ဆောင်ရွက်မှု အနုပညာကဗျာ အဖြူရောင် သက်တံ (၁၀) နှစ်မြောက်မှာ ခွဲသွားသူ ထိုငါးယောက် - ဇော်သက်ထွေး

ကရင်နှစ်သစ်ကူးနေ့က တော်ဝင်နှင်းဆီမှာ အဖြူရောင်သက်တံ (၁၀) နှစ်မြောက် အထိမ်းအမှတ် စာအုပ်မိတ်ဆက်ခြင်းနဲ့ ဆောင်ရွက်မှု အနုပညာကဗျာပြပွဲ (Poetry Performance Art)ကို ပြုလုပ်ခဲ့ကြပါတယ်။ အဖြူရောင်သက်တံဆိုတာ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော်၊ သဘင်ဂီတသမားတွေ ပေါင်းစပ်ပြီး HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအတွက် ရန်ပုံငွေ ရှာပေးခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က ဖိနှိပ်မှုပြင်းထန်တဲ့ အာဏာရှင်အစိုးရ လက်အောက်မှာ အရဲစွန့်ပြီး ပေါင်းစပ် အနုပညာပြပွဲကို ကဗျာဆရာ အောင်ဝေး၊ စောဝေနဲ့ ဇော်သက်ထွေးတို့က ဦးဆောင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က ဒီရန်ပုံငွေပြပွဲဟာ HIV ကူးစက်ခံ ကလေးငယ်တွေကို အကြောင်းပြပြီး နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်တယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြပွဲတွေကို တားမြစ်လိုက်ရင် အရမ်းရုပ်ဆိုးသွားမှာ ဖြစ်တဲ့အတွက် မတတ်သာဘဲ ပွဲကျင်းပခွင့်တွေကို ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖြူရောင်သက်တံဟာ အမြတ်နှစ်ခုထွက်ခဲ့ပါတယ်။ ပထမအမြတ်ကတော့ မိဘတွေ သေသွားလို့ လူ့လောကအလယ်မှာ ကူရာမဲ့ ကျန်ရစ်ခဲ့တဲ့ ရောဂါရှင် ကလေးငယ်တွေအတွက် အေးချမ်းလုံခြုံတဲ့ နေရာထိုင်ခင်း၊ အဆောက်အအုံတွေရအောင် ရန်ပုံငွေရှာဖွေပေးနိုင်ခြင်းပါပဲ။ ဒုတိယအမြတ်ကတော့ သီးခြားစီတည်ရှိ နေတဲ့အနုပညာတွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြသနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီပေါင်းစပ်ပြပွဲကို အဲဒီအချိန်က Mr.Guitar စားသောက်ဆိုင်ပိုင်ရှင် ကိုနေမျိုးဆေးက နေရာပေးခဲ့ပါတယ်။ ထူးဆန်းစွာပဲ ဒီပေါင်းစပ်ပြပွဲမှာ အနုပညာသမားတွေဖြစ်တဲ့ စိုးသော်တာ၊ မောင်နီဦး၊ မင်းထက်မောင်၊ မိုဃ်းဇော်၊ မအိ၊ သိမ်းတင်သား၊ စန်းဦး၊ နေမျိုးဆေး၊ စောဝေ၊ အောင်ဝေး၊ ဇော်သက်ထွေး၊ မင်းခိုက်စိုးစန်၊ မာဂျေ၊ ကျော်စိုးဝင်း၊ ဆွေနိုင်စစ်၊ ရွှေညာခိုင်စိုး၊ ၀င်းငြိမ်း၊ မြတ်ခိုင်၊ ဟိန်းလတ်၊ နှင်းဝေငြိမ်း၊ လွတ်လပ်အိမ်၊ မြင့်ဦးဦးမြင့်၊ ညီပုလေး၊ မြလင်းဖြူ၊ ဂျူး၊ သန်းမြင့်အောင်၊ ချစ်ဝင်းမောင်၊ ငြိမ်းအေးအိမ်၊ ချောအိမာန် (မန္တလေး)၊ ဇော်ခိုင်ဦး၊ မျိုးမင်းမင်း၊ ကိုစိုင်း၊ သင့်နော်၊ ကျော်ရင်မြင့်၊ ကိုသက်(တောင်ငူ)၊ အိန္ဒြာ၊ စုထား၊ ပိုင်စိုးဝေ၊ လမင်းဝေး၊ အာကာဒိုဒို၊ နွမ်ဂျာသိုင်းတို့ စာပေဘက်က ပါဝင်ခဲ့သလို ရုပ်ရှင် ဂီတသဘင်နယ်ထဲက ဗေလုဝ၊ လွင်မိုး၊ မင်းမော်ကွန်း၊ ရီဝေယံ၊ ရာဇာနေ၀င်း၊ ဟန်ဇာမိုးဝင်း၊ သင်ဇာဝင့်ကျော်၊ ပုလဲဝင်း၊ ၀ိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ သီရိရှင်းသန့်၊ ဆန်းထွဋ်၊ Lလွန်းဝါ၊ ရဲလေး၊ ဟက်ကက်၊ သျှီ၊ ငယ်ငယ်၊ ဂျွန်၊ ဆုကဗျာ၊ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း၊ အိရူပါဝင်း၊ ချစ်သုဝေ၊ ချစ်ဆုဝေ၊ ပုလဲဝင်း၊ တင်မိုးလွင်၊ နန္ဒစိုင်း၊ ငွေစင်သွန်း၊ သဇင်သင်း၊ ရတနာပုံ၊ ဇေဇေ၊ ဇင်ဇင်၊ ဖြူဖြူကျော်သိန်း၊ မင်းချစ်သူ၊ ဘိုဖြူ၊ မောင်ဇော်သစ်၊ ကျားပေါက်၊ အယ်ဖြူ၊ ရဲတိုက်၊ အောင်မြတ်သာ၊ ထက်ထက်ဝင့်၊ အေးမြတ်သူ၊ မြင့်မိုးအောင်၊ အံ့မော်ဦး၊ မိုးမိုး၊ ချမ်းဟိန်းကြွယ်၊ ကိုအောင်၊ ကိုင်ဇာတင်မုံ၊ ဧထက်၊ ရသ၊ ၀တ်မှုံရွှေရည်၊ စန်္ဒီမြင့်လွင်၊ မယ်လိုဒီ၊ နန်းဟွမ်ခမ်း၊ ရွှန်းစိမ့်စိမ့်တို့ ဖြစ်ကြပါတယ်။ စတိတ်အပြင်အဆင်ကိုတော့ ကိုနေမျိုးဆေးက လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်က ပထမဦးဆုံး အနုပညာပေါင်းစပ်ပြပွဲ ဖြစ်တာကြောင့် အနုပညာ အသိုင်းအ၀ိုင်းကရော ပြည်သူတွေကပါ အထူးစိတ်ဝင်စားခဲ့ကြပါတယ်။

 

အဖြူရောင်သက်တံ အနုပညာပြပွဲမှာ (Poetry Performance Art)တွေက လွှမ်းမိုးထားခဲ့ပါတယ်။ အဓိပ္ပာယ်ဖော်ရခက်တဲ့ ဒီပြပွဲတွေကို အဲဒီအချိန်က တန်ခိုးထွားခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးက မျက်စိဒေါက်ထောက် ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ကဗျာဆရာ တွေကလည်း အစိုးရကို စိတ်အချဉ်ပေါက်နေချိန်၊ ဆရာမဒေါ်သန်းမြင့်အောင်ကလည်း မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ် ၁၁ ယောက်ကို အစိုးရက မစောင့်ရှောက်နိုင်တဲ့အတွက် အကူအညီတောင်းတဲ့အချိန် အနုပညာသမားအားလုံးက တက်တက်ကြွကြွ မကြောက်မရွံ့ ပါဝင်ခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အဖြူရောင် သက်တံအနုပညာပြပွဲကရတဲ့ ရန်ပုံငွေတွေကို အသုံးပြုကာ မြောက်ဒဂုံမှာ မြေကွက်ဝယ်ပြီး သုခရိပ်မြုံဆိုတဲ့ အဆောက်အအုံတစ်လုံး ပေါ်ပေါက်လာစေတာပါပဲ။ အခုဆိုရင် သုခရိပ်မြုံ(ရန်ကုန်)နဲ့ သုခရိပ်မြုံ (မန္တလေး)ဆိုပြီး ကလေးတွေအတွက် ကွန်းခိုရာနေရာနှစ်ခု ရှိခဲ့ပါပြီ။ ရန်ကုန်မှာ ကလေး ၁၁၉ ယောက်ကို စောင့်ရှောက်ထားနိုင်ပြီး မန္တလေးမှာ ၆၆ ယောက်ကို စောင့်ရှောက်နိုင်ခဲ့ပါတယ်။ အဲဒီအထဲက ကလေးနှစ်ယောက်ဟာ ဆယ်တန်းစာမေးပွဲကို အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါတွေဟာ အဖြူရောင်သက်တံရဲ့ နှလုံးသားက ပေါက်ဖွားခဲ့တဲ့ မေတ္တာတရားရလဒ် ဖြစ်ပါတယ်။
ဒါပေမဲ့ ၀မ်းသာစရာတွေထဲမှာ ၀မ်းနည်းစရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ အဖြူရောင် သက်တံရဲ့ ပေါင်းစပ် အနုပညာပြပွဲမှာ ပါဝင်ကူညီခဲ့တဲ့ အနုပညာသမား ၅ ဦးဟာ ဆယ်နှစ်မြောက် အခမ်းအနားကို မတက်ရောက် နိုင်တော့ဘဲ ကြွေလွင့်သွားခဲ့ပါတယ်။ သူတို့တွေကတော့ အဆိုတော် တေးရေးဆရာ အယ်ဖြူ၊ မော်ဒယ်သဇင်သင်း၊ ရုပ်ရှင်ဒါရိုက်တာ အောင်မင်းသိမ်း၊ ကဗျာဆရာ ငြိမ်းအေးအိမ်ရဲ့သား ဂီတဆရာ နိုင်ငံငြိမ်းအေး၊ နိုင်ငံရေးသမား စာရေးဆရာ ၀င်းအောင်လွင် (စီးပွားရေးတက္ကသိုလ်)တို့ပဲ ဖြစ်ပါတယ်။

အဆိုတော်အယ်ဖြူဟာ တေးရေး မောင်မောင်ဇော်လတ်ရဲ့ စာသားကို သံစဉ်ထည့်ပြီး အဖြူရောင် သက်တံပြပွဲမှာ မောင်မောင်ဇော်လတ်၊ မိုးမိုးတို့နဲ့အတူ သီဆိုခဲ့ကြပါတယ်။ တီးခတ်သူကတော့ လီယိုနာ့ဒ် မောင်မောင်လွင် ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင် သဇင်သင်းဟာ ကဗျာဆရာ  ကိုအောင်ဝေး ကျင်းပပြုလုပ်ခဲ့တဲ့ ၀န်တင်လိပ်ပြာ အနုပညာပြပွဲမှာ ကူညီခဲ့ပြီး အဖြူရောင်သက်တံမှာ ဆက်လက် ပါဝင်ခဲ့ပါတယ်။ သူမဟာ အစာအိမ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး လူ့ဘ၀ကို စောစီးစွာ ကျောခိုင်းခဲ့ရပါတယ်။ အဖြူရောင်သက်တံမှာ ရုပ်ရှင်သမားတွေကိုယ်စား ဇာဂနာ၊ လွင်မိုးတို့နဲ့အတူ ပါဝင်ခဲ့တဲ့ နောက်တစ်ယောက်ကတော့ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်းဆရာ ကိုအောင်မင်းသိမ်း ဖြစ်ပါတယ်။ သဘောကောင်းတဲ့ ကိုအောင်မင်းသိမ်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသည်းကင်ဆာနဲ့ ၂၀၀၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ရပြန်ပါတယ်။ နောက်တစ်ယောက်ကတော့ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကျောင်းသား စာရေးဆရာ၊ ကျူရှင်ဆရာဝင်းအောင်လွင် (စီးပွားရေးတက္ကသိုလ်)ဖြစ်ပါတယ်။ သူကလည်း အဖြူရောင်သက်တံမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာဝင်းအောင်လွင်ဟာ ၂၀၁၅ ခုနှစ်မှာ ကြွေလွင့်ခဲ့တာ ဖြစ်ပါတယ်။ အဖြူရောင်ပြပွဲတွေရဲ့ Backing Music ကို ဖန်တီးပေးခဲ့တဲ့ အဓိက ဂီတဆရာကတော့ တယောချမ်းဟိန်းကြွယ် ဖြစ်ပါတယ်။ ချမ်းဟိန်းကြွယ်ရဲ့ တပည့်လည်းဖြစ်ပြီး အဖြူရောင်သက်တံမှာ ဂစ်တာကူညီတီးခတ်ပေးတဲ့ လူငယ်တစ်ယောက် ရှိခဲ့ပါတယ်။ သူ့နာမည်ကတော့ နိုင်ငံငြိမ်းအေးလို့ ခေါ်ပါတယ်။ သူဟာနိုင်ငံရေးသမား ခေတ်ပေါ် ကဗျာလောကကို ဦးဆောင်ခဲ့တဲ့ ဆရာငြိမ်းအေးအိမ်ရဲ့ အချစ်ဆုံးသားလည်း ဖြစ်ပါတယ်။ နိုင်ငံငြိမ်းအေးဟာ အဖြူရောင်သက်တံ (၁၀)နှစ်မြောက်ပွဲ မကျင်းပခင် နှစ်လအလိုမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ (၁၀) နှစ်မြောက် အခမ်းအနားမှာ ဖခင်ဖြစ်သူ ငြိမ်းအေးအိမ်က ကဗျာရွတ်တော့ သူ့ဘေးနားမှာ သူ့သားလေးရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားတဲ့အခါမှာ ကျွန်တော်တို့အားလုံး ရင်ဆို့ခဲ့ရပါတယ်။ (၁၀)နှစ်မြောက် အဖြူရောင်သက်တံ အခမ်းအနားမှာ မထင်မှတ်ဘဲ ရောက်လာသူကတော့ ဖွင့်ပွဲမှာ သရုပ်ဆောင် ရီဝေယံနဲ့ ပူးတွဲပြီး ကဗျာရွတ်လေ့ရှိတဲ့ ဆရာမ ချောအိသိမ်းပဲ ဖြစ်ပါတယ်။ သူရောက်လာမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ အခုတော့ အဖြူရောင်သက်တံရဲ့ အစဉ်အလာအတိုင်း အဖွင့်ကဗျာကို ဆရာမ ချောအိသိမ်းနဲ့ ရီဝေယံတို့က လွန်ခဲ့တဲ့ ၁၀ နှစ်က “စိမ်းကားစရာ မလိုတော့ဘူး” ဆိုတဲ့ ကဗျာကိုပဲ ရွတ်ဆိုခဲ့ကြပါတယ်။

ဇော်သက်ထွေး

Category: 

Share