အမျိုးသမီးယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသည့် မမြတ်ရည်မွန်နှင့် အင်တာဗျူး

“အမျိုးသမီးယာဉ်မောင်းတစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အဲဒါက ယောက်ျား လေးတွေက ညီမကို မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မဖြစ်နိုင်ဘူး၊ ဒီလို ကားကြီးမောင်းမယ် ဆိုတာ ဘယ်လို့မှမဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေ ပြောလာတယ်။ ကျွန်မအနေနဲ့ကတော့ မိန်းကလေးဆိုပေမယ့် မလုပ်နိုင်ဘူးဆိုတာ မရှိစေရဘူးဆိုတဲ့ စိတ်ကိုထားပြီး မလုပ်တတ်သေးတာပဲရှိတယ်။ သူတို့လုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမယ်၊ ငါကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်လေး မွေးခဲ့တယ်”

အမျိုးသမီးယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသည့် မမြတ်ရည်မွန်နှင့် အင်တာဗျူး

ယနေ့ကာလတွင် မြန်မာအမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ လုပ်ငန်းခွင် ၀င်ရောက်နေသော်လည်း ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများတွင် အမျိုးသားများ နည်းတူ ယာဉ်မောင်းလုပ်ကိုင်ရန်မှာ လွယ်ကူမည်မဟုတ်ချေ။ သို့သော် ယခင်ယာဉ်လိုင်းများ မဖျက်သိမ်းခင် အချိန်မှစ၍ YBS ယာဉ်လိုင်းအဖြစ် ပြောင်းလဲလာသည့်အချိန်အထိ အမျိုးသမီးယာဉ်မောင်းအဖြစ် လုပ်ကိုင် သူများပင် ရှိလာသည်။ ထို့ကြောင့် အမျိုးသမီးတစ်ယောက်အနေဖြင့် ခရီးသည်တင်ယာဉ်မောင်းအဖြစ် လုပ်ကိုင်သည့်အခါ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ခရီးသည်များ၏တုံ့ပြန်မှုများနှင့် ပတ်သက်၍ YBS ၏ နံပါတ်၂၁ ယာဉ်လိုင်းတွင် ပထမဦးဆုံး အမျိုးသမီးယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသည့် မမြတ်ရည်မွန်အား ယခုလိုဆက်သွယ်မေးမြန်းခဲ့ပါသည်။

Tomorrow ။   ။ ယာဉ်မောင်းလုပ်ဖြစ်တဲ့ အဓိကအကြောင်းအရင်းကို သိပါရစေ။
မြတ် ။   ။ ကျွန်မက အရင်တုန်းက ယာဉ်မယ်အလုပ်ကို လုပ်ခဲ့တာပါ။ ကားမောင်းတာကိုလည်း အရင်ကတည်းက ၀ါသနာပါပါတယ်။ ဒါကြောင့် ယာဉ်မယ်လုပ်ရင်းကနေ ကားမောင်းကို သင်ခဲ့တာပါ။ အဲဒီကနေ ယာဉ်မောင်းအဖြစ် ပြောင်းလဲပြီး လုပ်ကိုင်ခဲ့တာပါ။ ယာဉ်မယ်စလုပ်ကတည်းကလည်း တစ်နေ့မှာ ငါ ယာဉ်မောင်းဖြစ်အောင်လုပ်ပြီး ကားမောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နဂိုကတည်းက ရှိပါတယ်။ ဒါကြောင့် အခုလိုမောင်းဖြစ်သွားတာပါ။

Tomorrow ။   ။ ယာဉ်မောင်းလိုင်စင်သက်တမ်း ဘယ်လောက်ရှိပြီလဲ။ အစ်မ ဘယ်အသက်အရွယ်ကစပြီး ကားနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်ဆိုတာလည်း သိချင်ပါတယ်။
မြတ် ။   ။ ကျွန်မအနေနဲ့ ကားနဲ့ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တယ်ဆိုတာတော့ မရှိပါဘူး။ အသက် ၂၅ နှစ် အရွယ်မှာတော့ ယာဉ်မယ်ဘ၀နဲ့ ကားလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီမှာ ကျွန်မဆရာက ကားမောင်းပေးသင်တာပါ။ အလေ့အကျင့်လေးရအောင် ဆိုပြီးတော့ပါ။ အဲဒီကနေ သင်ရင်းနဲ့ တတ်လာခဲ့တာပါ။ ယာဉ်မယ်ကိုတော့ ကျွန်မရဲ့ဆရာ ကိုတရုတ်လေးဆီမှာ ကားလိုက်ခဲ့တာပါ။ အရင်ကတော့ ၄၈ အဲယားကွန်းဘတ်စ်ပါ။ အဲဒီကနေ ၄၅ အဲယားကွန်းဘတ်စ်လည်း လိုက်ခဲ့ပါတယ်။ အခု ၂၁ YBS ပြောင်းတဲ့အထိ ဆရာ ကိုတရုတ်လေးဆီမှာပဲ လုပ်ဖြစ်ပါတယ်။

Tomorrow ။   ။ အမျိုးသမီးတစ်ယောက်အနေနဲ့ YBS ကားမောင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသလဲ။
မြတ် ။   ။ အခက်အခဲကတော့ အများကြီးကြုံခဲ့ရပါတယ်။ ကျွန်မအနေနဲ့ အရင်တုန်းက ကားမောင်းခဲ့ပေမယ့် လိုင်းပေါ်မှာ တစ်ခါမှမမောင်းဖူးတဲ့အတွက် လိုင်းပေါ်မမောင်းခင်မှာ ဖယ်ရီနှစ်ပတ်လောက် သွားမောင်းခဲ့ပါ တယ်။ လှော်ကားကနေပြီး ရွာသာကြီး စီးပွားရေးဖယ်ရီဆိုပြီး သွားဆွဲခဲ့ပါတယ်။ အဲဒီလို သွားဆွဲတဲ့အချိန်မှာ အမျိုးသမီးယာဉ်မောင်းတစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အဲဒါက ယောက်ျား လေးတွေက ညီမကို မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မဖြစ်နိုင်ဘူး၊ ဒီလို ကားကြီးမောင်းမယ် ဆိုတာ ဘယ်လို့မှမဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေ ပြောလာတယ်။ ကျွန်မအနေနဲ့ကတော့ မိန်းကလေးဆိုပေမယ့် မလုပ်နိုင်ဘူးဆိုတာ မရှိစေရဘူးဆိုတဲ့ စိတ်ကိုထားပြီး မလုပ်တတ်သေးတာပဲရှိတယ်။ သူတို့လုပ်နိုင်ရင် ငါလည်းလုပ်နိုင်ရမယ်၊ ငါကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်လေး မွေးခဲ့တယ်။ သူတို့နဲ့ အတိုက်အခံစကားလေးတွေ နည်းနည်း ပြောဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ဖယ်ရီကြိုနေရင်းနဲ့ ကျွန်မဆရာက ယာဉ်မောင်းတစ်ယောက် အကူထည့်ပြီး ဖယ်ရီကြိုတဲ့လမ်းကြောင်းကို လိုက်ကြည့်ခိုင်းရင်း နောက်နေ့ကျတော့ ကျွန်မကိုခိုင်းတယ်။ ကျွန်မကလည်း ဆရာ့ကို ကျွန်မကားမောင်းချင်တယ်။ ပေးမောင်းပါလို့ ပြောတော့ ဆရာက နင်အဆင်ပြေ မလားမေးတယ်။ ကျွန်မက ဆရာအဆင်ပြေရင် အဆင်ပြေအောင်မောင်းမယ်ပြောလို့ နောက်နေ့မှာ ယာဉ်မယ်တစ်ယောက်ထည့်ပေးပြီး မောင်းခွင့်ပေးခဲ့တယ်။ ပထမတော့ ဖယ်ရီစပြီး ကြိုရတယ်။ အဲဒီအချိန်မှာ လိုင်းပေါ်မှာ တစ်ခါမှ မမောင်းဖူးဘူး။ ကားကြီးလမ်းကြောင်းမှာလည်း လိုင်းတိုလောက်ပဲ မောင်းဖူးတယ်။ အဲဒီမှာ ညီမနဲ့အရင်တွဲ လုပ်ခဲ့ဖူးတဲ့ဆရာက သမိုင်းလမ်းဆုံလောက်ကနေ ပေးပြီးမောင်းခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီမှာ လမ်းပေါ်ကို စပြီးမောင်းခဲ့ရတာပါ။ အခက်အခဲကတော့ ကားတွေ အရမ်းများတဲ့အတွက် အရမ်းသတိထားခဲ့ရတယ်။ ဖယ်ရီကြိုတဲ့အချိန်မှာလည်း အမှတ် ၂ လမ်းမကြီးက လမ်းပြင်နေတဲ့အချိန် ဖြစ်တော့ ဒဂုံတက္ကသိုလ်လမ်းထဲကနေ တကယ့်လမ်းကျဉ်းတဲ့ဆီကနေ သွားခဲ့ရတာပါ။ လမ်းကလည်း အရမ်းကိုဆိုးပါတယ်။ ကားတစ်စီးစာ လမ်းလေးထဲကို သွားရတဲ့အတွက် အရမ်းကိုခက်ခဲခဲ့ပါတယ်။  

Tomorrow ။   ။ အစ်မအနေနဲ့ YBS ကားကို စမောင်းတဲ့အချိန်မှာ အစ်မကားကိုစီးတဲ့ ခရီးသည်တွေက အစ်မကို ဘယ်လိုသုံးသပ်ချက်တွေပေးတာ ကြုံခဲ့ရပါသလဲ။
မြတ် ။    ။ ကျွန်မ အခု YBS ၂၁ ကို လိုင်းပေါ်မှာ မောင်းခဲ့တာ ၆ ရက်လောက်ပဲ ရှိပါသေးတယ်။ အဲဒီလို မောင်းတဲ့အပေါ်မှာ ကားစီးတဲ့ခရီးသည်တွေက ကျွန်မကို သုံးသပ်ချက်အမျိုးမျို ပေးခဲ့ပါတယ်။ ကျွန်မကို တိုက် ရိုက်မပြောရင်တောင် တချို့တွေက ကျွန်မရဲ့ယာဉ်နောက်လိုက်ကို ပြောတာတွေလည်း ပြန်ကြားခဲ့ရပါတယ်။ အဲဒါက အမျိုးသမီးယာဉ် မာင်းတစ်ယောက်အနေနဲ့ ကားကိုကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တဲ့အတွက် သင်တန်းဘယ်လောက်ကြာကြာ တတ်ခဲ့သလဲဆိုတာ မေးခဲ့တယ်။ အဲဒီမှာ ကျွန်မရဲ့ယာဉ်နောက်လိုက်က ဒီအစ်မက အရင်ကတည်းက ဖယ်ရီကြိုပို့တွေ မောင်းခဲ့ဖူးတယ်။ အဲဒီလို မောင်းခဲ့တာ အခုလမ်းကြောင်း ပေါ်ရောက်တဲ့အထိပါလို့ ပြောခဲ့တယ်။ မနေ့ကလည်း အသက် ၄၀ ၀န်းကျင်ခန့် အမျိုးသားတစ်ဦးက တော်တော်လေးချီးကျူးခဲ့တာလည်း ရှိပါတယ်။ သူကား စစီးတုန်းက ကျွန်မကို အမျိုးသားမောင်းတယ်ထင်ပြီး၊ စကားပြောတော့ ကျွန်မစကားပြန်ပြောခဲ့တယ်။ အဲဒီမှာ သူက ကျွန်မကို မိန်းကလေးမှန်း သိသွားလို့ သူက ကျွန်မကို ကားမောင်းတာ တော်တယ်ဆိုပြီး မှတ်ချက်ပေးသွားခဲ့တာလည်း ရှိပါတယ်။ တချို့ကလည်း မိန်းကလေး မောင်းတယ်ဆိုပြီး စိုးရိမ်တဲ့သူတွေလည်းရှိကြမှာပါ။ ဒါက သူတို့အယူအဆနဲ့ သူတို့ဆိုတော့ ကျွန်မလည်း ဘာမှပြောလို့မရပါဘူး။ ကျွန်မအနေနဲ့ကတော့ ကိုယ့်ကားကို စီးနင်းတဲ့ခရီးသည်တွေ အကောင်းဆုံး အန္တရာယ်ကင်းအောင် မောင်းပြီး ခရီးသည်တွေကို ၀န်ဆောင်မှုပေးသွားမှာပါ။

Tomorro  ။   ။ အခု YBS ၂၁ ခရီးသည်တင်ကားကို မောင်းတာ လစာနဲ့လား၊ ခေါက်ပြန်ကြေးနဲ့လား၊ ဘယ်လိုရပါသလဲ။ ရတဲ့ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေး လုံလောက်မှုရှိရဲ့လား။
မြတ် ။   ။ လက်ရှိတော့ ကျွန်မတို့ကားက ၃၀ ရာခိုင်နှုန်းနဲ့ အခေါက်စားပါ။ အရင်ယာဉ်မယ်ဘ၀တုန်းကတော့ ကျွန်မရဲ့ဝင်ငွေက တစ်နေ့ကို ၆၀၀၀ ကနေ ၈၀၀၀ ၀န်းကျင်ထိရှိခဲ့ပါတယ်။ အခုကားမောင်းတယ်ဆိုတော့ ညီမက အမျိုးသမီးတစ်ယောက်လည်းဖြစ်တော့ ကားကို တစ်နေ့ သတ်မှတ်လမ်းကြောင်း လေးခေါက် ဆွဲရမယ့်အစား ကျွန်မကိုတော့ မိုးချုပ်ရင် အန္တရာယ်များမှာစိုးလို့ တစ်နေ့ကို သုံးကြောင်းပဲ ဆွဲခိုင်းပါတယ်။ ကျွန်မမောင်းတဲ့ကားက ခရီးသည်တွေကို ပြည့်အောင်မတင်ဘဲ ထိုင်ခုံအပြည့်ပဲတင်ပြီး သတ်မှတ်လမ်းကြောင်း အတိုင်း ရပ်တင်ချ စနစ်နဲ့ပဲ ကျွန်မမောင်းခဲ့ပါတယ်။ ညနေ ရုံးဆင်းချိန်ဆိုရင်တော့ ခရီးသည်တွေ အဆင်ပြေ စီးနိုင်ဖို့အတွက်လည်း  ထိုင်ခုံပြည့်တဲ့အပြင် မတ်တတ်ရပ် ၁၀ ယောက်၊ ၁၅ ယောက်လောက်တော့ တင်ဖြစ်ခဲ့ပါတယ်။ ခရီးသည် ပြည့်ကြပ်အောင် မတင်ပါဘူး။ ဒါကြောင့် ကျွန်မရဲ့ဝင်ငွေက တစ်နေ့ကို တစ်သောင်းသုံးထောင်ကနေ တစ်သောင်းခွဲကြားမှာဆိုတော့ မိသားစု စားဝတ်နေရေး အဆင်ပြေပါတယ်။

Tomorrow ။  ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
မြတ် ။   ။ ပထမတုန်းကတော့ မိဘဆိုတာ စိတ်ပူခဲ့တာပေါ့။ ပြီးတော့ အိမ်က အစ်ကိုကလည်း ကားမောင်းမှာဆိုတော့ ကျွန်မကို ကားပေးမမောင်းစေချင်ဘူး။ အန္တရာယ်တအားများတယ်။ ယောကျာ်းလေး မောင်းတာတောင် အခက်အခဲတွေ အမြဲကြုံတွေ့နေရတာ။ မိန်းကလေးဆိုတော့ ပိုပြီးကြုံမှာပဲဆိုပြီး ကျွန်မကို စိတ်ပူပြီး နေ့တိုင်းကားမမောင်းဖို့ ပြောတယ်။ ယာဉ်မယ်ပဲလုပ်ဖို့ပြောတယ်။ ဒါပေမဲ့ ကျွန်မက ယောက်ျားလေး တွေနဲ့တန်းတူ ရင်ပေါင်တန်းချင်လို့ မိန်းကလေးတွေ မလုပ်နိုင်ဘူးဆိုတာမရှိဘူးဆိုတဲ့ စိတ်ဆန္ဒကိုပြချင်လို့ အခု လို ကြိုးစားခဲ့တာပါ။ အခုကြိုးစားခဲ့တာ အောင်မြင်လာတဲ့အတွက် ပြန်ဆင်းဖို့ကို ကျွန်မဘယ်တော့မှ မစဉ်းစားပါဘူး။ ဒီထက်တိုးတက်အောင်ပဲ စဉ်းစားမယ်ဆိုပြီး ရအောင်မောင်းမယ်ဆိုပြီး မောင်းခဲ့တာပါ။ အခုတော့ ကျွန်မကိုမိသားစုအားလုံးက ခွင့်ပြုခဲ့ပါပြီ။ ကျွန်မလည်း အန္တရာယ်ကင်းအောင် ဂရုတစိုက် မောင်းပါတယ်။
Tomorrow ။  ။ ကျေးဇူးတင်ပါတယ်။
ဆက်သွယ်မေးမြန်းသူ
ပိုင်လေး

ကိုယ်ရေးအကျဉ်း
ကျွန်မရဲ့အမည်က မမြတ်ရည်မွန်ဖြစ်ပါတယ်။ မိဘအမည်ကတော့ အဖဦးမြရည်၊ အမိ ဒေါ်ခင်သန်းနွယ်၊ မွေးချင်း သုံးယောက်အနက် အငယ်ဆုံးသမီး ဖြစ်ပါတယ်။ ပညာအရည်အချင်းက ၁၀ တန်းပါ။ လက်ရှိနေတဲ့ နေရာကတော့ ဒညင်းကုန်း ဗိုလ်ခြံရွာ အလယ်လမ်း အမှတ် ၁၀/၁၁ ။ လက်ရှိကားလိုင်စင်မှာ အနက်ဖြစ်ပြီး သက်တမ်းမှာ နှစ်နှစ်ကျော်သည့်အတွက် ကုမ္ပဏီလိုင်စင်အနီကို လျှောက်ဖို့ စီစဉ်နေပါတယ်။

 

Category: 

Share