၂၀၁၆ အလွဲများ - မာဂျေ

၂၀၁၆ ခုနှစ်ကတော့ ကမ္ဘာမှာ ထင်တာတွေနဲ့ ဖြစ်လာတာတွေ အများကြီးလွဲတဲ့ နှစ်ပါပဲ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုကြည့်ရင် နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဒီမိုကရက်တစ် သမ္မတလောင်း အမေဟီ နိုင်မယ်လို့ တစ်ကမ္ဘာလုံးက ထင်ခဲ့ပေမယ့် တကယ်တမ်းလည်း မဲပေးရော တစ်ယူသန် တဇောက်ကန်းသမားကြီးပါလို့ အားလုံးက တံဆိပ်တပ်ထားတဲ့ အဘထကြီးက ၀က်ဝက်ကွဲ နိုင်သွားလေရဲ့။ အမြတ်ထွက်တာကတော့ ကမ္ဘာသူကမ္ဘာသားတွေပဲဗျ။ သူတို့နှစ်ယောက် မဲဆွယ်ရင်း တစ်ယောက်နဲ့ တစ်ယောက် ပယ်ပယ်နယ်နယ် နှံနေကြတာတွေကို အခန့်သား ကြည့်ခွင့်မြင်ခွင့် ရလိုက်တာဟာ အမြတ်ပေပဲ။ ဒီနောက်မှာတော့ သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ဒီမိုကရက်တွေက အမေရိကန်နဲ့ ရုရှားသံတမန် ဆက်ဆံရေး ပျက်ပြားအောင် မျိုးစုံလုပ်လာတာတွေ့ရတယ်။ နောက်ဆုံးမှာတော့ အမေရိကန်မှာရှိတဲ့ ရုရှားသံတမန် ၃၅ ယောက်ကို ရွေးကောက်ပွဲအဖြေတွေ ကမောက်ကမဖြစ်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံက နှင်ထုတ်လိုက်တာ တစ်ကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားတယ်။ ထုံးစံအရဆိုရင် ရုရှားကလည်း အမေရိကန်သံအမတ် ၃၅ ယောက်ကို အတုံ့အလှယ် ပြန်နှင်ထုတ်ရမှာဖြစ်ပေမယ့် ရုရှားသမ္မတပူတင်က အမေရိကန် သံအမတ်တွေကို နှင်မထုတ်ပါဘူးလို့ ကြေညာလိုက်ရော။ အမေရိကန်ရဲ့ ကစားကွက် အလွဲကြီးလွဲတော့တာပဲ။ သက်တမ်းကုန်ခါနီး အမေရိကန်သမ္မတက ရုရှားသံတမန်တွေ နှင်ထုတ်နေချိန်မှာ အမေရိကန်က အသစ်တက်မယ့် အဘက ရုရှားသမ္မတကို ချီးကျူးနေတာကလည်း နိုင်ငံရေးဇာတ်ခုံပေါ်က အလွဲတစ်ခု မဟုတ်ပေလားဗျာ။

နောက်အလွဲတစ်ခုကတော့ ဖိလစ်ပိုင်နိုင်ငံမှာပေါ့။ ဖိလစ်ပိုင်ဆိုတာ အမေရိကန်ရဲ့ တပည့်စစ်စစ်ကြီးပါ။ ဖိလစ်ပိုင် လွတ်လပ်ရေးရအောင် အမေရိကန်ကပဲ တိုက်ပေးခဲ့တာ မဟုတ်ပေလား။ ဖိလစ်ပိုင်မှာ အမေရိကန် စစ်တပ်တွေကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးကူညီပေးနေတယ်။ ဒါပေသိ လက်ရှိ ဖိလစ်ပိုင် သမ္မတ ဒူတာတေးကြီးက အမေရိကန်သမ္မတ အိုဘားမားကို ခွေးမသားထက်ဆိုးတဲ့ စကားဖြစ်တဲ့ ဖာသည်မသားလို့ ခေါ်ရုံမက အမေရိကန်စစ်တပ်တွေ ဖိလစ်ပိုင်ကထွက်ဖို့ပြော၊ တရုတ်နဲ့ ဆက်ဆံရေးတွေ တည်ဆောက်တာကလည်း ၂၀၁၆ ရဲ့ အလွဲတစ်ခုပါပဲ။ ဆီးရီးယားနိုင်ငံ အလက်ပိုကို အစိုးရတပ်တွေက လေကြောင်းက တိုက်ခိုက်ပြီးတိုင်း အဖြူရောင် သံခမောက်လို့ အမည်ရတဲ့ ၀ှိုက်ဟဲလမက် အဖွဲ့သားတွေက ထွက်လာပြီး လူနာတွေကိုကယ်ပြတာ၊ ရုပ်သံတွေနဲ့ အင်တာဗျူးလုပ်တာတွေ ခဏခဏ မြင်ရတယ်။ အဲ့ဒီအဖွဲ့ကိုလည်း နိုင်ငံတကာအလှူရှင်တွေက လှူလိုက်ကြတာ ဒေါ်လာသန်း ၂၀၀ လောက်ရသွားတယ်။ အခု အလက်ပိုကို အစိုးရတပ်တွေကသိမ်း၊ သူပုန်တွေ ဆုတ်ခွာမယ်လုပ်တော့ လူနာတွေသယ်ဖို့၊ ပြည်သူတွေရွှေ့ပြောင်းဖို့ လုပ်တဲ့အချိန်မှာ အဲ့ဒီအဖွဲ့ကြီးတစ်ဖွဲ့လုံး တစ်ယောက်မှ မတွေ့ရဘူး။ နောက်ဆုံးမတော့ အဲဒီသံခမောက်ဖြူတွေဟာ သူပုန်တွေဖြစ်ပြီး အစိုးရကို သိက္ခာချဖို့ ထွက်လာတယ်ဆိုတာ သိလိုက်ရမှ နိုင်ငံတကာက ဇောတိကတွေ မျက်ဖြူဆိုက်သွားတော့တယ်။ သူတို့ ပိုက်ဆံတွေကို သူပုန်တွေက ညာယူနေတာပွဲပြီးမှ သိလိုက်ရလို့လေ။

နိုင်ငံတကာအလွဲတွေပြီး ပြန်တော့ ပြည်တွင်းအလွဲတွေ ဘက်လှည့်လိုက်ရအောင်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ တို့ခေတ်ရောက်ပြီ ထင်ပြီး စစ်ကိုင်းကနေ ချီတက်ဆန္ဒပြတဲ့ အလုပ်သမားတွေ အဖမ်းခံရ၊ ထောင်ထဲရောက်ကြတာက ပထမအလွဲပါပဲ။ ခရိုနီတွေကို အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုတွေကနေ ပယ်ဖျက်ပေး၊ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို အကူအညီတွေလည်း ပေးလာချိန်မှာ ကျရမယ့် အမေရိကန်ဒေါ်လာက ဈေးမကျပဲ ဘိန်းထွက်တဲ့ ရာသီမှာတောင် တစ်ဒေါ်လာကို ၁၄၄၀ ကျပ်အထိ စံချိန်တင်တက် သွားတာကလည်း ၂၀၁၆ ရဲ့ အထင်နဲ့အမြင် လွဲချက်တစ်ခု မဟုတ်ပေလားဗျာ။

ဒီမိုကရေစီ အစိုးရလက်ထက်မှာ အသက် ၁၈ နှစ်ပြည့်သူတိုင်း ကားတင်သွင်းခွင့်ပေးနေတဲ့ ပါမစ်ကို ပိတ်လိုက်တာ။ အဲဒီအစား ၂၀၁၅ ဒီဇင်ဘာလ ကတည်းက ပိတ်သိမ်းခွင့် အမိန့်ထုတ်ထားတဲ့ ကားအရောင်းခန်းမတွေကို သက်တမ်းသုံးလတစ်ခါ ခြောက်လတစ်ခါတိုးပေးတဲ့ အမိန့်တွေ ထုတ်တာကတော့ အလွဲပေလား အကွက်ပေလားဆိုတာ မာဂျေလည်း သေချာမသိပေဘူးဗျ။ ကားဆရာကြီး အရည်ကြိုကို သွားမေးတော့လဲ တဟဲဟဲရယ်ပြီး အဖြေမပေးပြန်ဘူး။

သူများတွေချည်း ပြောနေပေမယ့် တူမောရိုးကလည်း အလွဲကြီးလွဲတဲ့အထဲမှာ ၂၀၁၆ တစ်နှစ်လုံး တ၀ဲလည်လည်ပါပဲ။ သီပေါမင်းပုံလွဲရတာနဲ့၊ စုဖုရားလတ်ပုံ လွဲရတာနဲ့၊ အစိုးရဌာနက အရာရှိတွေ ရာထူးလွဲရတာနဲ့ အလွဲသံသရာကြီးထဲမှာ တစ်နှစ်လုံး အလူးအလဲပါပဲ။ ညွှန်ကြားရေးမှူးချုပ် ရာထူးကို ညွှန်ကြားရေမှူးဆိုပြီး ရေးလိုက်မိလို့ လုပ်ပိုင်ခွင့်ရှိတဲ့ ဌာနတစ်ခုကဆိုရင် အမျက်တော်ရှပြီး အဲ့ဒီဂျာနယ် အခွန်ဆောင်ရဲ့လားဆိုပြီး စစ်ခိုင်းသတဲ့။ ဒါပေသိ တူမောရိုးရဲ့ မဟာဗျူဟာ သုံးရပ်မှာ ရဲရဲတွေး၊ ရဲရဲရေး၊ မှားရင် ရဲရဲကြီး တောင်းပန်ဆိုတဲ့ ရဲသုံးရဲ မဟာဗျူဟာကတော့ အလုပ်ဖြစ်နေသေးလို့ တရားရုံးနဲ့တော့ ဝေးကွာနေဆဲပါခင်ဗျ။ မာဂျေတို့က သွေးမကြီးတတ်ဘူးခင်ဗျ။ သွေးကြီးရင် ဘာတွေဖြစ်မယ်ဆိုတာ ရှေ့မှာက လက်တွေ့ပြထားလေတော့ ဂျာနယ်ထွက်ပြီးတိုင်း လုပ်တဲ့ အစည်းအဝေးမှာ ဆရာရေ့ ဘာသတင်းကတော့ ဘာမှားသွားတယ်တင်ပြရင်၊ ပြောမနေနဲ့ တောင်းပန်လိုက်ဆိုတဲ့ စကားကို အပတ်စဉ် ပြောနေရလို့ အစည်းအဝေးဆိုရင် ပါးစပ်က တောင်းပန်လိုက်ဆိုတဲ့ စကားက အော်တိုတောင် ထွက်နေပြီ။

အဲ့ဒီထက်လွဲတဲ့ အလွဲကတော့ မာဂျေကိုယ်တိုင်ဖြစ်တဲ့ အလွဲပေါ့ဗျာ။ ဒီဇင်ဘာ ၃၀ ရက်ညမှာ နှစ်သစ်အကြို ၀န်ထမ်းတွေ ညစာစားပွဲလုပ်ရင်း သူငယ်ချင်း တစ်ယောက်က ဆီဒိုးနားမှာ နှစ်သစ်ကူးကြရအောင်။ လက်မှတ် တစ်စောင်ဒေါ်လာ ၁၅၀ တဲ့။ ဒီလောက်သုံးမှတော့ ဘန်ကောက် သွားမှာပေါ့လို့လည်း မာဂျေက ပြောရော။ ထွေနေတဲ့ သူငယ်ချင်း အားလုံးက ဦးမာဂျေလေယာဉ် လက်မှတ်စီစဉ်ပါတဲ့။ ဒါနဲ့ ချက်ချင်းဖုန်းဆက်ပြီး လေယာဉ်လက်မှတ် ၀ယ်လိုက်တယ်။ မနက်ရောက်တော့ ဘန်ကောက်မှာ ဟိုတယ်တွေ ဘွတ်ကင်လည်း လုပ်ရော၊ ဘန်ကောက်မြို့ထဲက ဟိုတယ်တွေ အကုန်ပြည့်နေတယ်။ မသွားလို့လည်း မရလေတော့ မြို့ပြင်က ဟိုတယ်မှာပဲ စီစဉ်ပြီး ဘန်ကောက် တောပိုင်းမှာ နှစ်သစ်ကူးလိုက်ရတာလည်း အလွဲတွေထဲက အလွဲကြီး တစ်ခုပါပဲဗျာ။
မာဂျေ

 

Category: 

Share