ရန်ကုန်မြို့လယ်၊ အကျယ်အ၀န်း ၁၈ ဧကကျော်၊ အဆောက်အအုံ ၃၃ လုံး၊ ငှားရမ်ခ တစ်လ ကျပ်သိန်း ၅၀ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ပြန်စစ်ပါဦး - လက်စောင်းထက်

ရန်ကုန်မြို့၏ အချက်အချာဖြစ်သော ရွှေတိဂုံဘုရား၏ အရှေ့ဘက်၊ ၁၈ ဧကကျော် အကျယ်အ၀န်းရှိ ကန်တော်ကြီး သဘာဝဥယျာဉ် မြေနေရာအား ယခင်အစိုးရလက်ထက်တွင် တစ်လ ကျပ် သိန်း ၅၀ ဖြင့် ဇေကမ္ဘာကုမ္ပဏီအား နှစ် ၃၀ အငှားချထားခဲ့သည်။ အဆိုပါ ကန်တော်ကြီးရှေ့တွင်ရှိသော ကွန်ဒိုတစ်ခုမှ မြေညီခန်း တစ်ခန်းငှားရမ်းခသည် တစ်လ ကျပ်သိန်း ၆၀ ဖြစ်ရာ ကန်တော်ကြီး သဘာဝဥယျာဉ်မှ ၁၈ ဧကအား တစ်လ ကျပ်သိန်း ၅၀ ဖြင့် ငှားရမ်းထားရှိမှုသည် သင့်လျော်ခြင်းရှိမရှိ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပြီး အများပြည်သူ အခမဲ့ အပန်းဖြေနိုင်ရေးအတွက် ပြန်လည်သိမ်းဆည်းရန် သို့မဟုတ် ခေတ်နှင့်လျော်ညီသော ငှားရမ်းခ ပြန်လည်သတ်မှတ်သင့်ပြီဖြစ်ကြောင်း စီးပွာရေးပညာရှင် တစ်ဦးက သုံးသပ်ခဲ့သည်။

ဒီမိုကရေစီ အစိုးရလက်ထက်တွင် ရန်ကုန်မြို့ရှိ ပန်းခြံများအတွင်းမှ ဆိုင်ခန်းများကို ဖယ်ရှားပြီး ပန်းခြံများကို အခမဲ့အပန်းဖြေနေရာများအဖြစ် ပြောင်းလဲခဲ့သော်လည်း ရန်ကုန်မြို့၏ အချက်အချာအကျဆုံး ကန်တော်ကြီးနှင့် ကရ၀ိက်နန်းတော်မှာမူ ပုဂ္ဂလိကကုမ္ပဏီအောက်တွင် ရှိနေသေးပြီး ပြည်သူများအနေဖြင့် ၀င်ရောက်အပန်းဖြေလိုပါက လူတစ်ဦးလျှင် ကျပ် ၃၀၀ ဖြင့် အခပေးဝင်နေရသည်။

စီးပွားရေးပညာရှင်တစ်ဦးက “အဆောက်အအုံ ၃၃ လုံး အပါအ၀င်မှ ကျပ်သိန်း ၅၀ ကတော့ လက်ဝါးချင်းရိုက် ငှားတာ သိပ်ပေါ်လွင်လွန်းနေတယ်။ တကယ်တမ်း ပေါက်ဈေးအရ ငှားမယ်ဆိုရင်လည်း ဒီ ၁၈ ဧကဟာ တစ်လကို ကျပ်သိန်းထောင်ချီပြီးရနိုင်တဲ့ နေရာဖြစ်တယ်။ ဒီဝင်ငွေတွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ထိထိရောက်ရောက် သုံးနိုင်တဲ့ ငွေပမာဏဖြစ်တယ်။ အခုတော့ ခရိုနီတစ်စုတစ်ဖွဲ့အတွက် ရန်ကုန်မြို့တော်က အချက်အချာအကျဆုံး အရင်းအမြစ်နေရာကို အလကားနီးပါး ပေးသုံးသလို ဖြစ်နေတယ်”ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် ဌာနမှူး ဦးကိုကိုလင်းက “စည်ပင်အနေနဲ့ ကန်တော်ကြီး အတွင်းမှာ နောက်ထပ် အဆောက်အအုံတွေ ထပ်မဆောက်ဖို့ တားမြစ်ထားပါတယ်။ အဆောက် အအုံဆိုရာမှာ ဖြုတ်လို့တပ်လို့ရတဲ့ ခေတ်ပေါ် မိုဘိုင်း အဆောက်အအုံတွေကအစ ခွင့်မပြုပါဘူး။ နှစ် ၃၀ မှာ အခုတော့ ဒုတိယ ငါးနှစ်ထဲ ရောက်နေပါပြီ။ ငှားရမ်းခကတော့ ဘယ်တော့မှ မဖြစ်သင့်တာ သိပါတယ်။ ဒါပေမဲ့ စည်ပင်တစ်ခုတည်း လုပ်လို့ရတာ မဟုတ်ဘဲ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရနဲ့ပါ ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က “အရင်အစိုးရလက်ထက်က သူတို့ကိုယ်ပိုင်အကျိုးစီးပွားအတွက် လုပ်ငန်းရှင်နဲ့ နိုင်ငံရေးအာဏာရှိသူတွေ ပူးပေါင်းဆောင်ရွက်သွားတာတွေ အများကြီးတွေ့ရတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်မှာဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဟာ အိမ်ရာစီမံကိန်းတွေဖြစ်လိုဖြစ်၊ လူတစ်စုလက်ထဲ ရောက်လိုရောက်နဲ့ ပြည်သူတွေ ပိုင်ဆိုင်တဲ့နေရာတွေ မရှိသလောက်ကို ဖြစ်သွားပြီ။ အရင် အစိုးရလက်ထက်က သယံဇာတ အရင်းအမြစ်ကို ရောင်းပြီး တိုင်းပြည်အတွက် ၀င်ငွေရှာတယ်။ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ တိုင်းပြည်ရဲ့ သယံဇာတကို မရောင်းဘဲ ၀င်ငွေဘယ်လိုရှာမလဲ ဆွေးနွေးကြတဲ့အခါ အခွန်အတုတ်တွေ မှန်မှန်ကန်ကန် ကောက်ခံရင် ရတယ်ဆိုတာ သွားတွေ့ပါတယ်။ ဒီတော့ လက်ရှိအငှားချထားတဲ့ မြေနေရာတွေ၊ ဆိုင်ခန်းတွေကို ပြန်ကြည့်တဲ့အခါမှာ မသင့်လျော်တဲ့ နှုန်းထားတွေနဲ့ ငှားရမ်းထားတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ ကန်တော်ကြီး သဘာဝဥယျာဉ်အပါအ၀င် အငှားချထားတဲ့ နေရာတွေကို ကွင်းဆင်းစစ်ဆေးပါမယ်။ ပြီးရင်တော့ ခေတ်နဲ့လျော်ညီတဲ့ အခွန်အတုတ် တိုးမြှင့်ကောက်ခံဖို့ လွှတ်တော်မှာတင်ပြ ဆွေးနွေးသွားဖို့ စီစဉ်နေပါတယ်” ဟု ရှင်းပြသည်။

ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်က အဆိုပါ ကန်တော်ကြီးမြေ ၁၈ ဧက ငှားရမ်းသည့် ကိစ္စနှင့်ပတ်သက်၍ မီဒီယာများက ရေးသားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပေ။ ငှားရမ်းခွင့်ရထားသော ဇေကမ္ဘာကုမ္ပဏီမှာ စစ်အစိုးရလက်ထက်က တပ်မတော်တွင် တတိယအာဏာ အရှိဆုံးဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ခမည်းခမက်တော်စပ်သော ဦးခင်ရွှေ ပိုင်ဆိုင်သဖြင့် စစ်အစိုးရ လက်ထက်တွင် ယခုကဲ့သို့ ပေါချောင်ကောင်းဈေးဖြင့် ငှားရမ်းခွင့်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားမှုများရှိနေသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်လည်း သူရဦးရွှေမန်းသည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်တည်ရှိနေသဖြင့် သမ္မတဦးသိန်းစိန်ရော၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေပါ သူရဦးရွှေမန်းနှင့် ထိပ်တိုက် မတွေ့လိုသည့်အတွက် ကန်တော်ကြီး သဘာဝဥယျာဉ်ကိစ္စကို လက်ရှောင်ထားခြင်း ဖြစ်နိုင်ကြောင်း ပြည်သူများက ဝေဖန်ပြောကြားခဲ့ကြသည်။

အလားတူ မလျော်သောနှုန်းထားဖြင့် အလွန်နည်းပါးသည့် ငွေပမာဏဖြင့် နှစ်ရှည်ငှားရမ်းထားသော မြေနေရာများ၊ အဆောက်အအုံများ၊ ဆိုင်ခန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း များပြားစွာ တည်ရှိနေသလို ယခင်အစိုးရ လက်ထက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း အလွန်နည်းပါးသည့် ငွေပမာဏဖြင့် ငှားရမ်းသွားသည့် နေရာများစွာရှိကြောင်း လေ့လာသူတစ်ဦးက ပြောသည်။ “ဥပမာ ပြောရရင် နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံတစ်ခုလုံးရော အဲဒီမြေရောကို ငှားထားတဲ့ ငွေပမာဏက အလွန်နည်းပါတယ်။ အခုတော့ ရင်းနှီးမြှုပ်နှံထားသူချင်း အမှုတွေဖြစ်နေလို့ အဲဒီနေရာက လုပ်ငန်း မစတင်နိုင်သေးပါဘူး။ ဒီလိုပဲ စစ်အစိုးရအာဏာလွှဲခါနီးမှာ ပုဂ္ဂလိကပိုင်ပြုရေးအဖွဲ့က နိုင်ငံပိုင်မြေနဲ့ အဆောက်အအုံတွေကို မလျော်မကန် ရောင်းချသွားတာတွေ အများကြီးရှိပါတယ်” ဟု ပြောသည်။ ခရိုနီတစ်ဦးဆိုလျှင် တစ်စတုရန်းပေလျှင် ကျပ်သုံးသိန်းတန်သည့် မြေနေရာကို ကျပ်ငါးသောင်းဖြင့် ရသွားသည့် အတွက် သူရရှိသွားသည့်မြေကွက် တစ်ခုတည်းမှာပင် အမေရိကန် ဒေါ်လာသန်း ၈၀ ခန့် အမြတ်အစွန်း ရရှိသွားကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောဆိုမှုများရှိခဲ့သည်။

ထို့ကြောင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အနေဖြင့် မလျော်မကန် ငှားရမ်းသွားသောနေရာများကို ပြန်လည်သိမ်းဆည်းခြင်း၊ ခေတ်နှင့်လျော်ညီသည့် အခွန်အတုတ်များကို တိုးမြှင့်ကောက်ခံခြင်းဖြင့် မြို့တော်နေပြည်သူများအတွက် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် လက်သိပ်ထိုးခွင့်ပြုသွားသော မြေနေရာများ၊ အဆောက်အအုံများကို အမြန်ဆုံး ကွင်းဆင်းစစ်ဆေးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

လက်စောင်းထက်

Category: 

Share