အကြိမ်ကြိမ် သတိပေးစာ ပို့သော်လည်း အခွန်မဆောင်သည့် ပဲခူးမှ လုပ်ငန်းရှင်နှစ်ဦးကို ပြည်တွင်းအခွန်များဦးစီးဌာနက တရားစွဲရန် စီစဉ်

အခွန်ဆောင်ရန် အကြိမ် ကြိမ် ပျက်ကွက်သဖြင့် အကြိမ်ကြိမ် သတိပေးစာပို့သော်လည်း အခွန်ဆောင်ခြင်းမရှိသည့် ပဲခူးမှ လုပ်ငန်းရှင်နှစ်ဦးကို တရားစွဲဆိုရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

“အခွန်တွေကို သတ်မှတ်ရက်တွေမှာလည်း မသွင်းဘူး၊ တိုးမြှင့်ပေးထားတဲ့ အချိန်တွေမှာလည်း မသွင်းဘူး။ သူတို့ကို အကြိမ်ကြိမ် သတိပေးနှိုးဆော် စာလည်းပို့တယ်။ အဲ့ဒါလည်း မသွင်းတဲ့အတွက်ကြောင့် တရားစွဲဖို့ လုပ်ရတာပေါ့။ အခုကစပြီး Process (တရားစွဲခြင်း)တွေစ လုပ်နေပြီ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

အဆိုပါ အခွန်ရှောင်သူ နှစ်ဦးသည် ရောင်းဝယ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းရှင်နှစ်ဦးကို တရားစွဲဆိုခြင်းမှာ အစိုးရသစ်လက်ထက်တွင် အခွန်ရှောင်သူများကို ဥပဒေအရ ပထမဆုံးတရားစွဲဆိုမှုဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအချိန်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပဲခူးတိုင်းတွင် အခွန်မဆောင်ပဲ ရှောင်နေသူများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပေးဆောင်ကြရန် သတိပေးခဲ့ဖူးကြောင်း သိရသည်။
ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ရှောင်သူများကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေများဖြင့် တရားစွဲဆိုလျှင် ထိုဥပဒေပုဒ်မများသည် ရဲအရေးပိုင်ဖြစ်သောကြောင့် စတင်တရား ဆွဲဆိုခံရသည့်အချိန်မှစ၍ အာမခံမရရှိပဲ တရားရင်ဆိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ရွှေရင်ငြိမ်းအေး

Category: 

Share