ဇာဂနာ မရယ်ရတော့ဘူး (၁၇) - ဇာဂနာ

လူပြက်တစ်ယောက် မရယ်ရတော့ဘူးဆိုတာ ကပ်ကြီးသုံးပါး ဆိုက်တာပါပဲ။ ဒါပေမဲ့ ဇာဂနာ့မိတ်ဆွေကြီး ဒါရိုက်တာမီးပွားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တစ်မျိုးခင်ဗျ။ အပျော်သဘောလုပ်တာ နောက်တာ ဆောင်ရွက်တာတွေကို ရယ်စရာလို့ သတ်မှတ်ပါတယ်။ အပျော်သဘောကနေ ချွတ်ချင်သလို ကြောချင်သလို လုပ်လာရင်တော့ ဒါဟာ (မရယ်ရတော့ဘူး)ဆိုတဲ့ ဆိပ်ကမ်းကို ဆိုက်ကပ်လာတော့တာပါပဲ။ ဘယ်ဟာပဲဖြစ်ဖြစ် နှစ်ခုလုံး မကောင်းတာတော့ အမှန်ပါ။
တလောက ဇာဂနာတို့ နေပြည်တော်မှာ ငြိမ်းချမ်းရေး စည်တော်သံအငြိမ့်ပွဲ ကပါတယ်။ Live လည်း လွှင့်ပါတယ်ခင်ဗျ။ ဇာဂနာတို့က ကိုယ်တတ်တဲ့ အနုပညာနဲ့ တိုင်းပြည်အလုပ် ၀င်လုပ်တာပါပဲခင်ဗျာ။ ဒါကိုပဲ ခုတော့ NLD အစိုးရနား ရောက်သွားပြန်ပြီလို့ ကလော်ကြပါသေးရဲ့။ မခက်လား၊ န၀တအစိုးရ နအဖအစိုးရ တွေတုန်းက ထန်းလျက်ခဲ ခွေးလျက်သလို ဗိုလ်ချုပ်တွေနား မဟားဒယား ဖားနေတဲ့သူတွေက ခုလိုပြောတာဆိုတော့ မရယ်ရတော့ဘူးပေါ့ခမျာ။

မြန်မာပြည်မှာ အစိုးရနဲ့ ပေးစားတတ်တဲ့အလုပ် ဘယ်သူက စလို့လုပ်မှန်း မသိပါဘူး။ NLD အစိုးရဆိုတာလည်း ဇာဂနာနဲ့ မစိမ်းပါဘူးခင်ဗျ။ အကျက်တွေပါ။ ထောင်ထဲ ထမင်းအတူစားခဲ့ကြသလို၊ တကြမ်းပြင်ထဲ အတူအိပ်ခဲ့ကြသူတွေပါ။ ကိုယ့်ညီအစ်ကို သူငယ်ချင်းတွေ အစိုးရလုပ်တော့ ကူရညီရ၀ိုင်းရမှာပေါ့။ မဟုတ်ဘူးလားဗျာ။ ကောင်းတာဆိုးတာ ဇာဂနာနဲ့ မဆိုင်ဘူးခင်ဗျ။ ဇာဂနာက လွှတ်တော်အမတ်လည်း မလုပ်ချင်၊ ၀န်ကြီးလည်းမလုပ်ချင်ပါဘူး။ လမ်းမပေါ် ကချင်ကမယ်၊ စိတ်နဲ့ အခန့်မသင့်ရင်လည်း ဝေဖန်မယ်။ အကြံပေးလို့ ရရင်ပေးမယ်။ မရရင် မပေးဘူး။ ခေါ်ရင်သွားမယ်။ မခေါ်ရင် မသွားဘူး။ ခိုင်းရင် အားလို့ကတော့ လုပ်မယ်။ မအားလို့ကတော့ မလုပ်ဘူးပေါ့ခင်ဗျ။

ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်ဆို ဇာဂနာတို့က ကိုယ့်အစ်ကိုလို ဆရာလိုပေါင်းခဲ့ ခင်ခဲ့တာကြာပေါ့။ ဟောဆရာဖေမြင့် ၀န်ကြီးဖြစ်တော့လည်း သူ့အလုပ်တွေ ၀ိုင်းကူလုပ်ပေးကြရတာ သဘာဝပါပဲ။ ကျွန်တော်တို့ ကျွန်မတို့က တိုင်းပြည်ကို မြန်မြန်ရွေ့ချင်ကြတာဆို၊ ဒါဆိုလိုက်လုပ်ရမှာပေါ့လေ။ ဘာလုပ်လုပ် အပြစ်ထိုင်ပြောနေမယ့်အစား နိုင်သလောက် ၀င်ထမ်းလိုက်ရင် မကောင်းပေဘူးလား။

ကွီးဖြိုးဆိုရင်လည်း ဇာဂနာညီလေးလိုပါ။ သူဝန်ကြီးချုပ် မဖြစ်ခင်ကတည်းက ၀န်ကြီးချုပ်ဖြစ်ကို ဖြစ်ရမယ်လို့ နိမိတ်ဟောခဲ့တာ ဇာဂနာပါခင်ဗျ။ သို့သော် အမြင်မတော်ရင်လည်း ဝေဖန်ရမှာက ဇာဂနာပါပဲခင်ဗျ။ ပြောစရာ ရှိတာပြောရတာပဲ၊ ဝေဖန်စရာရှိရင် ဝေဖန်ရမှာပဲ၊ ရန်ကုန်မှာ အလှပြ ဆုပေးမဏ္ဍပ်တွေ လုပ်ချင်တယ် ဆိုတော့လည်း ဇာဂနာတို့ ၀ိုင်းလုပ်ပါတယ်ခင်ဗျ။ တကယ်တော့ ဇာဂနာ သင်္ကြန်သမားမဟုတ်ဘူး ခင်ဗျ။ ဘယ်တုန်းကမှ သင်္ကြန်ကားနဲ့ မလိုက်ဖူးခဲ့ပါဘူးခင်ဗျ။

ဒါပေမဲ့ ကိုယ့်မြို့ကိုယ့်ရွာမှာ ပျောက်ဆုံးလုလု ဖြစ်နေတဲ့ ဆုပေးမဏ္ဍပ်တွေ ပေါ်ပေါက်လာဖို့တော့ ၀ိုင်းဝန်းကူညီသင့်ပါတယ်ဆိုတဲ့ စိတ်နဲ့ ၀င်ပါရပါတယ် ခင်ဗျ။ သင်္ကြန်သမား စစ်စစ်ကြီးတွေ လာပါလုပ်ပါ။ ဇာဂနာတို့ ဖယ်ပေးပါမယ်။ ဖြစ်မြောက်စေချင်တဲ့ဆန္ဒသာ ရှိပါတယ်ခင်ဗျ။ ကိုယ်တွေက တိုက်ခန်းတွေ၊ မြေကွက်တွေ၊ ကားပါမစ်တွေ ရတာမဟုတ်၊ လက်ချည်းသက်သက် ၀င်လုပ်နေရတာပါ။ လုပ်တတ် ကိုင်တတ်သူများ လာလုပ်စေချင်ပါတယ်။

ဒီလိုပါပဲခင်ဗျ။ ဇာဂနာတို့က ၁၉၇၇ ခုနှစ်ကနေ ၁၉၈၄ ခု နှစ်ထိ တက္ကသိုလ် တက်ခဲ့ပါတယ်။ ကျောင်းလည်း ပြီးခဲ့ပါတယ်။ ဘွဲ့လည်းရခဲ့ပါတယ်။ တက္ကသိုလ် ရွှေရတုတုန်းက ဇာဂနာက ၉ နှစ် သားခင်ဗျ။ သည်တော့ တက္ကသိုလ်ဆိုတာ အနားတောင် မသီခဲ့ရပါဘူး။ တက္ကသိုလ် စိန်ရတုကျပြန်တော့လည်း တက္ကသိုလ်ထဲတောင် ၀င်ခွင့်မရခဲ့ပါဘူး။ ရှစ်တန်းတောင် မအောင်တဲ့သူတွေက တက္ကသိုလ် စိန်ရတုသဘင် ကကြ၊ ဆိုကြ၊ ရုပ်ရှင်တွေ ရိုက်ကြနဲ့ဆိုတော့ ဇာဂနာတို့ ဒီအတိုင်း ထိုင်ကြည့်ခဲ့ရဖူးပါတယ်။ တက္ကသိုလ်ကို ခုနစ်နှစ်လုံးလုံး တက်ခဲ့ရ၊ တက္ကသိုလ် အနုပညာအသင်းတွေနဲ့ တူတူကခဲ့ရပြီး တက္ကသိုလ် စိန်ရတုကျတော့မှ တက္ကသိုလ်ထဲတောင် ၀င်ခွင့်မရခဲ့ပါဘူး။

ဟောခုတော့ တက္ကသိုလ်လည်း ရာပြည့်တော့မယ်။ ရုပ်ရှင်လည်း ရာပြည့်တော့မယ်။ တိုက်ဆိုင်ချက်က လှလွန်းတယ်ခင်ဗျ။ ဒီတစ်ခါတော့ ဇာဂနာတို့ပါလို့ ရလောက်ပြီထင်ပါတယ်။ အရင်ကတော့ ဇာဂနာ့ကို ရုပ်ရှင်လောကက ကန်ထုတ်ထားလေတော့ ၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင် စိန်ရတုမှာလည်း အနားတောင် မသီခဲ့ရသလို တက္ကသိုလ်စိန်ရတုကိုလည်း ဝေးဝေးက ငေးခဲ့ရတာကိုး။

ဒါပေမဲ့ ရုပ်ရှင် နှစ်တစ်ရာပြည့် ဆိုတာကြီးက ရုပ်ရှင်အစည်းအရုံးကပဲပိုင်တယ် ဆိုလေတော့ ဇာဂနာ မကပ်ရဲတော့ဘူး ခင်ဗျ။ တလောက ဦးကြည်စိုးထွန်းကြီးတို့ လုပ်တဲ့ပွဲတောင် သတင်းစာရှင်းလင်းပွဲတွေ လုပ်ကြ၊ စာတွေထုတ်ကြနဲ့ တော်တော် ပွက်လောရိုက်ကုန်တာပါ။ ဒီတော့ ဇာဂနာလည်း ကြောက်ရတာပေါ့ ခင်ဗျာ။ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုပြီး အစည်းအရုံးက ကြွေးကြော်တာဆိုလေတော့၊ ပြည်သူတွေမပိုင်ဘဲ အစည်းအရုံး တစ်ခုတည်းကသာ ပိုင်တာဆိုတော့ သူတို့လုပ်မှပဲ ဇာဂနာလည်းဝင်ပြီး ဖောရှောလုပ်ပါတော့မယ် ခင်ဗျ။ တော်ကြာ တရားစွဲခံနေရပါဦးမယ်။ ကြောက်တယ်ခင်ဗျ။

ရုပ်ရှင်ဘက် မကပ်ရဲတော့ တက္ကသိုလ်ဘက် လှည့်ရတာပေါ့လေ။ စဉ်းစားကြည့်လေ၊ ဇာဂနာတို့က တကယ့် တက္ကသိုလ်ကျောင်းသား စစ်စစ်တွေပါ။ ဒီတော့ တက္ကသိုလ်ခေတ်အဆက်ဆက် တက်ခဲ့ကြတဲ့ တက္ကသိုလ် အနုပညာရှင်တွေရဲ့ အငြိမ့်ပဒေသာကပွဲလုပ်ပြီး ရန်ပုံငွေရှာမယ်ပေါ့ခင်ဗျာ။ ရလာတဲ့ပိုက်ဆံကို ကျောင်းသား သမဂ္ဂဆောက်ဖို့ လှူမယ်ပေါ့လေ။ ဒါနဲ့ အနုပညာရှင်တွေ လိုက်ပြောတော့ အားလုံးက ကူမယ်တဲ့ ၀မ်းသာလိုက်တာ။

ဟော ကျောင်းသားသမဂ္ဂက မဆောက်တော့ပြန်ဘူးတဲ့။ သမဂ္ဂကို ကျောင်းသားတွေပဲ ပိုင်တာ။ အစိုးရမပါဘဲ ဆောက်မယ်တဲ့။ အယ် သေရောပေါ့။ တက္ကသိုလ်ကျောင်းသားတွေက လေးနှစ်ဆို ကျောင်းနဲ့ မဆိုင်တော့ဘူး။ လုပ်ငန်းခွင် ရောက်သွားပြီ။ လက်ရှိတက်နေတဲ့ ကျောင်းသားတွေက ပိုင်တယ်ပေါ့နော်။ ဒါဆို ဇာဂနာတို့နဲ့လည်း မဆိုင်ဘူးပေါ့နော်။ စောစောကသိရင် ၁၉၈၈ တုန်းက ကျောင်းသားသမဂ္ဂ ပြန်ဆောက်ရေး တို့အရေးလို့ ဇာဂနာတို့ ဘယ်လိုအော်ခဲ့ပါ့မလဲ။

ကောင်းပါတယ်။ ထောင်ထွက်သူငယ်ချင်းတွေတော့ ကြားဖူးမှာပါ။ ပြည့်တန်ဆာကို တရားသူကြီးက ထောင်ချတော့ (ကိုင်း နင် ဘာပြောချင်သေးလဲလို့ မေးတယ်တဲ့)။ ပြည့်တန်ဆာက ပြန်ပြောလိုက်တယ်လေ။ ကျွန်မပစ္စည်း ကျွန်မပိုင်တယ်ထင်ခဲ့တာ၊ တရားသူကြီးပိုင်မှန်း ခုမှသိတော့တယ်။ ကြိုက်သလိုသာ လုပ်ပါတော့တဲ့။ ကဲ ဇာဂနာမရယ်ရတာ ဘာဆန်းလဲ။
ဇာဂနာ

Category: 

Share