ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် KNLA တပ်မဟာမှ ဗိုလ်မှူးစောနေဗလုကြား မြေယာပိုင်ဆိုင်ခြင်း အငြင်းပွားမှု ပိုမိုကြီးထွားလာ

ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် KNLA တပ်မဟာမှ ဗိုလ်မှူးစောနေဗလုကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ပိုမိုကြီးထွားလာပြီး နှစ်ဖက်သတင်းစာရှင်းလင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် မြေယာသည် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်ကျေးရွာရှိ ခြံအမှတ် ၁၇၆ ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ဇန်န၀ါရီ ၂ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရပြီး KNLA မှ ဗိုလ်မှူးစောနေဗလုကလည်း ဇန်န၀ါရီ ၅ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့  တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ဖြစ်နေသော မြေယာနှင့်ပတ်သက်၍ ဦးလွင်မိုးက “ခြံအမှတ် ၁၇၆ ကို ၀ယ်ယူဖို့အတွက် မြေပိုင်ရှင်ကို စုံစမ်းတာ ကိုကျော်သူရလှိုင်ဖြစ်နေတယ်။ သူ့ဆီကနေ သိန်း ၃၅၀၀ နဲ့ ၂၀၁၆ မေလပိုင်းတုန်းက ၀ယ်ယူခဲ့တယ်။ အဲဒီနေရာမှာ ကျွန်တော်က ဟိုတယ်ဆောက်မှာပါ။ ခြံဝယ်ပြီး နှစ်လလောက် အကြာမှာ ဦးအောင်ဇဗ္ဗူစိုး ဆိုသူက ရောက်လာပြီး သူပိုင်ဆိုင်တာ ဖြစ်ကြောင်းပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ရှင်းစရာ မလိုဘူး။ ကျွန်တော့်ကို ရောင်းချခဲ့တဲ့သူနဲ့ပဲ ရှင်းရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ဖြစ်နေသော မြေယာနှင့်ပတ်သက်၍ ဗိုလ်မှူးစောနေဗလုက “ကျွန်တော်က ဒီခြံကို ဦးသန်းအောင်ဆိုတဲ့သူဆီကနေ ၀ယ်ယူခဲ့တာပါ။ ပြီးတော့ ဒီမြေအငြင်းပွားမှုနဲ့ပတ်သက်လို့ ဦးလွင်မိုးက မိသားစု အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောတယ်။ သူ့အနေနဲ့ စိုးရိမ်စရာမလိုပါဘူး။ အခုဖြစ်တဲ့ကိစ္စကို ဦးလွင်မိုးအနေနဲ့ တရားစွဲမယ်ဆိုတဲ့အပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ ဥပဒေအတိုင်း ရှင်းတာ ပိုကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုအခါ အဆိုပါအငြင်းပွားမှုဖြစ်နေသည့်အချိန်အောက်တို ဘာ ၁၀ ရက်တွင် ဦးစောနေဗလု (ခ)အောင်ဇဗ္ဗူစိုးပါ ၆ ဦးအား BGF အဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သတင်းအရ ရှာဖွေဖမ်းဆီးရာ လက်နက်များနှင့်အတူတွေ့ ရှိသဖြင့် ဘားအံမြို့နယ် တရားရုံးသို့ စွဲချက်အမှတ် ၇၃၃/၂၀၁၆ ဖြင့် လည်းကောင်း၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ)အရ တရားစွဲထားကြောင်း သိရသည်။

အဆိုပါ တရားစွဲခံရမှုနှင့် ပတ်သက်၍ ဦးလွင်မိုးနှင့် BGF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးစောနေဗလုက စွပ်စွဲပြောကြားခဲ့ပြီး ယင်းပြော ကြားမှုအပေါ် ဦးလွင်မိုးကလည်း “ကျွန်တော်က အနုပညာသမား တစ်ယောက်ဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်မှုမရှိပါဘူး” ဟု Tomorrow News Journal  မှ တွေ့ဆုံမေးမြန်းရာတွင် ငြင်းဆို ပြောကြားခဲ့ဖူးသည်။

ဦးစောနေဗလု(ခ)အောင်ဇမ္ဗူစိုးပါ ၆ ဦးအား ဖမ်းဆီးမှုနှင့်ပတ် သက်၍ BGF အဖွဲ့ကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် BGF အဖွဲ့အနေဖြင့် တာဝန်ပေးချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ BGF အဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများအမြင်တွင် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေသူများကို တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပိုင်လေး

Category: 

Share