နှစ်ပေါင်း ၂၄၆ နှစ် သက်တမ်းရှိ အရှေ့တောင်အာရှဒေသပါ ရှေးဟောင်းမြေပုံတစ်ချပ် အမျိုးသားစာကြည့်တိုက်သို့ ပေးလှူခြင်းမပြုမီ ကမ်းလှမ်းမှုများစွာရှိခဲ့ကြောင်း အလှူရှင်ဖွင့်ဟ

နှစ်ပေါင်း ၂၄၆ နှစ် သက်တမ်းရှိ အရှေ့တောင်အာရှဒေသပါ ရှေးဟောင်းမြေပုံတစ်ချပ်ကို အမျိုးသားစာကြည့်တိုက်သို့ ပေးလှူခြင်းမပြုမီ ကမ်းလှမ်းမှုများစွာ ရှိခဲ့ကြောင်း Youth Foce ကုမ္ပဏီမှ ဒါရိုက်တာဒေါ်မြမြဖြိုးက ပြောသည်။

“မြေပုံက ကျွန်မတို့ကိုယ်ပိုင်ပစ္စည်းပါ။ မြေပုံက ကျွန်မထက် အသက် ၂၀၀ ကြီးပြီး ကျွန်မတို့ မိသားစုရဲ့ အမှတ်တရ ကိုယ်ပိုင်ပစ္စည်းပါ။ ကျွန်မတို့က နိုင်ငံတကာနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ပါ။ ဒီပစ္စည်းရဲ့ တန်ဖိုးကို မသိလို့ မဟုတ်ပါဘူး။ ကမ်းလှမ်းတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးလာတော့မယ့် နိုင်ငံတော်အတွက် ပင်ကိုယ်ပကတိစိတ်နဲ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ မြေပုံသက်တမ်းမှာ လွန်ခဲ့သည့် ၂၄၆ နှစ်က ရေးဆွဲထားသည့် မြေပုံဖြစ်ပြီး မြေပုံအနေအထားအရ တချို့အာဆီယံ နိုင်ငံများမှာ နိုင်ငံအနေဖြင့် သီးသန့်ဖြစ်ပေါ်ခြင်း မရှိသေးကြောင်း သိရသည်။
အဆိုပါမြေပုံသည် ကုန်းဘောင်မင်းဆက်၏ တတိယမြောက် မင်းဆက်ဖြစ်သည့် ဆင်ဖြူရှင်မင်း တရားလက်ထက်က လက်ရေးဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၅ ရက် က လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အမျိုးသားစာကြည့်တိုက်သို့ အထက်ပါမြေပုံနှင့်အတူ နိုင်ငံတော်သီချင်းပါဝင်သည့် ဓာတ်ပြား ၅ ချပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်က “ဓာတ်ပြားတွေကို အခုခေတ် နည်းပညာတွေသုံးပြီး ဖွင့်ကြည့်တဲ့ အခါမှာ နိုင်ငံတော်သီချင်းတီးလုံးဖြစ်ပြီး အချိန် ၅၈ စက္ကန့် ကြာမြင့် ပါကြောင်း မြေပုံကလည်း ၁၇၇၁ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်တဲ့အတွက် မြန်မာ့သမိုင်းအနေနဲ့ ပြန်ကြည့်ရင် ဗီ ၁၇၆၃ မှ ၁၇၇၆ အတွင်း စိုးစံခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့ တတိယမြောက်မင်း ဆင်ဖြူရှင်မင်းတရား လက်ထက်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
Youth Foce ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်မြမြဖြိုးအနေဖြင့် လှူဒါန်းထားသည့်ပစ္စည်းများ စနစ်တကျ အဆင့်မီခင်းကျင်းပြသနိုင်ရန် လိုအပ်သည့် ပရိဘောဂများနှင့် အာဆီယံပြခန်း ခင်းကျင်းပြသနိုင်ရန်အတွက် တန်ဖိုးသိန်း ၅၀ ကျော်တန်ဖိုးရှိ ပရိဘောဂပစ္စည်းများကိုပါ လှူဒါန်းခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက် တည်နေရာမှာ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟ လမ်းပေါ်တွင် တည်ရှိပြီး တနင်္ဂနွေနေ့၊ တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များကို ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး နေ့စဉ် နံနက် ၉း၃၀ နာရီ မှ ညနေ ၄း၃၀ နာရီအထိ မည်သူမဆို အခမဲ့ ၀င်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

ထွန်း(နေပြည်တော်)

Category: 

Share