KIO အရာရှိများနှင့် ဓာတ်ပုံတွဲရိုက်ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ABSDF အဖွဲ့ဝင်ရဲဘော်မင်းဌေး ပြန်မလွတ်သေး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ABSDF မှ မြောက်ပိုင်းဒေသ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေး ဖမ်းဆီးထိန်းသိမ်းခံရခြင်းသည် KIO အရာရှိများနှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံများကြောင့် ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ABSDF ရဲဘော် ဆလိုင်းယောအောင်က ပြောသည်။

“စိန်လုံးပူးပေါင်းစစ်ဆင်ရေးဂိတ်က သူတို့စစ်ဆေးတဲ့အခါ KIO နဲ့ တွဲရိုက်ထားတဲ့ အရာရှိပုံတွေ တွေ့တာက တစ်ခု၊ နောက်တစ်ခုက ကျွန်တော်တို့အဖွဲ့က လိုင်ဇာမှာ နေတာ။ KIO ဆုတ်ခွာသွားတဲ့ နေရာဆိုတော့ သူတို့နဲ့ ဆက်သွယ်မိတာလည်း ရှိတယ်။ အဲဒါကို ပုဒ်မ ၁၇/၁ နဲ့ ငြိတယ်ဆိုပြီး ရဲဘော်မင်းဌေးကို တပ်မတော်က ထိန်းသိမ်းလိုက်တာပါ” ဟု ၄င်းကဆိုသည်။

ထိုသို့ ရဲဘော်မင်းဌေးကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ဒီဇင်ဘာ လ ၂၈ ရက်နေ့က ဗန်းမော်-လွယ်ချယ်ကားလမ်းပေါ်ရှိ စိန်လုံးစစ်ဆင်ရေးဂိတ်တွင် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပုဒ်မ ၁၇/၁ ဖြင့် မိုးမောက်ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဲဘော်မင်းဌေး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပတ် သက်၍ ABSDF မှ ပြီးခဲ့သည့် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ယနေ့ဖော်ဆောင်လျက်ရှိသော    ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ငန်းစဉ်အား အထောက်အကူဖြစ်စေရေးအတွက် ရှိနေသောအခက်အခဲများကို နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ရဲဘော်မင်းဌေးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းလိုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ရဲဘော်မင်းဌေးသည်  ဟောလီး ၀ုဒ်မင်းသား Sylvester Stallone သရုပ်ဆောင်ထားသည့် Rambo 4 ရုပ်ရှင်ဇာတ်ကားတွင် တပ်မတော်မှ စစ်ဗိုလ်တစ်ဦးအနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

ကိုဇင်

Category: 

Share