အမျိုးသမီးတစ်ဦးကို လက်ဆွဲနှောက်ယှက်သော ဗီယက်နမ်နိုင်ငံသားအား ကမာရွတ်မြို့နယ် ရဲစခန်းသို့ တိုင်ကြား

ကမာရွတ်မြို့နယ်တွင် ဗီယက်နမ်နိုင်ငံသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အဆိုပါအမျိုးသမီးက ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကမာရွတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ မတ်လ ၁၀ ရက် ည ၈ နာရီတွင် ကမာရွတ်မြို့နယ် ၊ ကမာရွတ် (၁) ရပ်ကွက်၊ ဆင်ရေတွင်းရပ်ကွက်၊ နီလာလမ်းတွင် အမျိုးသမီးငယ်တစ်ဦး အိမ်ပြန်လာစဉ် ကမာရွတ်(၁)ရပ်ကွက်၊ ဆင်ရေတွင်းရပ်ကွက်၊ နီလာလမ်းရှိ အမှတ် (၂၁) မြေညီထပ်တွင် ငှားနေသူ ဗီယက်နမ်နိုင်ငံသားတစ်ဦးက အမျိုးသမီးငယ်ကို လက်ဆွဲကာ ကိုယ်ထိလက်ရောက်ပြုမူခဲ့ကြောင်းနှင့် ယင်းသို့ပြုမူခြင်းများအား ၄င်းဘေးတွင်ရှိနေသည့် အခြားဗီယက်နမ်နိုင်ငံသားတချို့ မှ  ရယ်မောခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ မိန်းကလေးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားကာ၎င်းမှတဆင့် ကမာရွတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် စခန်းမှ “ဖြစ်စဉ်နဲ့ တိုင်ကြားမှုတွေက မှန်ကန်ပါတယ်။ အသေးစိတ်သိရှိချင်ရင်တော့ စခန်းကိုလာရောက်ပေးပါ”ဟု တာဝန်မှူးက ပြောကြားခဲ့သည်။

အဆိုပါသတင်းနှင့် ပက်သက်၍ လက်ရှိအခြေအနေများနှင့် အမှုဖွင့်ထားသော ပုဒ်မများ စသဖြင့် အသေးစိတ်အချက်များ သိရှိနိုင်စေရန်အတွက် ကမာရွတ်မြို့မရဲစခန်းသို့ သွားရောက်ခဲ့ရာ မှုခင်းနှင့်ပတ်သက်သည့်  သတင်းပေးခွင့်များကို အထက်ဌာနသို့တင်ပြပြီး ခွင့်ပြုမိန့်ပေးမှသာလျှင် ပြန်လည်ပေးရပါမည်ဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ စခန်းမှူးက ပြန်လည်ဖြေကြားခဲ့သည်။

ကိုဇင်

Category: 

Share