ဆင်သတ်လို့ အရပ်ဝေ - မာဂျေ

တကယ်တော့ ရိုးရာလက် ဝှေ့ပွဲသွင်းတယ်ဆိုတာ ဆင်သတ်ပြီး အရပ်ဝေရတာပါ။ ဒါကို မသိတဲ့သူတွေက ဦးမာဂျေကြီး ဂျပန်ပွဲ တစ်ပွဲသွင်းရင် သိန်းသုံးထောင်ကျန်တယ်။ လက်ဝှေ့သမားတွေကို တစ်ပွဲသိန်းနှစ်ရာ သုံးရာပေးပါလားဆိုပြီး အရူးချီးပန်းပြောတာတွေ ကြားရတော့ ရီရမလို ငိုရမလို။ ခက်တာက ပြောတဲ့သူတွေက ရိုးရာလက်ဝှေ့ပွဲတစ်ပွဲမှ သွင်းဘူးတဲ့သူတွေ မဟုတ်ဘဲ ဆရာယောင်ယောင် သမားယောင်ယောင်လုပ်နေတဲ့ သူတွေဆိုတော့ ဥပေက္ခာပဲ ပြုလိုက်ပါတယ်။ ဂျပန်မှာ ပွဲသွင်းတယ်ဆိုတာက မြန်မာမီဒီယာဂရု(ပ်)နဲ့ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)တို့ ပူးပေါင်းပြီး ရိုးရာလက်ဝှေ့ကို ဂျပန်ကတစ်ဆင့် ကမ္ဘာကို ပြန့်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကိုရွှေဂျပန်များက ပြုံးပြုံးပြုံးပြုံးနဲ့ မစ္စတာ မာဂျေကတော့ ဒီပွဲမှာ ဒါတွေကို ကျခံပေးပါလို့ စာချုပ်ကလေး ကိုင်လာရင် ငြင်းမရဘဲ လက်မှတ်အမြဲထိုးပြီး ကျခံပေးနေရတာပါ။ ပထမဆုံးပွဲမှာ စပွန်ဆာရှာမရလို့ မာဂျေကြီး အတော်လေး စိုက်လိုက်ရပါတယ်။ တကယ်တမ်းပြောရရင် ရိုးရာလက်ဝှေ့မှ မဟုတ်ပါဘူး။ ဘယ်အားကစား နည်းမဆို စပွန်ဆာလို့ခေါ်တဲ့ ကူညီထောက်ပံ့တဲ့ ကုမ္ပဏီကြီးတွေ သူဌေးတွေ စိတ်မ၀င်စားရင် ရပ်တည်ဖို့ မလွယ်ပါဘူး။ သူများနိုင်ငံမှာ ရုပ်သံထုတ်လွှင့်ခွင့်က ငွေတွေ သောက်သောက်လဲရပေမယ့် မြန်မာနိုင်ငံကတော့ ပြောင်းပြန်ဗျ။ အလကား ထုတ်လွှင့်ဖို့တောင် သူတို့ကို စရိတ်ပြန်ပေးရသေးတာ။ ဒီနေရာမှာ ရိုးရာလက်ဝှေ့ပွဲမသွင်းဖူးဘဲ လေတစ်လုံး မိုးတစ်လုံး လုပ်နေသူတွေကို ပြောပြချင်တာက တကယ့်ပွဲကြီး သွင်းတော့မယ်ဆိုရင် ရုံဝင်ကြေးဆိုတာ စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းတောင် မရနိုင်ဘူးဆိုတာပါပဲ။ ၀င်ငွေကသာ မရတာ အလကားကြည့်ဖို့ လက်မှတ်တောင်းတဲ့ သူတွေကတော့ ပေါသလားမမေးနဲ့။ ဒီတော့ ရိုးရာလက်ဝှေ့ပွဲမှာ ပြည့်တယ်ဆိုပြီး အထင်မကြီးကြပါနဲ့လို့ အခွန်ဌာနက လူကြီးမင်းတွေကိုလည်း ဒီနေရာကနေ မိတ္တူပေးလိုက်ပါတယ်။ ရိုးရာလက်ဝှေ့ပွဲမှာ ၀င်ငွေက နှစ်ခုပဲရှိပါတယ်။ စပွန်ဆာရငွေရယ်၊ ရုံဝင်ကြေးရယ်။ ကုန်ကျစရိတ်တွေ ပြောပြရရင်တော့ ဖတ်တဲ့သူ မျက်ရည်တောင် လည်သွားနိုင်ပါတယ်။

ပထမဆုံးက ပွဲသွင်းခွင့်အတွက် အဖွဲ့ချုပ်မှာ လိုင်စင်ကြေးသွင်းပြီး လိုင်စင်ယူရပါတယ်။ A လိုင်စင်အတွက် ကျပ်သိန်းသုံးဆယ်။ B လိုင်စင်အတွက် ကျပ်သိန်းနှစ်ဆယ်နဲ့ C လိုင်စင်အတွက် ကျပ်ဆယ်သိန်းဖြစ်ပါတယ်။ ပြီးရင် တစ်ပွဲချင်းအတွက် ပွဲမိန့်ရအောင် အဖွဲ့ချုပ်ကို ဖောင်ဒေးရှင်း ရန်ပုံငွေဆိုတာ သွင်းရပါတယ်။ အဲဒါသွင်းပြီးမှ အဖွဲ့ချုပ်က အား/ကာကိုတင်၊ အား/ကာက ခွင့်ပြုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရဆီမှာ ပွဲပါမစ် လျှောက်ရပြန်တယ်။ အဲဒါတွေ အကုန်ပြီးပြီဆိုမှ ပွဲတစ်ပွဲ ကျင်းပဖို့ အသင့်ဖြစ်ပါတယ်။ ဒါက ပွဲမိန့်ရအောင် လုပ်ရတဲ့အပိုင်း။ လက်ဝှေ့သမားအတွက် ပြည်တွင်းမှာ ကိုယ့်ပွဲရက် ဘယ်သူအားသလဲရှာပြီး စာချုပ်ချုပ်ရသလို ပြည်ပ လက်ဝှေ့သမားတွေအတွက် ကိုယ်တိုင် ထွက်ရှာချင်ရှာ။ ဒါမှမဟုတ် မြန်မာနိုင်ငံကို လက်ဝှေ့သမား ကုန်ကူးနေတဲ့ မဲဆောက်က ဖိကျောက်တို့ သားအဖနဲ့ ဆက်သွယ်ပြီး၊ နိုင်ငံခြား သားလက်ဝှေ့သမားရှာရတယ်။ ဖိကျောက်ကတော့ မြန်မာရည်ဝနေတော့ ပြတာက တစ်ယောက် ခေါ်လာတာက တစ်ယောက် လုပ်တတ်တော့ ပြဿနာလည်း ခဏခဏဖြစ်တယ်။ မာဂျေကတော့ တပည့်ကျော် မာဆွတ်ရှိနေလေတော့ သူများတွေထက် စာရင် အတော်လေးအဆင်ပြေတယ်။ သူက မြန်မာ့ရိုးရာလက်ဝှေ့ကျော်တွေနဲ့ အများကြီးထိုးသတ်ဘူးတော့ ဘယ်သူဆို ဘယ်သူနဲ့ လက်ရည်မျှတယ်ဆိုတာ သိနေပြီးသား။ ပြီးရင် အဲ့လူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာတို့ လေယာဉ်လက်မှတ်တို့ စီစဉ်ပေးရတယ်။ မာဂျေက အရင်တုန်းက ရုရှားတွေကို ခေါ်လေ့ရှိတော့ လေယာဉ်လတ်မှတ်ဖိုးနဲ့ တင်မွဲရောပဲ။ သူများတွေလို ဘန်ကောက်က ရုရှားခေါ်ရင် လေယာဉ်လက်မှတ်က နှစ်သိန်းဝန်းကျင်ပဲကျမှာ။ မာဂျေက ပြည်မကြီးက ရုရှားတွေခေါ်တော့ လေယာဉ်လက်မှတ်ခက တစ်ယောက်ကို ၂၅ သိန်း အထက်ချည်းပဲ။ ပြီးတော့ သူတို့က ဟိုတယ်ကို ဘယ်လောက်တန်မှာ ထားမှာလဲ။ ထမင်းက တစ်နပ် ဘယ်လောက်ဖိုးကျွေးမှာလဲဆိုတာတွေက ပါသေးတယ်။ ဒီတော့ ပြည်ပလက်ဝှေ့သမားခေါ်ရင် ချဲ့ရင်ချဲ့သလို ပိုက်ဆံက ကုန်တယ်။ ပြည်ပလက်ဝှေ့သမား တစ်ခြမ်း၊ ပြည်တွင်းက တစ်ခြမ်း ရှစ်ဆိုင်းလောက် ထိုးမယ်ဆိုရင် အနိမ့်ဆုံးထိုးကြေးက သိန်း ၂၀၀ ကနေ ချဲ့ရင်ချဲ့သလို သိန်း ၅၀၀ အထက်အထိ ကုန်ပါတယ်။

ပြီးရင် ဘေလ်ဘုတ်ထောင်ဖို့ သက်ဆိုင်ရာစည်ပင်ကို တင်ပြ။ အခွန်အခသွင်းပြီး ထောင်ရပါတယ်။ လက်မှတ်တွေ ရိုက်ရပါတယ်။ ပြည်တွင်းပြည်ပက လက်ဝှေ့သမားတွေနဲ့ နည်းပြတွေ အကူလူတွေအတွက် ခရီးစရိတ်တွေ၊ တည်းခိုဖို့တွေ စားသောက်ဖို့တွေ စီစဉ်ရပါတယ်။ ပြီးရင် ဆေးစစ်ဝိတ်ချိန်ဖို့ ဆေးအဖွဲ့ ငှားရပါတယ်။ ပွဲကျင်းပမယ့် ကွင်းကို ပြင်ဆင်ရပါတယ်။ ဆိုင်း၊ အသံနဲ့ မီးအဖွဲ့တွေ ငှားရပါတယ်။ မော်ဒယ်၊ မိတ်ကပ်တွေ ငှားရပါတယ်။ စိတ်အညစ်ရဆုံးက ဗီအိုင်ပီလို့ခေါ်တဲ့ ပိုက်ဆံမရတဲ့သူတွေအတွက် ဖိတ်စာနဲ့ ကားဝင်ခွင့်တွေ စီစဉ်ရတာပါပဲ။ ပြီးရင် ပွဲအထိမ်းအမှတ်သဘတ်တို့ စပို့ရှပ်တို့ စီစဉ်ရပါတယ်။ ဒါတွေအားလုံးက ပိုက်ဆံအကုန်ခံပြီး လုပ်ရတာတွေပါ။

မာဂျေပွဲတွေဆိုရင် ရုပ်သံက တိုက်ရိုက်ပြလေ့ရှိပါတယ်။ တစ်နိုင်ငံလုံးက ရုံထဲလာမကြည့်နိုင်တဲ့သူတွေအတွက် စေတနာနဲ့ စီစဉ်ပေးရပေမယ့် ပိုက်ဆံကုန်ပါတယ်။ ရုံထဲကို ၀င်ကြည့်မယ့်သူ အထိုက်အလျောက် လျော့သွားပါတယ်။ ဒါလည်း ထုံးစံအတိုင်း အွန်လိုင်းပေါ်မှာ အဆဲအဆို မလွတ်ပါဘူး။ ခက်တာက ပွဲစီစဉ်သူတွေရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုမသိဘဲ၊ လက်ဝှေ့ဆယ်ပွဲပြည့်အောင် မကြည့်ဘူးဘဲ။ ရိုးရာလက်ဝှေ့ ပရိသတ်အစစ်မဟုတ်ဘဲ ၀င်ဝင်ညှောင်တဲ့သူတွေက အွန်လိုင်းမှာ သိပ်များနေတာပါ။ အခုရေးပြတာတွေထက်မက ကြုံတွေ့ရတဲ့ ပြဿနာတွေက အများကြီးရှိပါသေးတယ်။ ပွဲသွင်းသူချင်း အကျော်အခွ လုပ်တာမျိုးတွေပေါ့။ သူများပွဲရက် ရှေ့တစ်ပတ်လောက်မှ ကပ်ပြီး ပွဲသွင်းတာမျိုးတွေ၊ ကိုယ်စာချုပ်ချုပ်ထားတဲ့ ကစားသမားပွဲနီးမှ ထိခိုက်ဒဏ်ရာရသွားတာတွေ အစရှိသဖြင့် အများကြီးရှိပါသေး တယ်။
ကုန်ကျစရိတ်တွေ အများကြီးဆိုတာကတော့ အခုရေးပြတာတွေ ဖတ်ပြီးရင် သိလောက်ပါပြီ။ ရုံငှားခ၊ မီတာခ၊ မီးပျက်မှာစိုးလို့ မီးစက်ငှားခ၊ လုံခြုံရေးစရိတ်၊ ဒိုင်ကြေး၊ ခုံငှားခ၊ ရုံဝန်ထမ်းတွေအတွက် အချိန်ပိုကြေး၊ ဘာကြေး ညာကြေးစသဖြင့် စာရင်းထဲမှာ မပါသေးတာတွေကလည်း အများကြီးရှိပါသေးသဗျ။ ဒါကြောင့် စပွန်ဆာနဲ့ ရုံဝင်ကြေးဆိုတဲ့ ၀င်ငွေနှစ်ခုကနေ ပြန်သုံးရတဲ့ ပိုက်ဆံတွေက များလွန်းလို့ တကယ်တမ်းပြောရရင် ရိုးရာ လက်ဝှေ့ပွဲသွင်းတယ်ဆိုတာ ဆင်သတ်ပြီး အရပ်ဝေရတာမျိုးပါပဲဗျာ။ ကိုယ်တိုင်က ရိုးရာလက်ဝှေ့အပေါ် စေတနာမရှိရင်၊ ရိုးရာလက်ဝှေ့နဲ့ တစ်ဆွေလုံး တစ်မျိုးလုံး စီးပွားရှာလိုက်မယ် ဟဲ့ဆိုပြီး ပွဲသွင်းရင်၊ ငါကတော့ ရိုးရာလက်ဝှေ့နဲ့ ဆရာကြီးတစ်ဆူ လုပ်လိုက်ဦးမယ်ဟဲ့ဆိုရင်ဖြင့် ကိုယ့်စေတနာ ကိုယ့်အကျိုးပေးပါလိမ့်မယ်။ တကယ်တမ်းပြောရရင် ရိုးရာလက်ဝှေ့ပွဲ စီစဉ်သူတွေဟာ ဆရာဆရာမတွေလိုပဲ ၀ါသနာ၊ စေတနာ၊ အနစ်နာခံပြီး လုပ်ရတဲ့လုပ်ငန်းမျိုး ဖြစ်ပါတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးရာလက်ဝှေ့ရဲ့ မီးရှူးတန်ဆောင်ကြီးတွေလို ထင်နေသူတွေကို ပြောပြလိုက်ချင်ပါရဲ့။
မာဂျေ

Category: 

Share