လွတ်လပ်ရေးနေ့ မုန့်စားပြိုင်ပွဲဝင်သူတစ်ဦး အစာနင်သေဆုံးမှုနှင့် လုံခြုံရေးဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုဖြစ်ပွား

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ပြည်နယ်နှင့် တိုင်းအသီးသီးတို့တွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တို့တွင် လူသေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီလ ၄ ရက် နံနက် ၆ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အပြေးသမားများ၏ လုံခြုံရေးလိုက် ပါဆောင်ရွက်နေသော အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသောင်းထွန်း ၆၀ နှစ်သည် မီနီမာရသွန်ပြိုင်ပွဲ ရွာသစ်- နတ်ခရိုင်သွား ကားလမ်းတစ်လျှောက် ဆိုင်ကယ်ဖြင့် ပြေးလမ်းတွင် လုံခြုံရေးဆောင်ရွက်နေစဉ် မိုင် တိုင် ၁၊ ၂၊ ၄ ကြားတွင် စစ်ကိုင်းတိုင်း၊ နတ်ခရိုင်ရွာဘတ် မှ မောင်းနှင်လာသော ထော်လာဂျီယာဉ်ဖြင့် တိုက်မိကာ သေဆုံးခဲ့ရပြီး ထော်လာဂျီမောင်းနှင်သူကို ယာဉ် (ပ) ၂/၂၀၁၇ ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရှိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့ဦးရပ်တွင် ဇန်န၀ါရီလ ၄ ရက် နေ့က ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မုန့်စားပြိုင်ပွဲတွင် ဦးသိန်းဟန် (၆၁) နှစ်သည် မုန့်စားပြိုင်ပွဲတွင် ပေါင်မုန့် စားနေရာမှ အစာနင်သဖြင့် ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ရကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှု များပြုလုပ်နေကြောင်း သိရှိရသည်။

ဆွေနိုင်စစ်

Category: 

Share