ဇာဂနာ မရယ်ရတော့ဘူး (၁၁) - ဇာဂနာ

ခုတလော ဇာဂနာ့အဖေကို တော်တော် သတိရမိပါတယ်။ သူမျိုးစေ့ချပေးခဲ့လို့ ရေဒီယိုတွေ နားထောင်တတ်၊ မိုးလင်းတာနဲ့ သတင်းစာ ဆာလောင်တတ်တာတွေ ဇာဂနာ့ကိုယ်မှာ ပူးကပ်ခဲ့တာကိုးခင်ဗျာ။ ဖေဖေက မျက်နှာသစ်ပြီးတာနဲ့ သတင်းစာ မျှော်တော့တာပါပဲ။ မနက်စာစားဖို့ မေမေက ပြင်ဆင်ပြီးပေမယ့် သတင်းစာ မလာမချင်း မစားဘူးခင်ဗျ။ ဒီတော့ ဇာဂနာ့မေမေက အော် ညတုန်းကလည်း BBC,BOA တွေ နားထောင်ပြီးပြီ မဟုတ်လား။ ဒီအစိုးရသတင်းစာက ဘာထူးလို့လဲ။ ဘုန်းတော်ဘွဲ့တွေများ ဖတ်ချင်နေသေးတယ်လို့ ပြောရင် ဇာဂနာ့ဖေဖေက ပြုံးပြီး နှစ်ဖက်မျှအောင် ဖတ်ရတာပေါ့တဲ့။ ဒါတစ်ရက်တည်း ဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တာပါ။ ဒီစကားတွေကလည်း နေ့ပေါင်းများစွာ မပြောင်းမလဲ ကြားနေခဲ့ရတာခင်ဗျ။ ခုလိုအချိန် အခါများဆို ဇာဂနာ့အဖေ ဘယ်လို သတ်မှတ်မယ် မသိဘူးခင်ဗျ။ သတင်းစာတွေ ဂျာနယ်တွေက ဖတ်မနိုင်လောက်အောင် များတာကိုး။ ဒီကြားထဲ အွန်လိုင်းသတင်းစာတွေက အများသားကလား။ ဖေ့စ်ဘွတ်ခ်သတင်း ဆိုတာတော့ ပြောမနေပါနဲ့တော့။ ဟုတ်တယ် မဟုတ်ဘူး သေချာလား မသေချာလား မသိဘူး။ သတင်းကတော့ ဂွပ်ကနဲ တက်နေတော့တာပါပဲ။

အိပ်ယာကထတာနဲ့ Facebook မဖတ်ရဲဘူးခင်ဗျ။ ဇာဂနာ မရယ်ရတဲ့အပြင် ငိုပါငိုသွားနိုင်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြားဖူးတာတွေ မမြင်ဖူးတာတွေ မြင်ရဖတ်နေရတာကိုး။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေလည်း နေ့တိုင်းပါပဲ။ မိသားစုလိုက် ကြိုးဆွဲချသေတာတွေလည်း တွေ့ရတယ်ခင်ဗျ။ ကိုယ့်သားသမီးကို ရှာမကျွေးနိုင်တော့လို့ သတ်သေသွားတာတွေလည်း တွေ့ရတယ်ခင်ဗျ။

ကလေးတွေကို မုဒိမ်းကျင့်တာလည်း နေ့တိုင်းပါပဲ။ ကမ္ဘာပေါ်က သီအိုရီဆရာကြီးတွေ ပိုးလိုးပတ်လက်တောင် လန်သွားပါဦးမယ်။ ဆင်းရဲမှုကနေစတဲ့ ပြဿနာ၊ ပညာမတတ်မှုကနေစတဲ့ ပြဿနာဆိုပြီး သူတို့ပဲရေးခဲ့ကြ၊ သူတို့ပဲ သီအိုရီတွေ ထုတ်ခဲ့ကြတာကိုးခင်ဗျ။ ခုတော့ ကျောင်းဆရာက တပည့်တွေအပေါ် ကျူးလွန်တာတွေ၊ အဖေအရင်းက သမီးအရင်းကို ကျူးလွန်တာတွေကို သူတို့သာသိရင် ဘာများပြောကြလေမလဲပေါ့ခင်ဗျာ။ မကြားဝံ့မနာသာ ဒကာမကလေးကို မုဒိမ်းကျင့်တာတောင် ဖတ်ရတယ်ခင်ဗျ။ တစ်ခါ သက်ငယ်မုဒိမ်း အများဆုံးဖြစ်တဲ့မြို့တွေကို နံပါတ်စဉ်ထိုးကြည့်လိုက် ပြန်ရင် (၁) ရန်ကုန် (၂) ဧရာဝတီ (၃) မန္တလေး (၄) စစ်ကိုင်းနဲ့ (၅) မကွေးတို့ခင်ဗျ။

မြန်မာတစ်ပြည်လုံးမှာ စီးပွားရေးအဖွံ့ဖြိုးဆုံး၊ ပညာအတတ်ဆုံး၊ နိုင်ငံတကာနဲ့ အဆက်ဆံဆုံး၊ ရန်ကုန်ရွှေမြို့တော်ကြီးက နံပါတ်တစ်နေရာကို ယူထားတယ်ဆိုတော့ နားကိုမလည် နိုင်တော့တာပါ။ ဆင်းရဲလို့ ပညာနည်းလို့ မုဒိမ်းမှုဖြစ်ရတယ်ဆိုတာ ဟုတ်ပါသေးရဲ့လား။ သက်ငယ်မုဒိမ်း ပပျောက်ရေးအတွက်ဆိုပြီး ပညာတွေ လိုက်လံ ပေးဝေဖြန့်ဖြူးနေကြတဲ့သူတွေကလည်း တောနယ် ကျေးလက်တွေဆီကိုပဲ သွားနေကြတာ ခင်ဗျ။ အမှန်ကတော့ ရန်ကုန်မှာ များများလုပ်သင့်တာပါ။ ဆီဒိုးနားတို့ ချက်ထရီယမ်တို့ တော်ဝင်နှင်းဆီတို့မှာ လုပ်ကြပါခင်ဗျာ။ တစ်ခုတော့ရှိတာပေါ့လေ။ လာနားထောင်ကြဖို့တော့ လိုတာပေါ့။ ခုဟာက ပညာပေးတယ်။ ပညာပေးတယ်ဆိုတာကို ဇာဂနာတို့ ငယ်ငယ်ကတည်းက ကြားခဲ့ရတာကြာပေါ့။ ဘယ်သူက ဘယ်သူ့ကို ပညာပေးနေမှန်းကို မသိတာပါ။ ဘယ်လောက်ပညာတွေ ရသွားတယ်ဆိုတာလည်း နားမလည်ပါဘူးခင်ဗျ။ သေချာတာတစ်ခုကတော့ ပညာပေးရင်း ပညာပေးရင်းနဲ့ မြန်မာတွေ ခိုးတတ်၊ လိမ်တတ်၊ စည်းကမ်းပျက်တတ်၊ ကျင့်ဝတ်ချိုးဖောက်တတ်လာတာ နှစ်ပေါင်း ၅၀ လောက် ရှိသွားပါကရောလား။ နိုင်ငံခြားက လူတွေကလည်း တော်တော်အားနေသလား မသိပါဘူး။ မြန်မာပြည်ထဲကို ပိုက်ဆံတွေ ယူယူလာပြီး ပညာတွေ လာပေးနေကြတယ်ခင်ဗျ။ ပြီးတော့လည်း ပညာဘယ်လောက် ရမရ မသိပါဘူး။ ပိုက်ဆံတွေတော့ရပြီး ပြန်သွားကြတော့တာပါပဲ။ ဇာဂနာတို့ မြန်မာတွေကတော့ ကျင့်ဆဲကျင့်မြဲ၊ ခိုးဆဲခိုးမြဲပါပဲခင်ဗျ။ ခုဆိုမြို့လယ်ခေါင် လောက်လေးဂွတိုက်တယ်လို့ ဖြစ်လာပါကရောလား။ ဓားပြတိုက်တယ်လို့ မသုံးစေချင်ပါဘူး။ ဓားမှ မပါတာကိုး။ ဓားပြပြီး လုယက်တာလည်း မဟုတ်ဘူးကိုး ခင်ဗျ။ လေးဂွပြပြီး တိုက်တာကိုး။ ဒါကြောင့် လေးဂွတိုက်တယ်လို့ သုံးစေချင်ပါတယ်။

တစ်ခါ အနီးအနားက ပြည်သူတွေကလည်း ညံ့ကြတယ်ခင်ဗျ။ ဒါကြောင့် နိုင်ငံခြားက ပိုက်ဆံတွေ ယူယူလာတဲ့ ဆရာကြီးတွေကို မေတ္တာရပ်ခံချင်ပါတယ်။ တန်ပြန် လေးဂွတိုက်ဖျက်နည်းလာပြီး သင်ပေးပါခင်ဗျာ။ မဟုတ်ရင် ပြည်သူတွေ ညံ့ပါတယ်လို့ အပြစ်ပြောတာ ဆက်ခံနေရမှာ စိုးလို့ပါ။ လက်တွေ့အသုံးချလေးဂွ တိုက်ဖျက်နည်းတို့၊ လက်တွေ့အသုံးချ လူဂွတိုက်ဖျက်နည်းတို့ပေါ့ခင်ဗျ။ ဆရာတို့လည်း နိုင်ငံခြားမှာ ပိုက်ဆံအလှူခံလို့ ကောင်းပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝပေါ့ခင်ဗျ။ တစ်ခုတော့ ထပ်ပြောပါဦးမယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ လုပ်ပါခင်ဗျ။ ရန်ကုန်က အမှုအခင်းအများဆုံးဆိုလို့ပါ။

ပြည်သူတွေကိုလည်း လျော့မတွက်စေချင်ပါဘူး ခင်ဗျာ။ ပြည်သူတွေက တာဝန်သိပါတယ်ခင်ဗျ။ ဘတ်စ်ကား ဆရာတွေကို ပြန်ပြီး ပညာပေးတာ ပြည်သူတွေပဲခင်ဗျ။ တိုင်းပြည်လုံခြုံရေး တာဝန်ယူထားတဲ့ ပြည်သူ့ရဲကြီးတွေ မအားတော့ ပြည်သူတွေက ကိုယ်စား ၀င်လုပ်ပေးတာပေါ့လေ။ ဒါမှ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်တော့မှာပေါ့ ခင်ဗျာ။ တကယ်လို့ စည်ပင် မအားရင်၊ တရားရေး မအားရင်လည်းပြောကြပါခင်ဗျာ။ ပြည်သူတွေ ၀င်လုပ်ပေးပါလိမ့်မယ်။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင် အုပ်ချုပ်ရေးလို့ ဆရာတို့ပဲ အဓိပ္ပာယ် ဖွင့်ခဲ့တာ မဟုတ်လားခင်ဗျာ။

တစ်ခုတော့ရှိပါတယ်။ လူတွေကိုးခင်ဗျာ။ စိတ်ခံစားမှုရှိပါတယ်။ ဘယ်ဘာသာတရားက ဘယ်လို ဆုံးမဆုံးမ လူဆိုတာ ချစ်တယ်၊ မုန်းတယ်၊ နာကျည်းတတ်ပါတယ်။ ဒေါသလည်း ထွက်တတ်ပါတယ်။ ဒါကြောင့် DEMOCRACY ဆိုတဲ့ ဒီမိုကရေစီကြီးမှာ ရှေ့ဆုံးက D ကို ဖြုတ်ပြီး EMOCRACY အီမိုကရေစီဆီကို ဦးတည်သွားမှာ ကြောက်ရပါတယ်။ ခေတ်ကိုက အီမိုတွေ ခေတ်စားနေတာကိုး ခင်ဗျာ။ ဒါကြောင့် ဇာဂနာလည်း မရီရတော့ပါဘူး ခင်ဗျာ။
ဆက်လက်ဖော်ပြပါမည်။

ဇာဂနာ

 

Category: 

Share