ဖိတ်ကြားစာနှင့်အတူ လက်ဆောင်ပစ္စည်းပါလာသည့်အပေါ် နောက်မလုပ်ရန် ကုမ္ပဏီအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သတိပေး

လွှတ်တော်ကိုယ်စားလှယ်များကို အခမ်းအနားတစ်ခုအတွက် ဖိတ်ကြားရာတွင် ဖိတ်ကြားစာနှင့်အတူ လက်ဆောင်ပစ္စည်းပါလာသဖြင့် လက်ဆောင်ပစ္စည်းများကို ကုမ္ပဏီအား ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါလက်ဆောင်ပစ္စည်း ပါဝင်လာသည့်ကိစ္စသည် ဇန်န၀ါရီ ၇ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပသည့် မြိတ်မြို့နယ်အတွင်း ကမ်းနားလမ်းနှင့် ရေပုန်းရပ်ကွက်တွင် တည်ဆောက်မည့် Sea View Condon အရောင်းခန်းမဖွင့်လှစ် ခြင်းနှင့် Sea View Condon Menber Card များ စတင်မိတ်ဆက်ရောင်းချခြင်း အခမ်း နားကို လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးခန့်အား တက်ရောက်ပေးရန် ဖတ်ကြားရာတွင် ဖိတ်စာနှင့်အတူ လက်ဆောင် Vivo Y 55 စမတ်ဖုန်းတစ်လုံးပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောသည်။

“ဖိတ်စာလာပို့တဲ့အချိန်မှာ ကျွန်တော်အိမ်မှာ မရှိပါဘူး။ သမီးလုပ်တဲ့သူက လက်ခံထားလိုက်တာပါ။ ကျွန်တော်ပြန်ရောက်တော့ ဖိတ်စာကို ဖွင့်ကြည့်လိုက်မှ အထဲမှာ ဖုန်းပါလာတာကို တွေ့ရတယ်။ ကျွန်တော်ကတော့ ဖိတ်စာလာပို့တဲ့သူကို ဖုန်းနဲ့ပြန်ခေါ်ပြီး ဖုန်းတွေကို ပြန်ပေးလိုက်ပါတယ်” ဟု ဦးစိုးပိုင်ဌေး က ပြောသည်။

အဆိုပါ ဖိတ်စာနှင့် လက်ဆောင်များကို မြိတ်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦး၊ ကျွန်းစုအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် သုံးဦးနှင့် တနင်္သာရီတိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် သုံးဦး စုစုပေါင်း ၁၀ ဦးတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဖိတ်ကြားခံရသော လွှတ်တော်ကိုယ်စားလှယ်များတက် ရောက်ခဲ့ခြင်းမရှိဟု သိရသည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို လက်ဆောင်ပစ္စည်း ပေးတာနဲ့ပတ်သက်ပြီး လက်ဆောင် ပစ္စည်းပေးတယ်ဆိုတာ ယူတဲ့သူရော ပေးတဲ့သူရော ဂုဏ်သိက္ခာမဲ့ပါတယ်။ ဒါကြောင့် ဒီလိုလုပ်ရပ်မျိုးကို နောက်ထပ် မလုပ်ဖို့ကို ကျွန်တော့်အနေနဲ့ ပြောကြားချင်ပါတယ်”ဟု ဦးစိုးပိုင်ဌေးက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် မြိတ်သို့ လာရောက်ပြီး လွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့်အခါတွင်လည်း ပြောသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ပိုင်လေး

ပုံစာ - ဖိတ်စာနှင့် တပါတည်းပါလာသည့် လက်ဆောင် Vivo Y 55 စမတ်ဖုန်း

Category: 

Share