ဒဂုံ အဖျော်ယမကာ ကုမ္ပဏီလီမိတက်၏ လူမှုရေး တာဝန်သိတတ်မှု

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်၏ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သော စတုတ္ထ အကြိမ်မြောက် ဒဂုံနွေရာသီ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း Dagon Summer Camp 2014 ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ (၁) ရက်နေ့တွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေပြည်သာ မြို့နယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲသို့  အမှတ်(၃) အခြေခံ ပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ ရွှေပြည်သာမြို့နယ် ပညာရေးမှူး နှင့်တကွ ကျောင်းအုပ် ဆရာ ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူများ၊ ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက် အထွေထွေ မန်နေဂျာနှင့် ၀န်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက် အနေဖြင့် လုပ်ငန်းများ တိုးတက် အောင်မြင်လာသည် နှင့်အမျှ ရရှိလာသော အကျိုးအမြတ်များအား လူမှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ပရဟိတ လုပ်ငန်းများတွင် ခွဲဝေသုံးစွဲလျက် ရှိပါသည်။ ယခု စတုတ္ထ အကြိမ်မြောက် အဖြစ် ဖွင့်လှစ် သင်ကြားပေးသည့် Dagon Summer Camp 2014 ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်စက်ရုံ တည်ရှိရာ ရွှေပြည်သာမြို့နယ် အတွင်းရှိ ကျောင်းသား ကျောင်းသူများ နွေရာသီအား အကျိုးရှိရှိ အသုံးချနိုင်အောင် နှစ်စဉ် ပြုလုပ် ဆောင်ရွက်ပေး နေသော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြသည့် သင်တန်း ဆရာ ဆရာမများ နှင့်တကွ ပညာရေး ၀န်ထမ်းများ အားလုံးအား ကျေးဇူးတင်ရှိပါကြောင်း ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက် အထွေထွေမန်နေဂျာ ဗိုလ်မှူး လှမင်းတူ (ငြိမ်း)မှ ပြောကြားခဲ့သည်။

အစီအစဉ်အရ သင်တန်းသား သင်တန်းသူများအား ၀တ်စုံနှင့် ဦးထုပ်များ၊ စာရေးကိရိယာများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းပြီး ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းများ စတင် သင်ကြားသည်။ အဆိုပါ သင်တန်းသို့ အထက(၂)၊ အလက(၁)၊ အမက(၉)မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၅၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ  ၁ရက်နေ့မှ ၈ ရက်နေ့ အထိ ဖြစ်၍ ဆရာ ဆရာမ (၃၀)ဦးက Sectionများခွဲ၍ သင်ကြားပေးကာ သင်တန်း ကိစ္စအ၀၀နှင့် နေ့လည်စာ စားသောက်စရိတ်များကိုလည်း ဒဂုံ အဖျော် ယမကာ ကုမ္ပဏီ လီမိတက်မှ ဆက်လက် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်သည် CSR လုပ်ငန်းများ အဖြစ် သဘာဝဘေး အန္တရာယ် ကျရောက်မှုများ အတွက် ရန်ပုံငွေများ လှူဒါန်းခြင်း၊ သောက်သုံးရေ ရှားပါးသည့် ဒေသများ၌ ရေတွင်းရေကန်များ လှူဒါန်းခြင်း၊ အခြေခံပညာ ကျောင်းများ အတွက် စာသင် ကျောင်းဆောင်သစ်များ၊ စာသင်ခုံတန်းရှည်များ၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ၊ စာကြည့်တိုက်နှင့် စာအုပ်စာတမ်းများ လှူဒါန်းခြင်း၊ ပရဟိတ ဘက်စုံ လှူဒါန်းမှုများ၊ ဒဂုံပရဟိတ တေးဂီတ ဖျော်ဖြေပွဲများ၊ နွေရာသီ Dagon Summer Campများ နှစ်စဉ် ပြုလုပ်ပေးခြင်း၊ လူနာတင် ယာဉ်များ လှူဒါန်းခြင်း၊ ယာဉ်ရပ်နား မှတ်တိုင်များ တည်ဆောက်ပေးခြင်းတို့ကို အားသွန်ခွန်စိုက် အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိသည်။

 

Category: 

Share