မြန်မာ့ပဲစင်းငုံအား အခွန်၁၀ရာခိုင်နှုန်းနှင့်အထက် ကောက်ခံရန် အိန်္ဒိယ၏ လုပ်ဆောင်မှု အနိုင်ကျင့်စော်ကားခြင်းဖြစ်ဟု လုပ်ငန်းရှင်တစ်ဦး ပြော

မြန်မာ့ပဲစင်းငုံအား အိန်္ဒိယနိုင်ငံက အခွန်၁၀ရာခိုင်နှုန်းနှင့်အထက် ကောက်ခံရန် လုပ်ဆောင်မှုသည် မြန်မာနိုင်ငံအား သွယ်ဝိုက်သောနည်းဖြင့် အနိုင်ကျင့်စော်ကားခြင်းဖြစ်ကြောင်း မဟာဒီအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းလွင်က ပြောသည်။

မြန်မာ့ပဲစင်းငုံအား အိန်္ဒိယနိုင်ငံသို့တင်ပို့မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါး ၀င်ငွေရှိနေပြီး ယင်းသို့ အခွန် ၁၀ ရာခိုင်နှုန်းနှင့်အထက် ကောက်ခံမည်ဆိုပါက မြန်မာကရရှိရမည့် ၀င်ငွေထဲမှ အမေရိကန်ဒေါ်လာသန်း ၃၀ ကျော် ဆုံးရှုံးရမည့် အနေအထားဖြစ်နေကြောင်း သိရသည်။

“အခွန်ကို ၁၀ ကနေ ၁၅ ရာ ခိုင်နှုန်းကောက်မယ်ဆိုတဲ့ စာတွေ ထွက်လာတယ်။ မြန်မာတစ်နိုင်ငံလုံးမှာက ပဲစင်းငုံဆိုတာ တစ်နှစ်ကို  US ဒေါ်လာသန်း ၂၀၀ကနေ ၃၀၀နီးပါးဝင်ငွေ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ဆီက ပိုက်ဆံ ၁၀ ရာခိုင်နှုန်း အခွန်သတ်မှတ်ရင် သန်း ၃၀ ငါ တို့လုပ်ချင်ရာလုပ်လို့ရတယ်ဆိုပြီး ဒါဟာမြန်မာနိုင်ငံကို  အနိုင်ကျင့်စော်ကားတာ ဖြစ်ပါတယ်။ သူတို့ဝိုက်လိုက်တဲ့သဘောပဲ”ဟု ၄င်းကပြောသည်။

သို့သော် မြန်မာနိုင်ငံက စိုက်ပျိုးသည့်ပဲများ၏ ၈၀ရာခိုင်နှုန်းကို  အိန်္ဒိယနိုင်သို့ တင်ပို့နေရပြီး အဓိကအားဖြင့် မတ်ပဲနှင့် ပဲစဉ်းငုံတို့ကို တင်ပို့နေရကြောင်း  သိရသည်။

အိနိ္ဒယနိုင်ငံအနေဖြင့် လွန်ခဲ့သည့်၁၀နှစ်ခန့်မှစ၍ ယခုနှစ် ဧပြီလကုန်ထိ မြန်မာနိုင်ငံမှ တင်ပို့သည့်ပဲများကို အခွန်ကောက်ခံခြင်းမရှိခဲ့ရာမှ လွန်ခဲ့သည့်တစ်လခန့်မှစ၍ အိန်္ဒိယအစိုးရက ၄င်းတို့နိုင်ငံသို့ တင်သွင်းလာသည့် မြန်မာ့ပဲစဉ်းငုံအား အခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာ ခိုင်နှုန်းခန့် အခွန်ကောက်ခံရန် လုပ်ဆောင်နေပြီဟု အိန်္ဒိယ သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြောင်း ဦးရဲမင်းလွင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပဲစဉ်းငုံမှ တစ်တန်လျှင် ငွေကျပ်သိန်း ၂၀ ခန့်ရရှိခဲ့ပြီး ယခုအခါတွင် ဈေးကျဆင်းခဲ့သဖြင့် ငွေကျပ် ၇ သိန်းခွဲခန့်သာရရှိတော့သဖြင့် မြန်မာနိုင်ငံမှ ပဲလုပ်ငန်းလုပ်ကိုင် သူများ အခက်အခဲ၊ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်းနှင့် ယင်းသို့ ရင်ဆိုင်ရခြင်းမှာ အိနိ္ဒယတွင် ပဲစဉ်းငုံအထွက်နှုန်းတိုးလာခြင်းနှင့်အတူ ၄င်းပဲဈေးနှုန်းမှာလည်း ကျဆင်းလာခြင်းကြောင့် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။

မြန်မာအစိုးရအနေဖြင့် ယခင်က ယခုကဲ့သို့ ကုန်သွယ်မှုများကို ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍအနေဖြင့် လွတ်လပ်စွာကုန်သွယ်စေပြီး ၀င်ရောက်စွက်ဖက်ခြင်းမပြုခဲ့ကြောင်း၊ သို့ရာတွင် အိနိ္ဒယမှ ယခုကဲ့သို့ အခွန် ကောက်ရန် အတည်ပြုလိုက်မည်ဆိုပါက ပဲစိုက်သူတောင်သူများထံမှ အာမခံပေး၍ ဈေးနှုန်းသတ်မှန်ကာ ဈေးကွက်ထိန်းပေးခြင်းမျိုး ဆွေးနွေးညှိနှိုင်းခြင်းမျိုး လုပ်ဆောင်ပေးသင့်ကြောင်း ၄င်းကသုံးသပ်ပြောသည်။

မြန်မာနိုင်ငံတွင် ပဲစားသုံးမှုမှာ ၂ ရာခိုင်နှုန်းခန့်သာရှိပြီး ပဲကို လွန်ခဲ့သည့်နှစ်၂၀ခန့်ကတည်းကစ၍ ပြည်ပသို့တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကာ ပဲအမျိုးအစား ၁၇ မျိုးကျော်အနက်မှ ၃မျိုးခန့်သာ ပြည်ပသို့တင်ပို့ နေခြင်းဖြစ်ကြောင်း  သိရသည်။

ရွှေရင်ငြိမ်းအေး

Category: 

Share