ကိုကြွက်နီနှင့် ထွေလီကာလီ - မာဂျေ

တပည့်ကျော်မောင်ကြွက်နီ တစ်ယောက် သူများတွေထက် ထူးကဲပြီး လျှာကို လေဖြတ်သွားကတည်းက ထူးထွေသည့် အံ့ရာစကားတွေကို မကြားရတာ ကြာပေါ့။ သူ့ကိုစိတ်မချလို့ သူ့ညီမ အပျိုကြီးတွေကလည်း အိမ်ထဲက အိမ်ပြင်ပေးမထွက်ဘူး ကြားနေတုန်း ရုံးကိုမောင်ကြွက်နီတစ်ယောက် ရောက်လာပါလေရော
ကြွက်- အစ်ဂိုဂျီးရေ အစ်ဂိုဂျီး (ဒါကလျှာကို လေဖြတ်ထားတဲ့ အသံ၊ ဒါတောင်ဒီခေတ်မို့လို့ ရေးခွင့်ရတာ။ စာပေစိစစ်ရေး ခေတ်ဆိုရင် မင်နီဝိုင်းပြီး အစ်ကိုကြီးဟု မြန်မာစာရေးထုံးအတိုင်း ပြင်ရန်ဆိုတဲ့ မှတ်ချက်က ပါလာဦးမယ်) ဒီနှစ်သင်္ကြန် ဘယ်နှရက် ပိတ်မှာလဲဗျ။
ဂျေ - ကြွက်နီရယ် မင်းကလည်း ပြောလိုက်ရရင် မကောင်းဘူး။ သတင်းစာဖတ်ကြည့်ပါလား။ အဲ့အထဲမှာ အကုန်ပါတာပဲ။

ကြွက် - ခင်ဗျားလို စာဖတ်ပျင်းတဲ့ သူမှတ်လို့လား။ မနက်မိုးလင်းတာနဲ့ တိုက်အောက်ဆင်းပြီး သူများအခန်း ပို့ထားတဲ့ သတင်းစာကို ခါးကြားထိုးယူလာပြီးမှ အိမ်သာတက်တဲ့ ကောင်ပါဗျ။ အခုသင်္ကြန်က ဆယ်ရက်လိုလို ငါးရက်လိုလိုနဲ့ ဘာမှန်းမသိလို့။ ကားလက်မှတ်တွေ ကြိုဖြတ်ထားရမယ်လေဗျာ။ ဒါကြောင့် ရုံး ဘယ်နှစ်ရက်ပိတ်တယ် ဆိုတာက ကျွန်တော်တို့အတွက် အရေးကြီးတယ်။

ဂျေ- မှတ်ထား။ လိုရင်းက ဒီနှစ်တော့ ဆယ်ရက်ပိတ်ပေးမယ်။ နောက်နှစ်တော့ ငါးရက်ပဲတဲ့။ အဲဒါကို ဝေ့လည်ကြောင်ပတ် ရေးထားတာ။ ဆယ်တန်းမှာ မြန်မာစာကို အမှတ် ၄၀ နဲ့ အောင်လာတဲ့သူ ရေးတာဖြစ်မယ်။ ရှုပ်ရှက်ကို ခတ်နေတာပဲ။ ဒါထက် မင်းကရော သင်္ကြန်ဆယ်ရက်ပိတ်တာ ကြိုက်တယ် မဟုတ်လား။

ကြွက် - ဘယ်ကသာ၊ ကျွန်တော့်မှာ စာပြင်စရာလေးတွေ ရှာဖွေပြီး အသက်မွေးဝမ်းကျောင်းနေရတာ။ ငါးရက်ဆို တော်ပေါ့။

ဂျေ- ဘယ်ကလာလို့ ပြောစမ်းပါ။ မင်းကလည်း ဖွဘုတ်သုံးပြီး အဲလိုတွေ ဖြစ်နေပြီလား။ ဘယ်ကလာကို ဘယ်ကသာ၊ သွားရအောင်ကို သွားကအောင်တွေ ဖြစ်ကုန်ပြီ။ မင်းကသာ ငါးရက်ကြိုက်တာ။ အစိုးရ၀န်ထမ်း များကတော့ ငါးရက်ဆိုတာနဲ့ ဖွဘုတ်ပေါ်မှာ ကြွက်ကြွက်ကို ဆူသွားတာပဲ။ အနားယူရက်တွေ လျော့သွားလို့တဲ့။

ကြွက် - နေ့တိုင်းလည်း ရုံးမှာ အိပ်ငိုက်ပြီး နားနေကြတာပဲဗျာ။ အခုဟာက ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ဖို့ဆိုရင် (အဲလေ) တိုင်းပြည်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ...
ဂျေ - ဟေ့ကောင် မဟုတ်တာတွေ မပြောနဲ့။ တံတွေးစင်တာထက် ငှက်ဆိတ်ခံနေရဦးမယ်။ ဒါထက် ကားစီးရတာ အဆင်ပြေသွားပြီလား။ ဂျာနယ်တွေထဲမှာတော့ သုံးရက်နဲ့ စနစ်ကြီးတစ်ခုလုံး အောင်မြင်စွာ ပြောင်းလဲနိုင်ဆိုတာ ဖတ်လိုက်ရတယ်။ ၀န်ကြီးချုပ်က မဆိုးဘူးကွ။ မင်းမှာ သေတ္တာ လူမှာငပိ (အဲမှားပြန်ပြီ) မင်းမှာ သစ္စာ လူမှာ ကတိ ဆိုသလို သူပြောင်းမယ်ဆိုတာကြီးကို တကယ်ပြောင်းရဲသကွ။

ကြွက် - အေးလေ အစိုးရပဲဗျာ။ အမိန့်ထုတ်ရင် သုံးရက်မပြောနဲ့ ခုပြောင်းဆိုလည်း ပြောင်းရမှာပဲကိုး။ အခုက ဗီနိုင်းဆိုင်တွေက ရိုက်တာမပြီးလို့ သုံးရက်ကြာသွားတာ ဖြစ်နိုင်တယ်။

ဂျေ - မင်းကို မေးတာက ကားစီးရတာအဆင်ပြေလားလို့ မေးနေတာ။ ပြဿနာမရှာနဲ့။

ကြွက် - ပြေတာပေါ့။ နေ့လယ် ၁၁ နာရီကနေ ည ၃ နာရီအတွင်း ကားတွေကို ချောင်လို့။

ဂျေ - စကားကို ကပ်မပြောနဲ့ကွာ။ မနက်ရုံးတက်ချိန်တို့ ညနေရုံးဆင်းချိန်တို့ကို မေးနေတာ။

ကြွက် - ခင်ဗျားကလည်း အဆဲတောင်းတဲ့ မေးခွန်းတွေ မမေးနဲ့လေ။ YBS စလိုက်တာ မင်္ဂလာဒုံနဲ့ ထောက်ကြန့်မှာနေတဲ့ ခင်ဗျားရုံးက ၀န်ထမ်းတွေ ငါးယောက်တောင် အလုပ်ထွက်သွားပြီပဲ။ ဒါထက် အစ်ဂိုဂျီးက မျက်စိကြီးနားကြီးမို့လို့ မေးရဦးမယ်။ မြန်မာအိုင်ဒေါက ဘယ်သူရမယ်ထင်လဲ။

ဂျေ - ပိုက်ဆံရှာရခက်တဲ့ အချိန်မှာ မြန်မာအိုင်ဒေါလည်း မကြည့်နိုင်ဘူး မောင်ကြွက်နီ။ ငါမြင်တာကတော့ မြန်မာအိုင်ဒေါကို MPT က စပွန်ဆာပေးပြီး ဗုတ်ကရတဲ့ ပိုက်ဆံနဲ့ အမြတ်တောင် ပြန်ထွက်နေတယ်လို့ ထင်တယ်။ ငါ့တပည့် တစ်ယောက်က ညဘက်အချိန်မတော်ကြီး ဖုန်းဆက်တယ်။ သူ့ဖုန်းဘေလ်က ဗုတ်တာ ကုန်သွားလို့ ဆရာ့ဖုန်းကနေ ငွေလွှဲပြီးချေးပါတဲ့။ ဒီတော့မှ လူတစ်ယောက်ကို ကြိုက်သလောက် ဗုတ်လို့ ရမှန်းသိတယ်။ အဲထက်ဆိုးတာက ဖြုတ်ပြီးသားလူကို ဗုတ်နဲ့ ပြန်ခေါ်လို့ရသတဲ့။ အချူဇယားပါကွာ။ နားမလှည့်ပဲ ပါးရိုက်တာကို မြန်မာတွေ ပျော်ပျော်ကြီးခံနေကြတဲ့ အစီအစဉ်ကြီးပါ။

ကြွက် - အဲလိုလေသံနဲ့ ထော်လော်ကန့်လန့် ပြောသံတွေ မကြားရတာကြာလို့ ကားခကို နှစ်ဆအကုန်ခံပြီး လာခဲ့တာ။ ခင်ဗျားကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့က ၁၄ မျဉ်းစောင်း ဧရာဝတီသား ရဲနောင်ကို ဗုတ်နဲ့ ပြန်မခေါ်တာကို စိတ်နာလို့ မဆုံးဘူး။ ကျွန်တော့်မှာ ညညမအိပ်ဘဲ ပေးလိုက်ရတဲ့ ဗုတ်တွေ။ ဒီလအတွက် စာပြင်ခရတာလေးတွေလည်း ကုန်ရော။ ဒီတော့ စကားမစပ် ကိုယ့်ညီလေးကို ဆင်ဖြူလေး နှစ်ကောင်လောက် စွန့်ကြဲလိုက်ဦးဆိုပြီး ကျပ်နှစ်သောင်းကို အိတ်ထဲထည့်လို့ ပြန်သွားပါလေရော...
မာဂျေ

Category: 

Share