Girl Generation အဖွဲ့ဝင်ဂျက်စီကာပါဝင်မည့် Music Video ကို Myanmar Media 7 မှ ယခုလအတွင်း ရိုက်ကူးမည်

Myanmar Media 7 ကုမ္ပဏီမှ ကုမ္ပဏီသုံးနှစ်ပြည့်  နှစ်ပတ်လည် အထူးအစီအစဉ်အနေဖြင့် တောင်ကိုရီးယား နိုင်ငံ Kpop စတားအဖွဲ့တစ်ခုဖြစ်သည့် Girl Generaton အဖွဲ့မှ အဖွဲ့ဝင် “ဂျက်စီကာ”ပါဝင်မည့် Music Video ကို ယခုလအတွင်း ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ Music Video ကို ဂျက်စီကာအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ရိုက်ကူးမှာတော့ မဟုတ်ဘူး။ ဒီကနေ Music ကို ပို့လိုက်မယ်။ သူပါတဲ့ အခန်းတွေကို ကိုရီးယားမှာရိုက်ပြီး ပြန်ပို့ပေးမှာ ဖြစ်ပါတယ်”ဟု Myanmar Media 7 မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Myanmar Media 7 အနေဖြင့် ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံတကာမှ အနုပညာရှင်များကို ခေါ်ယူ၍ အနုပညာ ဖန်တီးမှုများဆောင်ရွက်လျက်ရှိပြီး သုံးနှစ်ပြည့်အထူးအစီအစဉ်တစ်ရပ်အဖြစ် မြန်မာပရိသတ်များ အားပေးနှစ်သက်သော တောင်ကိုရီးယားနိုင်ငံမှ အနုပညာရှင်ကို ရွေးချယ်ရိုက်ကူးရန် အဆိုပါအဖွဲ့၏ အေဂျင်စီ သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း Music Video ကို   ဂျက်စီကာနှင့်အတူ မြန်မာနိုင်ငံမှ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ ရဲရင့်အောင်၊ X Box၊ G Fatt၊ ဘန်နီဖြိုး၊ Snare အစရှိသည့် နာမည်ကြီး အနုပညာရှင် များစွာတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Music Video ကို ဒါရိုက်တာအောင်မြတ်က စိတ်ကူးပုံဖော်ရိုက်ကူးသွားမည်ဖြစ်ကာ သီချင်းစာသား မပါဘဲ သံစဉ်အဓိက ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ရွှေရင်ငြိမ်းအေး

Category: 

Share