နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ငြိမ်းချမ်းရေး ထုဆစ်ကြပါစို့ - အောင်မြင်သူ

Happy New Year ဆိုတဲ့ နှုတ်ခွန်းဆက်သံတွေနဲ့ ၂၀၁၇ နှစ်သစ်ကို ကမ္ဘာ့လူသားတွေ ကြိုဆိုကြမှာ ဖြစ်ပါတယ်။ နှစ်ဟောင်းမှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ နှစ်သစ်ကိုတော့ ပျော်ရွှင်စွာ ဖြတ်သန်းပြီး နှစ်သစ်မှာ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေ့ချင်ကြမှာ ဖြစ်သလို၊ ပျော်ရွှင်ဖွယ်နှစ် ဖြစ်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မြန်မာတွေကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်ဆန်းတစ်ရက်နေ့မှာ ဦးခေါင်းကအစ ဆေးကြောကြတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရုံ၊ ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းရုံနဲ့ မပြည့်စုံပါဘူး။ ကိုယ့်ရဲ့ အတွင်းစိတ်ဓာတ် ကောင်းမွန်အောင် ပြုပြင်ပြီး နှစ်သစ်ကို စဖို့အရေးကြီးပါတယ်။

ကျွန်တော်တို့ ရန်ကုန်သူ၊ ရန်ကုန်သားတွေရဲ့ စိတ်ဓာတ်တွေ ဘယ်လောက် ကောင်းမွန်တိုး တက်တယ်ဆိုတာတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ည အင်းယားကန်ဘောင်မှာ ပျော်ပျော်ပါးပါး နှစ်သစ်ကူးပြီး အမှိုက်တွေ ဘယ်လောက်ပစ်ခဲ့တယ် ဆိုတာနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ပစ်သူ ရှိသလို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ တိုင်းပြည်အတွင်း နိုင်ရာတာဝန်ထမ်းမယ်ဆိုတဲ့ လူငယ် အဖွဲ့အစည်းတွေ အမှိုက်ကောက်တဲ့ မြင်ကွင်းကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို လူကောင်းလူဆိုးဆိုတာ ရှိပါတယ်။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ပြန်ကြည့်ရင် မင်းကောင်းရှိခဲ့သလို မင်းဆိုးမင်းညစ်တွေလည်း ရှိခဲ့တယ်။ ကောင်းတဲ့ မင်းခစား ရှိသလို မကောင်းတဲ့ မင်းခစားတွေလည်း ရှိပါတယ်။ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းလက်ထက်မှာ အထင်အရှားဖြစ်ပါတယ်။ အင်္ဂလိပ်ကျွန်ခေတ်မှာလည်း အင်္ဂလိပ် အလိုတော်ရိတွေ ရှိသလို အင်္ဂလိပ်ကို တော်လှန်သူတွေ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင်လည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေ ပြန်လေ့လာပြီး တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်၊ မိမိကိုယ်မိမိ ပြုပြင် ဆောင်ရွက်ဖို့ လိုပါတယ်။

တန်ဖိုးရှိတဲ့ခေါင်းဆောင်
နှစ်သစ်ကူးပြီးတာနဲ့ မြန်မာတွေရဲ့ ရက်ထူးရက်မြတ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ဆိုတာနဲ့ လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို သတိရကြမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်လို စိတ်ဓာတ်မျိုး မမွေးနိုင်ရင်တောင်မှ ဗိုလ်ချုပ်ပြောခဲ့တာတွေ နားထောင်ပြီး ကြိုးစားစေချင်ပါတယ်။ လွတ်လပ်ရေးရရင် စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ လွတ်လပ်ရေးရတော့မယ်ဆိုတာနဲ့ ကားလမ်းပေါ်တက်ပြီး ဆေးရိုးလှမ်းတာတွေ ပြောခဲ့ပါတယ်။ ဒီမိုကရေစီစနစ် အောင်မြင်ဖို့ဆိုရင် ပလက်ဖောင်းပေါ်တက်ပြီး ဈေးရောင်းနေသူတွေ စည်းနဲ့ကမ်းနဲ့ နေရာချပေးတဲ့နေရာမှာ ရောင်းချဖို့ လိုပါတယ်။ တစ်ချိန်တုန်းက အကျင့်ပျက်ဝန်ထမ်းတွေနဲ့ အပေးအယူလုပ်ပြီး ရောင်းချနေတာ တရားမ၀င်ဘူး။ ထမင်းအိုးရိုက်ခွဲတယ်ဆိုတဲ့ ဆင်ခြေမပေးပါနဲ့။ ကိုယ့်တိုက်ခန်းရှေ့ ကိုယ်ခင်းပြီး ရောင်းနေသူတွေ၊ မြို့လယ်တိုက်ခန်းဖြစ်လို့ ရောင်းရင် သိန်းရာထောင်ချီ ရနိုင်ပါတယ်။ အိမ်ခန်းရောင်းပြီး ရွာပြန်လုပ်စားလို့ရတယ်။

ဒီနေ့ နိုင်ငံကို ဦးဆောင်နေသူဟာ ရွေးကောက်ပွဲနီးမှ ပါတီဖွဲ့ပြီး ၀င်ပြိုင်တဲ့ခေါင်းဆောင် မဟုတ်ဘူး။ တိုင်းပြည်နဲ့လူမျိုးကို တိုးတက်ကောင်းမွန်စေချင်လို့ အစစအရာရာ စွန့်လွှတ်အနစ်နာခံခဲ့သူ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ခေါင်းဆောင်ကိုယုံပြီး ၈၀ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ကြတာဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ အရေးကြီးပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ စည်းရုံးရေးမဲဆွယ်စဉ်၊ ဓနုဖြူကို ရောက်တုန်းက အဖြစ်အပျက်တစ်ခု ကျွန်တော်ရေးခဲ့ ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုတဲ့ လူအုပ်ကြီးကို ဦးဆောင်ပြီး ချီတက်လာတယ်။ စည်းကျော်ရင် ပစ်မယ်ဆိုပြီး အရာရှိငယ်လေးက ကျည်ထိုးလိုက်တယ်။ အစည်းအဝေးက ပြန်လာတဲ့ ဗိုလ်မှူးတင်ဖေအေး ရုတ်တရက်ရောက်လာပြီး “ဟေ့မပစ်နဲ့၊ ဒါစစ်မြေပြင် မဟုတ်ဘူး၊ နိုင်ငံရေး” ဆိုပြီး တားခဲ့ပါတယ်။ တားဆီးတဲ့ ဗိုလ်မှူးတင်ဖေအေးကို အရေးယူဖို့ ခုံရုံးဖွဲ့တယ်။ ခုံရုံးမစစ်မီ တိုင်းမှူးက ခေါ်မေးချိန်မှာ “ကျွန်တော် တိုင်းမှူးကို ဂဠူန်ဦးစောလို မဖြစ်စေချင်လို့ပါ” ဆိုပြီး ဖြေခဲ့တယ်။ သူ့အဖြေကြောင့် တိုင်းမှူး သူ့ကို အရေးမယူတော့ပါဘူး။ ဆိုလိုတာက ခေါင်းဆောင် ဖြစ်ပါတယ်။ အတွေ့အကြုံ အတွေးအခေါ်နည်းတဲ့ အရာရှိငယ်ကို အချိန်မီ ထိန်းလိုက်နိုင်တဲ့ ဗိုလ်မှူးဖြစ်ပါတယ်။
ဂဠုန်ဦးစောဆိုတာနဲ့ သမိုင်းကို ပြန်ကြည့်ပါ။ အာဏာလိုချင်လို့လား၊ အင်္ဂလိပ်က ခိုင်းလို့လား၊ ပုဂိ္ဂုလ်ရေး မုန်းတီးလို့လား။ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်လုပ်ကြံခံရတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတာက မြန်မာတစ်ပြည်လုံး ကျဆုံးသွားခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရပြီးချိန်ကစပြီး နှစ်ပေါင်းများစွာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်မရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ဆုံးရှုံးမှုဟာ နိုင်ငံရဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ လုပ်ကြံသူဟာ မျိုးချစ်ပါတီရဲ့ ခေါင်းဆောင်ဦးစော ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်များ နိုင်ငံခေါင်းဆောင်ကို တိုက်ခိုက်နေတာ နိုင်ငံတော်ကို တိုက်ခိုက်နေတာဖြစ်ကြောင်း သိဖို့လိုတယ်။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်အေးချမ်း တိုးတက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီနေ့ NLD က တာဝန်ရှိသူတွေ ဘာအရည်အချင်းရှိလို့လဲ။ ဘာအတွေ့အကြုံရှိလို့လဲဆိုပြီး တိုက်ခိုက်နေမဲ့အစား ပြည်သူတွေရဲ့ ထောက်ခံမှုရအောင် လုပ်ပြစေချင်ပါတယ်။
နှစ် ၇၀၀ တိုင်တိုက်ကြမှာလား
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြီးရင်၊ ဗိုလ်ချုပ် ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ပြီး တပ်မတော်ကို မေ့ထားလို့မရဘူး။ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာ့တပ်မတော်မှာ ဗမာလူမျိုးတွေနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်။ အစိုးရကို မကျေနပ်လို့ တောခိုသွားသူတွေထဲမှာ ဗမာလူမျိုးဖြစ်တဲ့ သခင်စိုး၊ သခင်သန်းထွန်းတို့ အရင်ဆုံးဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်ထဲက တပ်အချို့လည်း ပါသွားတယ်။ နောက်ပိုင်းမှ ကရင်၊ ရှမ်း၊ ကချင်တပ်တွေ တောခိုသွားတာ ဖြစ်ပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသား တပ်တွေကိုပဲ ရွေးတိုက်နေတာ မဟုတ်ဘူး။ ဗမာတွေ အများစုပါဝင်တဲ့ ပြည်မထဲက ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံး တိုက်ခိုက်ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ရန်သူမှန်သမျှ ချေမှုန်းမှာ ဖြစ်ပါတယ်။

ဘယ်လို အကြောင်းပြချက်နဲ့ တိုက်နေတဲ့ စစ်ပွဲဖြစ်ဖြစ် စစ်ပွဲတွေရပ်ပြီး တိုင်းပြည်ငြိမ်းချမ်းအောင် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း လုပ်နေတာမဟုတ်ဘူး။ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့အတူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တာဖြစ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်မှာ မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒကိုလည်း ဗိုလ်ချုပ်မှူးကြီး လက်ခံသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကိစ္စပြီးရင် အခြေခံဥပဒေပြင်ဆင်ဖို့ တပ်မတော်က လက်ခံထားတာဖြစ်မယ်လို့ ယူဆရပါတယ်။
ကျွန်တော်တို့ ပြည်တွင်းစစ် တိုက်လာတာ နှစ်ပေါင်း ၇၀ ရှိပါပြီ။ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ဦးလက်ထက်မှာမှ စစ်ပွဲတွေ မရပ်နိုင်ရင် နောင်နှစ်ပေါင်း ၇၀၀ တိုင် စစ်ပွဲတွေ ပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အကောင်းဆုံး နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေ ရထားချိန်ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်အားလုံး ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာ့သမိုင်းမှတ်တိုင်မှာ ငြိမ်းချမ်းရေး ခေါင်းဆောင်များအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

အောင်မြင်သူ

 

Category: 

Share