အပ်ကုန်စနစ်ဖြင့် တင်သွင်းလာသည့်ကားများ ဇွန်လအတွင်း မရောင်းနိုင်ပါက မူလနိုင်ငံများသို့ ပြန်လည် တင်ပို့ရမည်

၂၀၁၇ ဇွန်လတွင် ကားအရောင်းစင်တာများမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းခဲ့သည့်ကားများ ပြန်မရောင်းချ နိုင်ပါက မူလနိုင်ငံများသို့ ပြန်လည်တင်ပို့ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အပ်ကုန်စနစ် ပါမစ်ကားတွေကို ၂၀၁၇ ဇွန်လအထိ မရောင်းချနိုင်ရင် ဆက်လက်ပြီး သက်တမ်းတိုးမှာ မဟုတ်သလို မူလနိုင်ငံများကို ပြန်လည်တင်ပို့ရမယ်”ဟု အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များဘက်မှ အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုများရှိခဲ့သောကြောင့် ယခင် အစိုးရလက်ထက်တွင် နှစ်ကြိမ်ထက်မနည်း သက်တမ်းတိုးခွင့်များပေးခဲ့ကြောင်း ၄င်းကပြောသည်။

မော်တော်ယာဉ် တင်သွင်းရောင်းချသူအချို့က ဇွန်လမကုန်မီ ပြည်ပသို့ ပြန်လည်မတင်ပို့လိုသောကြောင့် လျှော့ဈေးများဖြင့်  ရောင်းချနေမှုများလည်း ရှိနေကြောင်း ကားတင်သွင်းသူ ကိုဝင်းမောင်က ပြောသည်။

“လက်ရှိမှာတော့ အပ်ကုန်စနစ်နဲ့ ကားတွေကို မရောင်းနိုင်လို့ ပြည်ပပြန်ပို့မယ်ဆိုတော့ ကားတွေထဲမှာ မော်ဒယ်မြင့်ကားတွေပါတယ်။ ဒါကြောင့် အပ်ကုန်စနစ်ကားတွေကို မရောင်းချရသေးခင် ကညနမှာ ကနဦး နံပါတ်များရယူပြီး ဖြည့်ဆည်းနေရပါတယ်”ဟု ကိုဝင်းမောင်ကပြောသည်။

ယင်းအပြင် အပ်ကုန်စနစ်ဖြင့် တင်သွင်းလာသောကားများကို ပြန်လည်တင်ပို့ပါက လုပ်ငန်းရှင်များ မနစ်နာစေရန် တင်သွင်းလာစဉ်က အခွန်ထမ်းဆောင်ခဲ့သည့် စည်းကြပ်အခွန်များကို ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီး ပြန်လည်ပေးအပ်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကိုဇင်

Category: 

Share