ဇာဂနာ မရယ်ရတော့ဘူး (၁၂) - ဇာဂနာ

ကိုင်း ဘာပဲဖြစ်ဖြစ် နှစ်ထောင့်ဆယ့်ခြောက်ကတော့ လစ်ပြီ။ တစ်နှစ်ကုန်လို့ တစ်နှစ်ဆန်းတိုင်း ဂျာနယ်တွေ ရုပ်သံတွေက လာလာအင်တာဗျူးတယ်ခင်ဗျ။ နှစ်သစ်ကို ဘယ်လိုမြင်ပါသလဲတို့၊ နှစ်သစ် ဆုတောင်းတို့ပေါ့လေ။

အနုပညာသမားဆိုတာကလည်း PR ကောင်းမှကိုးခင်ဗျ။ သည်တော့လည်း အကောင်းတွေ ပြောတော့တာပေါ့။ ဇာဂနာကတော့လေ နှစ်သစ်ကူးများ ပျော်ရွှင်ကြပါစေဆိုတဲ့ စကားပြောမယ်ကြံတိုင်း ကချင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းထဲ ရောက်နေတဲ့ လူနှစ်သိန်းကျော်ကို ပြေးပြေးမြင်နေတော့တာပါပဲ။ ရန်ကုန်ရွှေမြို့တော်ကြီးမှာ တိုင်းပြည်ချစ်တယ်ဆိုတဲ့ လူသတ္တ၀ါတွေက အရက်ခွက်မြှောက်ပြီး နယူးရီးယား ကောင့်ဒေါင်းဆိုတာချည်း လုပ်နေချိန်မှာ ကချင်ပြည်နယ်က ကလေးတွေ အနွေးထည်မှ ရှိပါလေစလို့ တွေးပူမိနေတော့ဇာဂနာ တစ်ဆယ်ကနေ တစ်အထိ အလီမရတဲ့ကလေးလို အော်မနေနိုင်ပါဘူး။ တစ်ဆက်ထည်း တွေးမိပါတယ်ခင်ဗျ။ ဇာဂနာတို့ ညီအစ်ကိုတတွေ တိုင်ပင်ကြပါတယ်။ မြန်မာ့ရိုးရာ အငြိမ့်သဘင်ဆိုတာ ခေတ်အဆက်ဆက် လမ်းဆုံလမ်းခွ လူစည်ကားရာနေရာတိုင်းမှာ လူမှန်ရင် ဘယ်သူဖြစ်ဖြစ် ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ ဇာတ်ခုံကို မေးတင်ကြည့်နိုင်တဲ့ဖျော်ဖြေရေးပါ။ မင်းသမီးက မျက်စပစ်လိုက်ရင် ကိုကိုကာလသားတွေ ဟတ်ထိသွားတယ် ဆိုကတည်းက ဇာတ်ခုံနဲ့ ပရိသတ် သိပ်ကပ်နေလို့ဆိုတာ ရှင်းနေတာပါ။ စင်ပေါ်စင်အောက် အပြန်အလှန်စကားပြောပြီး ဖျော်ဖြေတယ်ဆိုကတည်းက ပရိသတ်က အငြိမ့်ကသူတွေနဲ့ သိပ်ကိုနီးစပ်နေလို့ဆိုတာ ရှင်းနေတာပါ။ မြန်မာပြည်မှာ ပရိသတ်နဲ့ အထိစပ်နိုင်ဆုံးက အငြိမ့်တစ်ခုတည်း ရှိပါတော့တယ်။ ဒါကြောင့်လည်း မြန်မာပြည်အနှံ့ အငြိမ့်တွေကို အခမဲ့ ပြန်ကကြရအောင်လို့ ဆုံးဖြတ်မိပါတယ်။

အသက်ပြန်သွင်းတာပေါ့ခင်ဗျ။ ဒါပေမဲ့ ပြဿနာက စလာပါလေရော။ အငြိမ့်ကမယ်။ တစ်ပြားတစ်ချပ်မှ မယူဘူး။ ဖရီးရှိုးကမယ်ဆိုတာတောင် ပွဲမိန့်ထုတ်မပေးချင်ကြဘူး။ ဒီလိုနေရာမျိုးကျတော့ သဘင်အစည်းအရုံး ဆိုတာကလည်း စက္ကူကျားခင်ဗျ။ အလှူငွေသာ တောင်းခံနေတာ။ ဘာမှဝင်မလုပ်နိုင်ဘူး။ ဘာအကူအညီမှ တောင်းလို့မရဘူး။ ထောက်ခံကြေး တစ်သောင်း ဖြတ်ပိုင်းလေးထုတ်ပေးပြီး ပြီးသွားတာပါပဲ။ အိမ်သာတောင် ပိုက်ဆံပေးတက်ရင် ၀န်ဆောင်မှု အပြည့်ရှိပါတယ်။ သဘင်အစည်းအရုံးကတော့ တစ်သောင်းရပြီးကတည်းက ပျောက်သွားတော့တာပါ။ ဒါတောင် ဇာဂနာက သဘင်အစည်းအရုံးအတွက် မြန်မာငွေ သိန်း ၅၀၀ အလှူခံပေးထားတာနော်။ ပြန်ကြည့်လိုက်ပါဦး။ ပိုဆိုးတာကတော့ အခုမှ စပါပြီ။ ပွဲမိန့်တစ်ခါရဖို့ ရပ်ကွက်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေး၊ ရဲစခန်းအကုန်လိုက်ပြီး ထောက်ခံချက်တောင်းရပါတယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကတော့ တိုင်းအစိုးရဆီကပါ ထောက်ခံချက် တောင်းရတယ်ခင်ဗျ။ ဇာဂနာတော့ နားကိုမလည်နိုင်ပါဘူး။ ရပ်ကွက်လေးတစ်ခု ကျေးရွာလေးတစ်ရွာမှာ သာမန်အငြိမ့်ပွဲလေး တစ်ပွဲကတာ တိုင်းအစိုးရခွင့်ပြုချက် တောင်းနေရတယ်ဆိုတာတော့ သဘာဝမကျလှပါဘူး။ ပြည်သူတွေ မကြိုက်တဲ့ မဆလခတ်ကတောင် ဒီလိုလုပ်ဖို့မလိုပါဘူး။ ခုပြည်သူချစ်တဲ့ အစိုးရ လက်ထက်ရောက်မှ အငြိမ့်လေး တစ်ပွဲကတာ တိုင်းအစိုးရဆီကနေ ခွင့်ပြုချက် တောင်းနေရတာကတော့ အံ့သြကုန်နိုင်ဖွယ်ပေါ့လေ။ ဒီနေရာမှာ တစ်ခုတော့ ပြက်ပြက်ထင်ထင် စဉ်းစားမိပါတယ်။

တိုင်းအစိုးရဆိုတာ NLD ဦးဆောင်တဲ့ အစိုးရပါ။ ခုဇာဂနာပြောနေရေးနေသလို ဘယ်အငြိမ်သမား ဘယ်ဇာတ်သမားကမှ အမုန်းခံရေးမှာ မဟုတ်ဘူးခင်ဗျ။ ဒီတော့ NLD ဦးဆောင်တဲ့ တိုင်းအစိုးရကို စိတ်ထဲ အကြိတ်အခဲ ဖြစ်သွားအောင် အောက်ကနေ ဖန်တီးပေးနေတာ မဖြစ်နိုင်ဘူးလား။ ဒါဆို တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်များလည်း သိလောက်ပါပြီလေ။ အစိုးရတစ်ရပ်ရဲ့ ပုံရိပ်ကိုချချင်ရင် ဈေးသည်တွေဆီက စကြလို့ဆိုတဲ့ သီအိုရီကြီး နားထဲပြန်ကြားမိပါတယ်။ ဈေးသည်တွေက ပြောမယ်လေ။ အမလေး ဟိုလူကြောက်ရ ဒီလူကြောက်ရ ဒီအစိုးရမဲပေးမိတာ မှားပါပြီပေါ့။ သူတို့ကတော့ မီးသတ်လည်းအစိုးရ၊ ရဲလည်း အစိုးရ ထင်နေတော့တာကိုး။ ဒီနေရာမှာ ဇာဂနာ့ အတွေ့အကြုံလေး တစ်ခုပြောပါရစေ။ ပွဲခင်းတစ်ခုထဲမှာ ဈေးသည်တွေက တန်းစီပြီး ဈေးရောင်းနေတာခင်ဗျ။ မြို့နယ်က နည်းနည်း။ လက်တံရှည်တဲ့ လူရယ် သူ့မိသားစုရယ် စီးလာတဲ့ကားက ပွဲခင်းထဲဝင်လာပါလေရော။ တကယ်ဆို သူတို့မိသားစု လမ်းဆင်းလျှောက်လိုက်ပေါ့။ ခုတော့ မဟုတ်ပေါင်။ ပွဲခင်းထဲ ကားနဲ့ဝင်တယ်။ မီးသတ်နဲ့ ရဲနဲ့က လက်နှိပ်မီးတ၀င်းဝင်းနဲ့ လမ်းရှင်းနေလေရဲ့။ အဲဒီမှာ ဈေးသည်တချို့က ဖယ်ရခက်နေတော့ ရဲနဲ့မီးသတ်က ဈေးသည်တွေရဲ့ တောင်းတွေ ဗန်းတွေကို အတင်းဘေးကို ဆွဲချပါလေရော။ ဈေးသည်တွေကလည်း ပြန်လုတာပေါ့။ ဒါကိုဘေးမှာ ရပ်ကြည့်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သား စီတီဇင်ဂျာနယ်လစ် ဆိုသူကြီးတွေက တယ်လီဖုန်းတွေ ထုတ်ပြီး မှတ်တမ်းတွေ တင်နေလိုက်ကြတာ အပြိုင်အဆိုင်ပါပဲ။ ဇာဂနာလည်း မနေနိုင်လွန်းလို့ ဈေးသည်တွေနဲ့ ရဲတွေကို မေတ္တာရပ်ခံ ဖြန်ဖြေလိုက်ပါတယ်။ ဓာတ်ပုံရိုက်နေသူတွေကိုတော့ မာမာထန်ထန်ပဲ ရပ်ခိုင်းလိုက်ရတာ။

ကားပေါ်က ရွှေကိုယ်တော် မိသားစုကိုတော့ ပွဲခင်းထဲ ခြေစကြာဖြန့်တော်မူဖို့ ရိုရိုသေသေ သံတော်ဦးတင်လိုက်ရပါတယ် ခင်ဗျ။ ဒီတော့ ပြောချင်တာက တစ်လောကဆို ဘီအမ်ကားသမားတွေ စုပြီး လိုက်ထရပ်ကားသမားလေး နှစ်ယောက်ကို ၀ိုင်းထိုးကြ ၀ိုင်းရိုက်ကြတာကို Facebook ပေါ် ကြည့်လိုက်ရပါတယ်။ တကယ်ဆို ဒါဟာ မတရားဘူး မသင့်တော်မှန်းသိရင် ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်နေကြမယ့်အစား ကိုယ်တိုင် ၀င်ရှင်းလိုက်ကြပါတော့လား။ ဒါဟာ အစိုးရကိုလည်း ကူညီရာရောက်ပါတယ်။ ကိုယ်လည်း နိုင်ငံသားကောင်းပီသတာပေါ့။ ဇာဂနာတို့ တိုင်းပြည်မှာ ပြွဲကည့်ပရိသတ်တွေ များခဲ့ကြလို့ ဘယ်ဟာမှ မအောင်မြင်ခဲ့တာတော့ သင်ခန်းစာယူဖို့ ကောင်းပါပြီ။ ၁၉၈၈ တုန်းကလည်း အိမ်ရှေ့ကနေ သပိတ်တပ်ကြီး ဖြတ်သွားတာတောင် ခြင်ထောင်ထဲက မထွက်ခဲ့သူတွေ၊ ၂၀၀၇ တုန်းကလည်း နှာစေးချောင်းဆိုးနေ၊ အဲ...ပြီးတော့ မင်းကိုနိုင်တို့ လမ်းလျှောက်တာကို ဓာတ်ပုံတွေ လိုက်ရိုက်ကြ၊ စုစုနွေးကို လှည်းတန်းကိစ္စမှာလည်းဗီဒီယိုတွေ ရိုက်တင်ကြ၊ မီးမီးတို့အင်းစိန်လမ်းမမှာ လမ်းလျှောက်ကြတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေလိုက်ရိုက်ကြ၊ မုန်းခက်တို့တွေ ရွှေဂုံတိုင်မှာ ၀က်သတ်သလို ၀ိုင်းဆွဲတာခံရတော့ ဗီဒီယိုတွေ ရိုက်ခဲ့ကြနဲ့ မတရားတာကို မြင်နေရက်နဲ့ ၀င်မရှင်းဘဲ ပွဲကြည့်ပရိသတ် လုပ်ခဲ့ကြလို့ ခုလို အခြေအနေအောက် ဇာဂနာတို့ ရောက်ခဲ့ရတာ သံဝေဂရသင့်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကိုပဲ ငှားပြောပါရစေ။ နှစ်သစ်ကူးပါပြီ။ နှစ်သစ်မှာ ခင်ဗျားတို့ (အားလုံးကိုပြောတာနော်)ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ သောက်ကျင့်တွေကို ပြင်ဖို့ကောင်းပြီလို့။ ဒါကြောင့် ဇာဂနာမရယ်ရတာ ဘာဆန်းလဲ။
ဇာဂနာ

Category: 

Share