလုပ် သံသရာမှ ထွက်မရသည့် အနေအထားတွင်ရှိနေသည့်ပုံစံဖြစ်နေသည်ကို တွေ့ရသည်။ “ကျွန်မမှာ အပြစ်ရှိနေသလို ခံစားနေရပါတယ်။ ကျွန်မသတ်ခဲ့တဲ့ သူတွေရဲ့ မိသားစုတွေ ကျွန်မနောက်ကို လိုက်နေတာမျိုး မဖြစ်ချင်ပါဘူး”ဟု သူကပြောသည်။
“အခုအချိန်မှာ ရလာတဲ့အလုပ်ကို ဘယ်လိုလုပ်ကြမလဲပဲ ကျွန်မတို့ပြောကြတယ်။ အဲဒီကန်ထရိုက် အလုပ်ပြီးရင် ကျွန်မတို့ အဲဒီအကြောင်း ထပ်မပြောကြတော့ဘူး”။

Category: 

Share