ဧရာမြစ်ကမ်းဘေး တစ်လုံးလျှင် ဂါလန် ၂ သန်း ဆံ့၊ လောင်စာကန် ၃၂ လုံး၊ ဆိပ်ခံစီမံကိန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရ ပြန်စစ်ပါဦး - လက်စောင်းထက်

ပြီးခဲ့သည့် ကန်တော်ကြီး သဘာဝဥယျာဉ် မြေနေရာနှင့်ပတ်သက်၍ ရေးသားခဲ့သည့် ဆောင်းပါးကို ရန်ကုန်တိုင်းဒေသကြီးနှင့် သက်ဆိုင်သူ Stake Holder အားလုံးက အသိအမှတ်ပြုကြိုဆိုကြောင်း ကြားသိခဲ့ရပါသည်။ ထို့ကြောင့် ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုပေးခဲ့သော စီမံကိန်းများစွာအနက် ပြည်သူလူထုအား တိုက်ရိုက်အကျိုးမပြုသော စီမံကိန်းများကို ဆက်လက်၍ ဖော်ထုတ်ရေးသားသွားမည် ဖြစ်ပါသည်။
ယခုတစ်ပတ်တွင် ရေးသားလိုသည်မှာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံရာနေရာ အင်းဝတံတား အောက်ဘက် မြစ်ရှေ့ဘက်ကမ်းတွင် ဆောက်လုပ်လျက်ရှိသော လောင်စာဆီကန် ဆိပ်ခံစီမံကိန်းပင်ဖြစ်သည်။ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ၌ နိုင်ငံတကာမှ လောင်စာဆီနှင့် စက်သုံးဆီများ တင်သွင်း၍ ပြန်လည်ဖြန့် ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင် (၅၁) ဦးက အများပိုင်ကုမ္ပဏီဖွဲ့ပြီး မန္တလေးတိုင်း အမရပူ ရမြို့နယ်ထဲတွင် ဆိပ်ခံစီမံကိန်း တည်ဆောက်နေခြင်းဖြစ်သည်။ သို့သော် ယင်းစီမံကိန်းမှာ ယခုအချိန်တွင် ကန့်ကွက်သူများပြားလွန်းသဖြင့် ယခုအချိန်တွင် ခေတ္တရပ်နားလျက်ရှိသည်။

လက်ရှိ အစိုးရသစ်လက်ထက် မန္တလေးတိုင်းဒေသကြီးအစိုးရပင် ကောင်းစွာ မသိရှိသေးသော ဤစီမံကိန်းသည် ဒေသခံကျေးလက်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမားများ၏ ကန့်ကွက်ခြင်းနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ယင်းလောင်စာကန် ဆိပ်ခံစီမံကိန်းစတင်ဆောင် ရွက်စဉ်က ဘိုးပိုင်ရိုက်မှုကြောင့် ဧရာဝတီ အနောက်ဘက်ကမ်း စစ်ကိုင်တောင်ရိုး တစ်လျှောက်ရှိ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများနှင့် သမိုင်းဝင် သပြေတန်းခံတပ်ကို တုန်ခါမှုများရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးကျော်ဇင်မြင့်က ပြောပြသည်။ ထို့အပြင် ဂါလန် ၂ သန်းဆံ့ လောင်စာကန် ၃၂ လုံး တည်ဆောက်မည်ဖြစ်ရာ လောင်စာဆီ ဂါလန် ၆၂ သန်း ထိန်းသိမ်းထားမည့် ဆိပ်ခံသည် မတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့လျှင် ပတ်ဝန်းကျင် မိုင် ၃၀ ပတ်လည်သို့ အန္တရာယ်ဖြစ်နိုင်ကြောင်း သူကပင် ဆက်လက်ပြောပြခဲ့သည်။

“အဲဒီကိစ်္စနဲ့ ပတ်သက်ပြီး အခု Project နဲ့ နီးစပ်တဲ့ရွာတွေက အကြောင်းကြားစာတွေ ပို့ထားလို့ ကျွန်တော် ပြည်နယ်လွှတ်တော်မှာ မေးခွန်းတင်ထားပါတယ်။ ဆီကန်တွေကို အခုနေရာတွေမှာ မဆောက်ဘဲ လူတွေနဲ့ ဝေးတဲ့နေရာမှာ ဆောက်ဖို့ပါဆိုပြီး ဒေသခံတွေရဲ့ ဆန္ဒအရ မေးခွန်းတင်ထားပါတယ်။ အခုဟာက လွှတ်တော်နားသွားလို့ပါ။ လွှတ်တော်ပြန်စရင်တော့ ပြန်မေးမှာပါ။ စတားပြမေးခွန်းပါ။ စာလည်း တင်ပြီးသားပါ။ ကုမ္ပဏီဘက်ကို ကျွန်တော်တို့ မေးကြည့်တယ်။ ဆီကန်ဆောက်ပြီး အန္တရယ် တစ်ခုခုဖြစ် ရင်ဘယ်လောက် အတိုင်းအတာထိ ပြည်သူတွေ ဒုက္ခရောက်မလဲ ဆိုတာမေးတာသူတို့လည်း မဖြေနိုင်ဘူးဖြစ်နေတယ်” ဟုလည်း အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောကြားသည်။

ယခု စီမံကိန်း၏ အခြေအနေသည် လောင်စာကန် ဆောက်လုပ်ရန်အတွက် အခြေခံအဆောက်အအုံများပင် ဆောက်လုပ်ပြီးစီးနေသည်ကို ဓာတ်ပုံပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် စီမံကိန်းအတွက် အထူး အရေးကြီး လိုအပ်နေသည့် Environmental Impact Assessment (EIA) နှင့် Social Impact Assessment (SIA) များ မပြီးစီးသေးဘဲ ဆောက်လုပ်နေသည်ဟု အမရပူမြို့နယ်ရှိ နိုင်ငံရေးပါတီ အဖွဲ့အစည်းများကလည်း ဝေဖန်ထောက်ပြလျက်ရှိသည်။

လောင်စာဆိပ်ခံ စီမံကိန်းနှင့် အနီးဆုံးကျေးရွာဖြစ်သော တပ်ကြီးရွာမှ ကိုမင်းသောင်းကလည်း ယခုလို ဝေဖန်ခဲ့သည်။
“အခြေခံကတော့ လုံးဝကို မနှစ်သက်တာတော့အမှန်ပဲ။ ဒေသခံတွေက အန္တရာယ်ကို အများဆုံး ဦးစားပေးကြောက်တာက နံပါတ်တစ်ပါ။ နံပါတ်နှစ်ကတော့ တောင်သူတွေ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ထိခိုက်နိုင်တာတွေ လည်းရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေစီးရေလာကောင်းတဲ့ နေရာတွေကို သူတို့က ကုန်းဖြစ်အောင် ဖို့ကြတာပဲ။ ကျွန်တော့် အနေနဲ့ပြောရရင် ဒေသခံတွေလည်း အန္တရာယ်ကင်း၊ တောင်သူတွေလည်း စိုက်ပျိုးရေးအဆင်ပြေမယ်ဆိုရင် ဘာမှပြောစရာမလိုဘူး။ Project ကို ဆီကန်မဟုတ်ဘဲ တခြားလုပ်မယ်ဆိုရင်တော့ ကန့်ကွက်စရာမရှိပါဘူး။ အခုဆောက်မယ့် ဆီကန်ကလည်း တစ်ကန်ကို ဂါလန် ၂ သန်းဆံ့ ဆီကန် ၃၂ ကန် ဆောက်မယ်ဆိုတော့ အန္တရာယ်တစ်ခုခုဖြစ်လာရင် မိုင် ၃၀ လောက်မှာရှိတဲ့ ဒေသခံတွေ ဒုက္ခရောက်ကြမှာပါ။ သူတို့ရဲ့ မြေအကျယ်က ၃၅ ဧက ကျယ်ပါတယ်။ အဲဒီထဲမှာ ဆီကန်တွေ ဆောက်မှာပါ။ ကန့်ကွက်မှုအနေနဲ့ ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ထံ စာပို့အကြောင်း ကြားထားပါတယ်” ဟု ၄င်းက ပြောသည်။

တပ်ကြီးရွာနည်းတူ ပတ်ဝန်းကျင်အနီးနားတွင် ရှိနေသော ရဲလွန်းကျော်ရွာ၊ ဘုန်းတော်နိုင်ငံရွာနှင့် ဆေးအိုးဘိုရွာများကလည်း ကျေနပ်မှုမရှိကြပေ။

ရဲလွန်းကျော်ရွာ ရပ်/ကျေး ဥက္ကဋ္ဌ ဦးသန်းလွင်က “သူတို့ဆောက်မယ့် ဆီကန်တွေက ဒေသခံတွေအတွက်တော့ အရမ်းကို အန္တရာယ်များတယ်။ ရဲလွန်းကျော်ရွာနဲ့ နည်းနည်းလှမ်းပေမယ့် တကယ်ဖြစ်လာရင် အတိဒုက္ခ ရောက်မှာပဲ။ ဆီကန်ဆောက်တာကိုတော့ လက်မခံပါဘူး။ အဲဒီနေရာမှာ တခြား Project ဆိုရင် ဘာမှမပြောလိုပါဘူး”ဟု ဆိုသည်။
ဘုန်းတော်နိုင်ငံရွာ ရပ်/ကျေး ဥက္ကဋ္ဌ ဦးစိုးမိုးအောင်ကမူ “သူတို့ရဲ့လုပ်ငန်းကို ကျွန်တော်တို့ အဓိက ကန့်ကွက်တာကတော့ စစ်ကိုင်းတံတားနဲ့လည်းနီးတယ်။ ရတနာပုံတံတားနဲ့လည်း နီးတယ်။ လူနေအိမ်တွေနဲ့လည်း နီးတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံပါ။ တိုးတက်ပြီးသားနိုင်ငံတွေဖြစ်တဲ့ ဂျပန်တို့ ကိုရီးယားတို့တောင် ဓာတ်ပေါင်းဖိုတွေ ယိုစိမ့်တာကို မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို စဉ်းစားဖို့လိုပါတယ်။ ကျွန်တော်တို့က Project ကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ လောင်စာဆီကိုပဲ ကန့်ကွက်တာပါ။ ဟိုတယ်တွေ၊ ဆိပ်ကမ်းတွေ တခြားလုပ်ငန်းတွေ ဆောက်မယ်ဆိုရင် အကူအညီတောင် ပေးဦးမှာပါ”ဟု သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

ဆေးအိုးဘိုရွာမှ ကိုနေ၀င်းက “ကျွန်တော်တို့ရဲ့ သဘောထားကို ပြောရရင် သဘောမတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အကျိုးစီးပွားအတွက် လာလုပ်တာပါ။ သူတို့က လာလုပ်တာ အခု တောင်သူတွေလည်း ဒုက္ခ ရောက်နေကြရပြီ။ သူတို့ဘက်မှာရှိတဲ့ ရေထွက်ပေါက်တွေကို ပိတ်လိုက်တယ်။ ရေထွက်ကြောင်းတွေမှာ ရေမထွက်ဘဲ မိုးတွင်းမှာ ရေမြုပ်တော့ မိုးမှာ လယ်တွေရာချီပြီး ပျက်စီးသွားပါတယ်။ အခု ဆီကန်ဆောက်မယ့် နေရာဆိုရင် ကျွန်တော်တို့ရွာနဲ့ တစ်မိုင်ပဲ ဝေးတယ်။ ဖြစ်ရင်လှည့်ပြေးဖို့ အချိန် တောင်ရမှာမဟုတ်ဘူး။ ရွာက ကန့်ကွက်တဲ့စာတော့ မပို့ရသေးဘူး။ ပို့မှာပါ။ အဓိကတော့ ဒီ Project ကြောင့် ချောင်းတွေ ပိတ်ဆို့ခဲ့ပြီး၊ မိုးကြောင့်လယ်တွေ ပျက်စီးသွားတာ ခံလိုက်ရတယ်။ နောက်တစ်ချက်ကတော့ စီမံကိန်းဖြစ်သွားရင် အဲဒီဘက်တွေကို မသွားရ၊ မလာရဆိုပြီး တားမြစ်နယ်မြေတွေ လုပ်လာမှာပါ။ ဆီကန်ဆောက်မယ့်အစား တခြား Project ဆိုရင် အကောင်းဆုံးဖြစ်မှာပါ”ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အစိုးရသစ် လက်ထက်တွင် စီးပွားရေး တုံ့နှေးနေသည့်အတွက် စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရန် ပညာရှင်များက ထောက်ပြလျက်ရှိသည်။ သို့သော် ပြည်သူတင်မြှောက်လိုက်သော အစိုးရအနေဖြင့် သက်ဆိုင်ရာစီမံကိန်းများအား ဒေသခံပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများ သိရှိစေရန် ပွင့်လင်းမြင်သာမှုရှိရှိ သတင်းထုတ်ပြန်ပြီး ဥပဒေနှင့် ညီမညီ စိစစ်ရန်လိုအပ်နေပါသည်။ ထို့ကြောင့် အမရပူရ မြို့နယ်ရှိ အထက်ပါ စီမံကိန်းကိုလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့် ပြန်လည်စိစစ်နိုင်ပါရန် အကြံပြုရေးသားလိုက်ပါသည်။

လက်စောင်းထက်

 

Category: 

Share