ရန်ကုန်မြို့တော်သားတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါသည် - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗကသ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရသစ်လက်ထက် ၉ လကျော် အချိန်ခန့်မှာ မြန်မာနိုင်ငံအတွင်း ပြောင်းလဲတိုးတက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တာဝန်ယူထားတဲ့ ရန်ကုန်မြို့တော်ကြီးမှာ အပြောင်းအလဲများ သိသိသာသာ ဖြစ်ထွန်းလာခဲ့ပါပြီ။

အဲဒီလို ရန်ကုန်မြို့တော်ကြီးရဲ့ ပြောင်းလဲလာမှုများနဲ့ ရှေ့ဆက်မယ့် အပြောင်းအလဲများအပေါ် လူမှုကွန်ရက်ပေါ်က ဦးဦး FB စာမျက်နှာမှာ ရေးသားထားတဲ့ ရန်ကုန်မြို့က ပထမဦးဆုံး အပြောင်းအလဲ ခြေလှမ်းသစ်ဖြစ်တဲ့ လမ်းဘေးဈေးသည်များနဲ့ ညဈေးတန်း အသစ်အကြောင်းရေးသားထားတဲ့ “ဂုဏ်ထူးမှတ်တွေ ရပါတယ်” ဆိုတဲ့ ရေးသားချက်ကို ဦးစွာကောက်နုတ်ဖော်ပြရမယ်ဆိုရင် “ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင်ကဆောင်ရွက်တဲ့ ညဈေးတန်းလက်တွေ့ အခြေအနေမှာ အောင်မြင်မှုရနေပါတယ်။ ကမ်းနားလမ်းမကြီး၊ ပန်ဆိုးတန်းထိပ်ကအစ ဆူးလေကိုဖြတ်။ ရွှေဘုံသာ၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်းအလယ်၊ လမ်းမတော်လမ်းကနေ လမ်းသစ်လမ်း မော်တင်၊ အလုံအထိ တောက်လျှောက် လျှပ်စစ်မီးရောင် ထိန်ထိန်လင်းနေတဲ့ ရန်ကုန်မြို့တော်ရဲ့ ညဈေးတန်းကြီး ဖွင့်လှစ်လိုက် ပါတယ်။ ဈေးရောင်းသူတွေ အနေနဲ့ အများစုက ရောင်းကောင်းကြတယ် ပြောကြပါတယ်။ မျက်မြင်အနေနဲ့လည်း စားသောက်သူတွေနဲ့ ပျားပန်းခတ်လုနီးပါးပါပဲ။ ငုတ်တုတ်ဖြစ်နေတာမျိုး သိပ်မတွေ့ရတာ အသေအချာ။ ပွဲဈေးပမာပါ။

ထုံးစံအတိုင်း အစိုးရ ဘာလုပ်လုပ် အပြစ်တင်ရေး စောင့်ကြည့်ပြီး အများနည်းတူမဲဖောက်ရာမှာ မပေါက်ခဲ့သူ လမ်းဘေး ဈေးသည်တချို့ရဲ့  ညဈေးတန်းအပေါ် ပြောဆိုဝေဖန်မှုတွေ၊ ဆန္ဒပြတာတွေကလည်း လူမှုကွန်ရက် Facebook ကတစ်ဆင့် ကြော်ငြာလိုက်သလို ဖြစ်ခဲ့တဲ့အတွက် လေ့လာသူတွေကလည်း သွားရောက်လေ့လာ၊ လည်ပတ်သူတွေကလည်း သွားရောက်လည်ပတ်။ ရန်ကုန်မြို့မှာ ကလေးတွေကပါ ညဘက် အလည်ထွက်ချင်စရာ နေရာတစ်ခု ဖြစ်လာပါတယ်။

လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဈေးသည်တွေဆီက မပြောပလောက်တဲ့ Complaint အနည်းငယ်ရှိနေပေမယ့် သူတို့ပြောတဲ့ ပြဿနာဆိုတာ ကြီးကြီးမားမား မဟုတ်ကြတာတွေ့ရတယ်။ ဥပမာ (ဈေးသည်တစ်ယောက်ရဲ့ ပြောစကားက သူတို့ဘက်ကမီးတိုင်က မီးဟာ ဘေးမှာထောင်ထားတဲ့ Bill Broad ကာနေလို့ လျှပ်စစ် မီးခပေးဆောင်ရပေမယ့် နည်းနည်းမှောင်နေတဲ့အကြောင်း၊ ဆိုင်နေရာကျဉ်းလို့ ၀ယ်သူများတဲ့အချိန် ထိုင်ဖို့နေရာ အခက်အခဲတချို့အကြောင်း၊ ဒါမျိုးလေးတွေပါ)။

ညဈေးတန်း ဈေးဆိုင်နေရာတွေက ကိုယ်တိုင်မဲနှိုက်စေပြီး ကျရာနေရာချပေးထားတာ ဖြစ်ပါတယ်။ မျက်နှာစာအကျယ် ၈ ပေစီ ရောင်းချခွင့်ရပါတယ်။ ရေခ ၃၀၀၊ လျှပ်စစ် ၃၀၀၊ စည်ပင် ၇၀၀ ပေးဆောင်ကြရတယ် ပြောပါတယ်။ လွှဲပြောင်းခွင့်မရှိလို့လည်း သိရပါတယ်။

အံ့သြမိတာက ပန်းဆိုးတန်းကနေ အလုံထိတောင် ရောက်တယ်လို့ သိရတဲ့ ညဈေးတန်းနေရာကြီးဟာ အားလုံးနေရာချပြီးသား ဖြစ်လောက်အောင် ရန်ကုန်မြို့လယ်မှာ လမ်းဘေးဈေးသည် အရေအတွက်က များပြားနေကြတာပဲ။ မျက်နှာစာ ၈ ပေ ခွဲတန်းအရ ဆိုင်ပေါင်းတော်တော်များပါမယ်။

ဈေးကွက်တစ်ခု ဖန်တီးပေးနိုင်တာမို့ ဈေးရောင်းသူတွေ ဘယ်လိုပြောပြော အများစုက ကျေနပ်ကြတာ လက်တွေ့သိသာပါတယ်။ စားသုံးသူအတွက်လည်း မိမိနှစ်သက်ရာ အစားအစာအတွက် အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ အလွန်အဆင်ပြေကြပါတယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ စည်ပင်ရဲ့ လုပ်ဆောင်ချက်ဟာ အောင်မြင်ပြီး အကျိုးရှိလှတယ် ပြောရင် ဘယ်သူမှ ငြင်းနိုင်ကြမယ်မထင်ပါ။ သန့်ရှင်းရေးအတွက်ရေ၊ အများသုံး အိမ်သာတွေက ရန်ကုန်မြို့တော်အတွက် ဆန်းသစ်သော မြင်ကွင်းတစ်ခု ဖြစ်နေပါပြီ။ ပြည်သူတွေ စည်းကမ်းရှိရှိ ထိန်းသိမ်းနိုင်ဖို့သာ တာဝန်ရှိလာပါပြီ။ မြို့နေပြည်သူ၊ နယ်ကလာပြီး အလုပ်လုပ်သူတွေနဲ့ နိုင်ငံတကာက လာရောက်လည်ပတ်သူ၊ လာအလုပ်လုပ်ကိုင်ကြသူ စုစုပေါင်း လူဦးရေ ၈ သန်းကျော်ရှိနေတဲ့ လက်ရှိ ရန်ကုန်မြို့တော်မှာ လူမှု၊ စီးပွား၊ အလုပ်အကိုင်အခွင့်အလမ်း၊ လမ်း၊ စည်းကမ်း စသည် စသည် အဘက်ဘက်က အဆင်ပြေအောင် ဈေးကွက်ဝင် ညဈေးတန်းကြီးကို ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင်က စနစ်တကျ ဖော်ဆောင်လိုက်နိုင်ပြီလို့ မြင်မိပါတယ်။

စည်းကမ်းဖောက်ဈေးသည်၊ စားသောက်ဖို့မသင့်တဲ့ စားသောက်ကုန်ရောင်းချသူတွေ၊ သန့်ရှင်းမှု မရှိတဲ့ ဈေးသည်တွေနဲ့ လာရောက် မရောင်းချသူတွေရဲ့ ဆိုင်ခန်းနေရာတွေကို ပြန်လည်သိမ်းယူ အရေးယူဖို့နဲ့ ဈေးတန်းဆိုတဲ့ အ၀န်းအ၀ိုင်းတစ်ခုထဲမှာ ဈေးသည်တွေကို စည်းကမ်းရှိရှိ စနစ်တကျ ဈေးရောင်းချစေတာ မင်္ဂလာတစ်ခုပါလို့ ဆိုချင်ပါတယ်။

ဝယ်စရာ၊ စားစရာ ပိုပြီးစုံလင်တဲ့ ညဈေးတန်းကြီးဟာပိုပြီး စည်ပင်သာယာ ဖွံ့ဖြိုးလာမယ်။ တစ်နိုင်တစ်ပိုင် ဈေးသည်လေးတွေလည်း စီးပွားရေး ပြေလည်လာနိုင်ပါမယ်။ ညဈေးတန်းမှာ ဈေးရောင်းချသူတွေကို ပြောလိုတာကတော့ မိမိရောင်းချတဲ့ စားသောက်ဖွယ်ရာတွေဟာ သန့်ရှင်းပြီး လက်ရာကောင်းရင် အချိန်အနည်းငယ်အတွင်း ယခင်ထက် မိတ်ဟောင်းတင်မက မိတ်သစ်တွေပါ ထပ်တိုးပွားပြီး အဆမတန် ပိုမို အရောင်းအ၀ယ်ကောင်းကြမယ်လို့ ယုံကြည်ထားကြစေချင်ပါတယ်။ အဖိုးနှုန်း သင့်တင့်ပြီး ဆက်ဆံရေး ကောင်းမွန်ရင် သေချာပေါက် အာမခံနိုင်ပါတယ်။ ညဈေးတန်းက စွဲဆောင်နိုင်မှု တိုးလာလေလေ၊ ဈေးရောင်းသူတွေလည်း ရောင်းကောင်းလေလေ၊ ၀င်ငွေတိုးကြလေလေ ဖြစ်မှာမို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို အထူးဂရုပြု လိုက်နာရောင်းချကြပြီး ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကောင်းမွန်သော အရသာ၊ ၀န်ဆောင်မှု၊ သင့်တင့်မျှတသော ဈေးနှုန်းတို့ဖြင့် မိမိတို့ရဲ့ ညဈေးတန်းကို ပိုမိုအောင်မြင်သော ဈေးကွက်ကြီး တစ်ခုဖြစ်လာအောင် ကြိုးစားနိုင်ကြပါစေကြောင်း စေတနာဖြင့် တိုက်တွန်း လိုက်ပါတယ်။ ဈေးဆိုင်များလေလေ၊ စားသောက်ဖွယ်ရာကအစ ဈေးဝယ်စရာများလေလေ၊ ဈေးဝယ်လာသူ၊ လာရောက် စားသောက်သူတွေ များလေလေ ဖြစ်ပါမယ်။

ရန်ကုန်တိုင်းအစိုးရနဲ့ မြို့တော်စည်ပင်ရဲ့ ညဈေးတန်း အကောင်အထည်ဖော် လုပ်ဆောင်မှုဟာ မော်တော်ယာဉ် လူသွားလမ်း ပိတ်ဆို့မှုအခြေအနေကို ဖြေရှင်းပေးနိုင်ရုံမျှမက စီးပွားရေး အခွင့်အလမ်း တစ်ရပ်ကို အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတိုးတက်လာအောင် စနစ်တကျ ဖော်ဆောင်ပေးနိုင်တာမို့ အစိုးရကောင်းတစ်ရပ် အနေနဲ့ လေးစားစွာဂုဏ်ပြုလိုက်ပါတယ်”လို့ ရေးသားခဲ့တာကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

ယနေ့ အောင်မြင်နေတဲ့ ညဈေးတန်းနဲ့အတူ နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ရည်ရွယ်ပြီး ဘဏ်လမ်းနေရာမှာ မကြာခင် အဆင့်မြင့် ညဈေးတန်းတစ်ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ ကြားသိရပြန်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရန်ကုန်တိုင်း ဒေသကြီးအစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်းပြီး မြေနီကုန်း ခုံးကျော်တံတား အနုပညာစီမံကိန်းကို ဒေါ်လာ တစ်သိန်းရှစ်သောင်း အကုန်ကျခံကာ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဌာနက ဒေါ်လာတစ်သိန်း တစ်သောင်းထောက်ပံ့ငွေနဲ့ ကျန်ဒေါ်လာ ခုနစ်သောင်းကို ပြည်တွင်းက စီးပွားရေးလုပ်ငန်းများ စုပေါင်းထည့်ဝင်ထားကြကြောင်း သိရပါတယ်။ ဆက်လက်ပြီးလည်း လှည်းတန်း၊ ရွှေဂုံတိုင်၊ ၈မိုင်၊ တာမွေ၊ ကမ္ဘာအေး ခုံးကျော်တံတားအောက် နေရာများမှာ အများ ပြည်သူ အပန်းဖြေနေရာများ ထပ်မံတည်ဆောက်သွားမှာပါ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်အနေနဲ့ ရန်ကုန်မြို့ကို သမိုင်းဝင် မြို့တော်တစ်ခုအဖြစ်ထားပြီး ရန်ကုန်မှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းပြုပြင်ပြီး နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်မယ်။ ရန်ကုန် မြစ်ကမ်းနားတစ်ခုလုံးကို အပန်းဖြေနေရာကြီးများအဖြစ် အများပြည်သူများအတွက် စီစဉ်ဆောင်ရွက်သွားမယ့်အပြင် ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ကို Water Taxi တွေ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ သန်လျင် Star City ကနေ ပန်းဆိုးတန်းဆိပ်ကမ်းအထိ ပထမအဆင့် စီစဉ်ထားပြီးတော့ ရေယာဉ် အန္တရာယ် ကာကွယ်ရေးအတွက် ရေယာဉ်အားလုံးကို ထိန်းချုပ်ရေး အော်ပရေတာကနေ Control လုပ်နေမှာဖြစ်ပြီး GPS System တွေနဲ့ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

မထသကို လာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလလောက်မှာ ဖျက်သိမ်းပြီး ယာဉ်လိုင်းပေါင်း ၆၀ ကျော်ပါဝင်မယ့် ရန်ကုန်မြို့တော်ကြီးအတွက် အများပြည်သူများ သွားလာရေး အဆင့်မြင့် ယာဉ်လိုင်းသစ်များ ပြေးဆွဲတော့မှာလည်း ဖြစ်ပါတယ်။ လမ်းမကြီးများပေါ်မှာ ယာဉ်လိုင်းတစ်လိုင်းချင်း သီးသန့်ပြေးဆွဲပြီး ယာဉ်အလုံအလောက်နဲ့ ပြေးဆွဲသွားမှာဖြစ်လို့ ယနေ့ကြုံတွေ့နေရသလို ခရီးသည်တင်ကားများ အလုအယက် ယာဉ်ကြောပိတ်ဆို့အောင် မောင်းနှင်နေမှုများ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရန်ကုန် မြို့ ပန်းဆိုးတန်းနဲ့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းက ဂိုဒေါင်ဟောင်းတွေကိုလည်း လူငယ်များအတွက် တီထွင်ကြံဆမှုရပ်ဝန်း (Innovation Center) များ ဖန်တီးပေးဖို့ စီစဉ်ဆောင်ရွက်နေပြီးတော့ မြန်မာလူငယ်များရဲ့ တီထွင်ကြံဆမှုများကို အားပေးမြှင့်တင်ပြီး နိုင်ငံတကာအထိ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက အရှေ့တောင် အာရှမှာ  Rangoon ရဲ့ အောင်မြင်မှုများနဲ့ မြန်မာတို့ရဲ့ နွေးထွေးမှုများကို ယနေ့ Yangon က ပြန်လည်မွေးဖွားပေးနိုင်အောင် အစိုးရသစ်အနေနဲ့ ချီတက်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်က အဲဒီလို ပြောင်းလဲလာပြီဖြစ်တဲ့ မိမိတို့နိုင်ငံ၊ မိမိတို့ ရန်ကုန်မြို့တော်ကြီးအတွက် ရန်ကုန်မြို့တော်သား ပြည်သူများမှာလည်း တာဝန်ကိုယ်စီ ရှိလာကြပါပြီ။ ရက်ပိုင်းအတွင်းက FB ပေါ်မှာ တွေ့မြင်ရသလို ခုံးကျော်တံတား စီမံကိန်းကြီးတောင် မပြီးသေးခင် ကွမ်းတံတွေးနဲ့ အမှိုက်တွေ စည်းကမ်းမဲ့ ပစ်တာမျိုးတွေကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ မြို့တော်နေ ပြည်သူများအနေနဲ့ မိမိတို့ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်ခုချင်းစီမှ အမှိုက်စွန့်ပစ်မှုနဲ့ ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးမှုများ၊ မော်တော်ယာဉ်များပေါ်မှ တံတွေးထွေးခြင်း၊ အမှိုက်ပစ်ချခြင်း စသည်များကို ၀ိုင်းဝန်းထိန်းသိမ်းကာ အပြန်အလှန် ထိန်းကျောင်းသွားကြဖို့ တိုက်တွန်းလိုပါတယ်။ မိမိတို့ရှေ့မှာ စည်းကမ်းမဲ့မှုများ တွေ့မြင်လာရပါကလည်း ပြည်သူအချင်းချင်း နွေးထွေးစွာ ရှင်းလင်းပြောဆို၊ ဆွေးနွေးတား ဆီးသွားကြဖို့နဲ့ တစ်ခေတ်တစ်ချိန်က စည်းကမ်းပြည့်ဝပြီး အရှေ့တောင်အာရှမှာ ထိပ်ဆုံးရောက်ခဲ့တဲ့ မြန်မာတို့ရဲ့ ရန်ကုန်မြို့တော်ကြီးအဖြစ် မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို ထိန်းကျောင်းရင်း တာဝန်ကိုယ်စီ ကျေပွန်ကြပါစို့လို့ တိုက်တွန်းရေးသား တင်ပြလိုက်ပါတယ်။

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗကသ)

 

Category: 

Share