ထိုင်းတွင် ကျင်းပခဲ့သည့် တက်တူးပြိုင်ပွဲ၌ မြန်မာနိုင်ငံသား ပထမရသော်လည်း ဒုတိယဟု မှားယွင်းကြေညာ

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် တက်တူးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားတက်တူးဆရာ ကိုနေလင်းထွန်း (လူလူတက်တူး)သည် ပထမဆုကိုဆွတ်ခူးရရှိခဲ့သော်လည်း ဒိုင်များက ဒုတိယဆုရရှိသည်ဟု အမည်မှားယွင်း ကြေညာခဲ့ပြီး တစ်ပတ်ကျော် အကြာတွင်မှ ပထမရခဲ့ခြင်းဖြစ်သည် ဟု  ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း  ကာယကံရှင်၏ ပြောကြားချက်အရ သိရှိရသည်။

“ဒီနေ့လူကြီးတွေ ဖုန်းဆက်လာတယ်။ ဒုတိယဆုနဲ့ ပထမဆု နာမည်ခေါ်တာ မှားသွားတယ်လို့ ပြောတယ်။ ၁၉ ရက်နေ့ကျရင် ဆုပြန်သွားလဲရမှာ”ဟု တက်တူးပညာရှင်ကိုနေလင်းထွန်းက ပြောသည်။
အဆိုပါ တက်တူးပြိုင်ပွဲကြီးကို  ထိုင်းနိုင်ငံရှိ ကာချနာပူရီမြို့တွင် ယခုလ ၉ ရက်နေ့ကကျင်းပခဲ့ခြင်းဖြစ်ပြီး တက်တူးပညာရှင် အယောက် ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ကိုနေလင်းထွန်းသည် ပေါင်တွင်ဇီးကွက်ပုံရေးထိုးခဲ့သည့်ပုံဖြင့် ပထမဆုရခဲ့သည့်အပြင် ကျောဘက်အပြည့် New School အမျိုးအစားတက်တူးဖြင့်လည်း တတိယဆုထပ်မံရရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို ယခင်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ယခုသုံးကြိမ်မြောက်တွင်မှ ပထမဆုံးအကြိမ် ဆုရခြင်းဖြစ်ကြောင်း၊ ပွဲဝင်တက်တူးပညာရှင် အယောက် ၁၀၀ ကျော်မှ ပညာရှင် ၁၀ ယောက်သာ ဆုရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရွှေရင်ငြိမ်းအေး

Category: 

Share