ခရီးသည်တင်ယာဉ် ၁၁ စီးပိုင်ရှင် ဦးထင်အောင်ကျော်နှင့် အင်တာဗျူး

““မထသနဲ့ YBS နှစ်ခုလုံးက ဘာမှသိပ်မထူးဘူး အတူတူပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ မထသကသူတွေပဲ YBS မှာ ပါပြီးတော့ သူတို့ပဲလုပ်နေပါတယ်… ဂိတ်ကြေး ပိုပေးရတာတော့ ပြောင်းလဲသွားပါတယ်”

 

မထသဖျက်သိမ်း၍ Yangon Bus Service (YBS) စနစ်ဖြင့် ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ပြေးဆွဲရာတွင် တစ်လပြည့်ပြီဖြစ်သည့်အတွက် ယခင် မထသမှ ယခု YBS သို့ ပြောင်းလဲပြေးဆွဲနေသည့်အပေါ် အဆင်ပြေမှု ရှိမရှိနှင့် မည်သည့်အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်းသိရှိရန်အတွက် ခရီးသည်တင်ယာဉ် ၁၁ စီးပိုင်ရှင် ဦးထင်အောင်ကျော်နှင့် Tomorrow ဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

Tomorrow ။   ။ YBS ပြေးဆွဲတာ တစ်လပြည့်သွားပြီဖြစ်တာကြောင့် အဲဒီအပေါ်မှာ ယာဉ်ပိုင်ရှင်တစ်ဦးအနေနဲ့ အစ်ကိုရဲ့အမြင်လေးကို သိချင်ပါတယ်။
အောင် ။  ။YBS ပြေးဆွဲနေတဲ့အပေါ်မှာ ကျွန်တော့်အမြင်ကိုပြောရရင် ခရီးသည်တွေအနေနဲ့ ဒုက္ခ ရောက်ပါတယ်။ အဆင်မပြေလည်း ဖြစ်ပါတယ်။ ပြည်သူတွေ ပိုပြီးတော့ ကားခကုန်ကျပါတယ်။ ဒီတော့ ကျွန် တော်တို့က ခရီးသည်နဲ့ လုပ်စားရတဲ့သူတွေဖြစ်တဲ့အတွက် ခရီးသည်တွေ ဒုက္ခရောက်တာ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ ပြီးတော့ အခုလိုင်းဆွဲတဲ့နေရာမှာလည်း တစ်လိုင်းထဲမှာ သွားပြီးတော့ ကားတွေထပ် နေတယ်။ အဲဒီကားတွေကလည်း ခရီးသည်တွေကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအခက်အခဲတွေ အများကြီး ရှိနေပါတယ်။

Tomorrow ။   ။ မထသကို ဖျက်သိမ်းပြီးတဲ့နောက်မှာ YBS စနစ်ဆိုတာ ပေါ်လာတယ်။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ အားနည်းချက်နဲ့အားသာချက်ကို ယာဉ်ပိုင်ရှင်တစ်ဦးအနေနဲ့ သုံးသပ်ပေးပါ။
အောင် ။   ။ အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် မထသ နဲ့ YBS နှစ်ခုလုံးက ဘာမှသိပ်မထူးဘူး အတူတူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မထသက သူတွေပဲ YBS မှာ ပါပြီးတော့ သူတို့ပဲလုပ်နေပါတယ်။ ပြီးတော့ အရေးယူတဲ့ အပိုင်းမှာလည်း အရင် မထသက ချမှတ်ထားတဲ့ ၁၃၅ ချက်နဲ့ပဲ အရေးယူနေတဲ့အတွက် အတူတူပါပဲ။ ဘာမှ မပြောင်းလဲပါဘူး။ ပြောင်းလဲတာတစ်ခုကတော့ ပြည်သူ့အသံကို နားထောင်တဲ့အတွက် နည်းနည်းလေးတိုင်လို့ ရှိရင် အရေးယူတဲ့အပိုင်းလေးကတော့ နည်းနည်းရှိလာပါတယ်။ နောက်ပြီးတော့ အရင်တုန်းကဆိုရင် တစ်ခေါက်ဆွဲရင် တစ်ခေါက်ဂိတ်ကြေး ၁၅၀၀ ပေးရပါတယ်။ နှစ်ခေါက်ဆွဲရင် ၃၀၀၀၊ လေးခေါက်ဆွဲရင် ၆၀၀၀ ပေးရပါတယ်။ အခုဟာကတော့ ဘယ်လိုပဲဆွဲဆွဲ တစ်ခေါက်ပဲဆွဲဆွဲ နှစ်ခေါက်ပဲဆွဲဆွဲ ဂိတ်ကြေး ၆၀၀၀ သတ်မှတ်ပါတယ်။ ဒါကြောင့် ဂိတ်ကြေးပိုပေးရတာတော့ ပြောင်းလဲသွားပါတယ်။

Tomorrow ။  ။ ကားပိုင်ရှင်တစ်ဦးအနေနဲ့ လက်ရှိ အစ်ကိုရဲ့ကားက YBS ၀င်လိုက်တော့ အများပိုင် ဖြစ်သွားတယ်။ ဒီတော့ အစ်ကိုဝင်တဲ့ကုမ္ပဏီက အစ်ကို့ကိုငွေကြေး ဘယ်လိုရှင်းပေးလဲဆိုတာ သိချင်ပါတယ်။
အောင် ။   ။ အခုလောလောဆယ်ကတော့ အရင်မထသကလုပ်ခဲ့တဲ့ စနစ်အတိုင်းပါပဲ။ သူတို့သတ်မှတ်တဲ့ ဂိတ်ကြေး ၆၀၀၀ ပေးလိုက်ပြီး ရတဲ့ငွေပေါ်မှာ ရာခိုင်နှုန်းနဲ့ ယာဉ်မောင်းစပါယ်ယာကို ခွဲပေးပါတယ်။ သူတို့ လုပ်ချင်တဲ့စနစ်တွေကတော့ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့ဘ၀နဲ့တော့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားဂိတ်တွေက မြို့ပြင်တွေမှာ ဖြစ်တယ်။ သူတို့ပြောသ လို ဝေပုံကျစနစ်လုပ်ခဲ့မယ်ဆိုရင် ကားတစ်စီးကို ငွေကြေးအပ်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့လိုတယ်။ ဒါက နံပါတ်တစ်အချက်ပါ။ နောက်တစ်ချက်က ငွေသိမ်းတာပါ။ ဥပမာ ကားတစ်စီးကို ငွေတစ်သိန်းကျော် အပ်မယ်။ ကားအစီး ၈၀ ကျော်ရှိရင် ငွေသိန်း ၈၀ ကျော်မယ်။ အဲဒီငွေကို ဘယ်သူသိမ်းမှာလဲ။ ပြီးတော့ ၀န်ထမ်းရဲ့အခက်အခဲ၊ သူတို့တွေ ည ၉ နာရီ ၁၀ နာရီကို ဂိတ်မှာစောင့်ပြီး မသိမ်းနိုင်ပါဘူး။ ဂိတ်တွေက မြို့ပြင်မှာဖြစ်တဲ့အတွက် သူတို့ရဲ့လုံခြုံရေးကို ဘယ်သူစောင့်ရှောက်မှာလဲ။ နောက်သူတို့ကို ဘယ်လိုအတိုင်း အတာမျိုးနဲ့ ယုံကြည်ရမှာလဲ။ ဥပမာဒီငွေတွေကိုယူပြီး ပြေးသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ တာဝန်ခံမှာလဲဆိုတဲ့ အခက်အခဲတွေရှိပါတယ်။

Tomorrow ။   ။ အခုပြေးဆွဲနေတဲ့ အစ်ကိုတို့ကားတွေကို သုံးလအတွင်းမှာ ဖျက်သိမ်းသွားမယ်လို့ ၀န်ကြီးချုပ်က ပြောထားတယ်။ တကယ်လို့ သုံးလပြည့်သွားရင် ကိုယ်ပိုင်တဲ့ကား ၁၁ စီးလုံးကို ကုမ္ပဏီလက် ထဲကို ယုံကြည်စွာအပ်နှံမှာလား။ ဒါမှမဟုတ် ဘယ်လိုလုပ်မလဲဆိုတာ သိချင်ပါတယ်။
အောင် ။   ။ အခုဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ယာဉ်ပိုင်ရှင်တွေစုပြီး အစည်းအဝေးလည်း လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကိုကားတွေ အပ်ခိုင်းတယ်။ အပ်ပြီးရင် စလစ်ဆိုတဲ့ စာရွက်လေး တစ်ရွက်ပဲရမယ်။ အဲဒီ စလစ်ဈေးက သွားရောင်းရင် ပေါက်ဈေးအတိုင်းပဲရမှာပါ။ ဒါက တစ်ခု၊ လက်ရှိပြောနေတာ ကုမ္ပဏီကို အပ်ရမယ်ဆိုပေမယ့်လည်း ယာဉ်ပိုင်ရှင်တွေ အကုန်လုံးက ဘယ်သူ့မှ မအပ်ချင်ကြဘူး။ အဲဒီလိုမအပ်ချင်လို့ ယာဉ်ပိုင်ရှင်တွေစုပြီး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Tomorrow ။  ။ တကယ်လို့ မအပ်ဘူးဆိုရင် ၀န်ကြီးချုပ်က ပြောထားတဲ့ စကားတစ်ခုရှိတယ်။ ကားကို တန်ရာတန်ကြေး ပေးလျော်မယ်ထားခဲ့လို့ ပြောခဲ့တာရှိတယ်။ အဲဒီအပေါ်မှာ အစ်ကိုအနေနဲ့ ဘာများပြောချင် ပါသလဲ။
အောင် ။    ။ နောက်ဆုံးမအပ်ရင် ထွက်သွားပါလို့ ပြောလို့မရပါဘူး။ ကျွန်တော်လည်း နိုင်ငံသားတစ်ဦးပါ။ ဒါကြောင့် ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့်အရေးလည်း ကျွန်တော့်မှာရှိပါတယ်။ ဒီလိုပြောလို့တော့ မရဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ ဥပဒေတွေ၊ အာဏာတွေသုံးပြီး ထွက်သွားဆိုရင်လည်း ထွက်သွားရုံပဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ထွက်သွားဆိုရင်လည်း တန်ဖိုးအတိုင်း ပေးလျော်သင့်ပါ တယ်။

Tomorrow ။  ။ တကယ်လို့ အစ်ကိုတို့ကားတွေအပ်ပြီး ကားအသစ်တစ်စီးတင်သွင်းမယ်ဆိုရင် အစိုးရဘက်က ဘယ်လိုထောက်ပံ့မယ်လို့များ ပြောထားတာရှိပါသလား။
အောင် ။  ။ လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ယာဉ်ပိုင်ရှင်တွေကို ကားအသစ်တင်သွင်းတာနဲ့ ပတ်သက်ပြီး ဘာမှပြောထားတာတော့ မရှိသေးပါဘူး။ သုံးလပြည့်ရင် သိမ်းမယ်လို့ ဂိတ်ကြေး ၆၀၀၀ တိုးပေးလိုက်ပါလို့ ဒါတွေပဲ ကြားနေရပါတယ်။ ကျွန်တော်တို့ကို ရေရှည်အတွက် ဘာတွေလုပ်ပေးမယ်။ ဘာတွေဆောင်ရွက် ပေးမလဲဆိုတာ ဘယ်သူ့ကိုမှလည်း မပြောဘူး။ ဘာမှလည်း မလုပ်ပေးခဲ့ပါဘူး။

Tomorrow ။  ။ YBS ကို ပြောင်းလဲလိုက်တဲ့အတွက် ယာဉ်အန္တရာယ် နည်းသွားမယ်လို့ ပြောတယ်။ အဲဒီအပေါ် သုံးသပ်ပေးပါဦး။
အောင် ။   ။ အခုကတော့ YBS ပြေးဆွဲနေတဲ့ လိုင်းနံပါတ်ပေါ်မှာပဲ မူတည်ပါတယ်။ လမ်းပေါ်မှာလည်း ကားတွေ ကြပ်နေပါတယ်။ ဂိတ်သိမ်းရတော့လည်း မြို့ပြင်ကို သွားရပါတယ်။ ကားတွေကလည်း ပိုများလာပါတယ်။ လိုင်းတစ်လိုင်းထဲမှာလည်း ကားတွေက စုသွားတဲ့အတွက် အရင်တုန်းက ငါးမိနစ်တစ်စီးလွှတ်ရာကနေ အခု နှစ်မိနစ်ခြားတစ်စီး လွှတ်ပေးနေ ရပါတယ်။ ကားတွေ များလာတော့ အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်လာရပါတယ်။ အရင်က တစ်လိုင်းမှာ ကားအစီး ၃၀ လောက်ရှိရာကနေ အခုကားအစီး ၈၀ လောက် ရှိနေတဲ့အတွက် မိနစ်ပိုင်းမှာလည်း ကျုံ့သွားသလို လမ်းပေါ်မှာပဲ ကားတွေက ရှေ့ကားနောက်ကလိုက်ရင် ငါ ရေပဲသောက်ရမယ်။ သူ့ကို ကျော်တက်မှ အဆင်ပြေမယ်ဆိုတဲ့စိတ်တွေ မွေးလာကြတယ်။ အဲဒီလို မွေးဖွားလာတဲ့အတွက် အန္တရာယ်လည်း ဖြစ်ပေါ်လာနိုင်တယ်။

Tomorrow ။   ။ အစ်ကိုတို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ YBS စနစ်ကို ကြိုက်နှစ်သက်ပါသလား။ ဒါမှမဟုတ် မထသစနစ်ကို ကြိုက်နှစ်သက်လားဆိုတာ သိချင်ပါတယ်။
အောင် ။   ။ ကျွန်တော်တို့က YBS စနစ်ကို ကြိုက်ပါတယ်။ ဒါပေမဲ့ အခက်အခဲလေးတွေတော့ ရှိပါတယ်။ မထသစနစ်ကိုလည်း မကြိုက်ဘူးလို့ မပြောပါဘူး။ သူ့စနစ်နဲ့ သူကတော့ နှစ်ခုစလုံးရှိနေပါတယ်။

Tomorrow ။   ။ သိပ်မရှင်းလို့ပါ။ ဘယ်လိုစနစ်မျိုးဖြစ်စေချင်တာလဲ။
အောင် ။    ။ ကျွန်တော့်အနေနဲ့ ပြောရရင် ကြံ့ခိုင်ရေးပဲ အုပ်ချုပ်သည်ဖြစ်စေ၊ NLD ပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ လုပ်ငန်းတွေ အဆင်ပြေနိုင်ရေးအတွက် ဆောင်ရွက် ပေးနိုင်ရင် ကျွန်တော်တို့အတွက်လည်း အဆင်ပြေပါတယ်။ ဒီတော့ မထသလို့ပဲ ခေါ်ခေါ် YBS လို့ပဲခေါ်ခေါ် YRT လို့ပဲခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် ကျွန်တော်တို့ယာဉ်ပိုင်ရှင်တွေ ဖြစ်နေတဲ့ဒုက္ခတွေကြုံတွေ့နေရတဲ့ သောကတွေကို ဖြေဖျောက်ပေးနိုင်ရင် ဘယ်ဟာမဆို ကောင်းပါတယ်လို့ ပြောချင်ပါတယ်။
Tomorrow ။   ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဆက်သွယ်မေးမြန်းသူ ပိုင်လေး

 

Category: 

Share