YBPC ဘတ်စ်ကားလိုင်းကုမ္ပဏီရှယ်ယာရှင်များကို နှစ်နှစ်အတွင်း အမြတ်ငွေပေးနိုင်မည်မဟုတ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီဆို

YBS ပြေးဆွဲမှုမှဝင်ငွေ တိုးတက်ရရှိနေသော်လည်း YBPC ဘတ်စ်ကားလိုင်းကုမ္ပဏီအနေဖြင့် ရှယ်ယာရှင် များကို နှစ်နှစ်အတွင်း အမြတ်ငွေပေးနိုင်မည်မဟုတ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမောင်အောင်က ပြောသည်။

“၀င်ငွေအနေနဲ့လည်း အရင်ကထက်စာရင် ပိုပြီးတော့ရရှိလာပါတယ်။ ကျွန်တော်တို့ရှယ်ယာရှင်တွေကိုတော့ နှစ်နှစ်အတွင်း အမြတ်ငွေမပေးနိုင်သေးပါဘူး။ ရေရှည်မှာဆိုရင်တော့ အလားအလာကောင်းတွေ ရှိနေပါတယ်” ဟု ၄င်းက ပြောသည်။
အဆိုပါကုမ္ပဏီအနေဖြင့် ယာဉ်လိုင်းနံပါတ် ၃၇ ကို ပြေးဆွဲလျက်ရှိပြီး ယခုအခါ ယင်းယာဉ်လိုင်းအား စီးနင်းသည့် ခရီးသည် ပိုမိုများပြားလာလျက်ရှိသည်ဟု ဆိုသည်။

 ထို့ကြောင့် ၄င်းကုမ္ပဏီအနေဖြင့် ကားအစီးရေ ၁၀၀ ကို ၀ယ်ယူထားပြီး အဆိုပါယာဉ်များ ရောက်ရှိလာပါက အဓိကလမ်းမကြီးများတွင် အသုံးပြုသွားမည်ဟု ဒေါက်တာမောင်အောင်က ဆက်လက်ပြောသည်။

“ကားစီးရေ ၁၀၀ ၀ယ်ယူထားပြီးဖြစ်ပါတယ်။ အသစ်ဝယ်ယူထားတဲ့ကားတွေ ရောက်ရှိလာမယ်ဆိုရင် အဓိက လမ်းမကြီးတွေမှာ ပြေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီသည် လက်ရှိအချိန်ထိ ရှယ်ယာပေါင်း ၁၈၀၀ ကျော်ကို ရောင်းချထားပြီး ၄င်းကုမ္ပဏီသည် YBS စနစ်မစတင်မီတွင် အဆိုပါ အများပိုင် ယာဉ်လိုင်းကုမ္ပဏီအနေဖြင့် BRT Lite အမည်ဖြင့် ခရီးစဉ်လမ်းကြောင်း သုံးခုကိုပြေးဆွဲခဲ့ပြီး ကတ်စနစ်ကို ငွေပေးချေအသုံးပြုနေသော ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

ယခု YBS စနစ်တွင်လည်း ခရီးသည်တင်ယာဉ်အသစ်များကိုသာ အသုံးပြုထားပြီး လေအေးပေးစက်ပါဝင်သည့် ၀န်ဆောင်မှုပေးထားသောကြောင့် ခရီးသည်များ ကြိုက်နှစ်သက်စွာ စီးနင်းနေသည့် ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

ကိုညီ

Category: 

Share