မူလတန်းကျောင်းတစ်ကျောင်းလုံးတွင် ဆရာမတစ်ဦးသာရှိသဖြင့် စတုတ္ထတန်းကလေးများ စာမေးပွဲအောင်မြင်နိုင်ရေး ဒေသခံများစိုးရိမ်

မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘားဖြူကျေးရွာ အစိုးရ မူလတန်းကျောင်းတွင် စာသင်ကြားနေသည့်  ဆရာမမှာ တစ်ဦးတည်းသာ ရှိနေသဖြင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူများ အတန်းတင်စာမေးပွဲ မဖြေဆိုနိုင်မည်ကို အဆိုပါကျေးရွာမှ ဒေသခံများက စိုးရိမ်ပူပန်မှုများရှိနေသည်ဟု သိရှိရသည်။

“၁၀ လပိုင်းမှာ ဆရာ ဆရာမ ချပေးမယ်လို့ မြို့နယ်ပညာရေးမှူး က ကျွန်တော့်ကို ပြောခဲ့တယ်။ အခုထိ မရသေးဘူး။ ကျွန်တော် သွားမေးတော့ တိုင်းက စီမံတာဖြစ်တဲ့အတွက် တိုင်းကချပေးမှ ရမယ်လို့ ပြန်ပြောတယ်။ ၁ လ ပိုင်းကျရင် တင်ပေးပါမယ်လို့ လည်းပြောတယ်။ ကျွန်တော်တို့ က အတန်းတင်စာမေးပွဲမဖြေခင် ဖြစ်စေချင်တာ။ စာမေးပွဲဖြေပြီး မှ ချပေးတာမျိုးတော့ မဖြစ်စေချင်ဘူး။ စတုတ္တတန်းက အစိုးရစစ် စာမေးပွဲဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေ စာမေးပွဲ မဖြေနိုင်မှာကို မိဘတွေလည်း စိုးရိမ်နေကြတယ်” ဟု အဆိုပါ ကျောင်း၏  ကျောင်းကော်မတီ ဥက္ကဋ္ဌ ဦးသန်းအောင်က ပြော သည်။

“အရင်က ကျောင်းမှာဆရာမသုံးယောက်ရှိတယ်။ အခု တစ်ယောက်တည်းက အတန်းစုံကို ပြေးသင်နေရတော့ ကလေးတွေ ရဲ့ ပညာရေးအတွက် စိုးရိမ်ရတယ်။ အချိန်ပိုခေါ်ပြီး သင်တော့ သင်တယ်။ ဒါပေမဲ့ တစ်ယောက် တည်းက နှစ်တန်းလည်းသူ၊ သုံးတန်းလည်းသူ၊ လေးတန်းလည်း သူသင်နေရတာဆိုတော့ တကယ့် အတန်းတင်စာမေးပွဲကျ မဖြေနိုင်မှာစိုးတယ်”ဟု ကျောင်းသားမိဘ ကိုဌေးမြင့်က ပြောသည်။

၁၉၈၉ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ခဲ့သော အဆိုပါ စာသင်ကျောင်းသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ အစိုးရ မူလတန်းကျောင်းခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ အဆိုပါကျောင်းတွင် အတန်းစုံကျောင်း သားကျောင်းသူဦးရေ ၃၆ ဦးရှိ သည်ဟု သိရပြီး စတုတ္တတန်း ကျောင်းသား ကျောင်းသူဦးရေမှာ ၁၀ ဦးရှိသည်ဟု သိရသည်။

အောင်ကျော်ဦး(ရေနံချောင်း)

Category: 

Share