ကံဆိုးကံကောင်း- မာဂျေ

သင်္ကြန်ရုံးပိတ်ရက်မှာ စားစရိတ်သက်သာအောင်ဆိုပြီး မိန်းမနဲ့ ကလေးတွေကို သူတို့ဇာတိပြန်ပို့၊ ကိုယ်ကတော့ သင်္ကြန်တစ်တွင်းလုံး အိုဗာတိုင်ဆင်းပြီး ငွေရှာမယ်လို့ ဆွဲထားတဲ့ အစီအစဉ်က အစိုးရရဲ့ ကြေညာချက်တစ်ခုကြောင့် ပျက်သွားရာကနေ ဒီဇာတ်လမ်းစခဲ့ တာပါပဲခင်ဗျာ ...

ကံဆိုးချင်တော့ အစိုးရက သင်္ကြန်ရုံးပိတ်ရက်ကို ဆယ်ရက်အစား ငါးရက်လျှော့ချမယ်လို့ ကြေညာတယ်။ ကံကောင်းချင်တော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဒီကိစ္စ ပွက်ပွက်ညံသွားတယ်။ ကံဆိုးချင်တော့ အစိုးရကလည်း အလျှော့မပေးဘဲ တင်းခံနေတယ်။ ကံကောင်းချင်တော့ ငါးရက်ဆိုတာ အစိုးရရဲ့ ဂဇက်တက်ဟောလီးဒေး ရက်ကိုပြောတာ၊ သက်ဆိုင်တဲ့ဌာနအလိုက် ငါးရက်စီ ထပ်ပေးရင်လည်းရတယ်လို့ ပြောတယ်။ ကံဆိုးချင်တော့ ဆယ်ရက်ဆိုတာ အစိုးရ၀န်ထမ်းတွေအတွက်ပဲ ပြောတာ၊ ပုဂ္ဂလိက၀န်ထမ်းတွေ မပါဘူးလို့ သတင်းတွေထွက်လာတယ်။ ကံကောင်းချင်တော့ ဖေ့စ်ဘွတ်ခ်ပေါ်က မဟာပညာရှင်တွေက သင်္ကြန်ကို အစဉ်အလာမပျက် ဆယ်ရက်ပိတ်ပေးသင့်ကြောင်းနဲ့ ဒီငါးရက်လေးလျှော့လိုက်လို့ တိုင်းပြည်စီးပွားရေးထူးပြီး ကောင်းမလာဘူးလို့ ချေပကြတယ်။ ကံဆိုးချင်တော့ ကိုယ်က ပညာအခြေခံ နည်းလို့လားမသိဘူး။ အစိုးရရဲ့ ကြေညာချက်ကို သတင်းစာထဲ ဖတ်ကြည်တာ့ ဆယ်ရက်ပိတ်ပေးတာလား၊ ငါးရက်ပဲ ပိတ်ပေးတာလား၊ ဘာမှနားမလည်ဘူး ဖြစ်နေတယ်။ ကံကောင်းချင်တော့ ကုမ္ပဏီပိုင်ရှင်တချို့က သူတို့ဝန်ထမ်းတွေကိုလည်း ဆယ်ရက်ပိတ်ပေးမယ် ကြေညာလာတယ်။ ကံဆိုးချင်တော့ နောက်နေ့ သတင်းစာထဲမှာ အစိုးရရဲ့ သင်္ကြန်ရုံးပိတ်ရက်က ငါးရက်သာ အတည်ဖြစ်တယ်လို့ ပါလာတယ်။ ကံကောင်းချင်တော့ သင်္ကြန်မှာလျှော့ချလိုက်တဲ့ ငါးရက်ကို ကျန်တဲ့ရက်တွေမှာ အစားပြန်ထိုးပေးမယ်လို့ပြောတယ်။ ကံဆိုးချင်တော့ အလုပ်ရှင်က အရင်လိုသင်္ကြန်တွင်း အလုပ်ဆင်းသူတွေ အိုဗာတိုင်ကြေး ဆယ်ရက်စာမရဘူး။ ငါးရက်စာပဲ ရမယ်ပြောတယ်။ ကံကောင်းချင်တော့ အလုပ်သမားဝန်ကြီးဌာန အတွင်းဝန်ကို အလုပ်သမားအဖွဲ့ အစည်းတွေက ကန့်ကွက်လိုက်ကြတာ အတွင်းဝန်က ဆယ်ရက်လိုချင်လည်း ဆယ်ရက်ပေါ့လို့ ပြောတယ်။ ကံဆိုးချင်တော့ အလုပ်ရှင်က အတွင်းဝန်က ပါးစပ်နဲ့ပြောတာ စာနဲ့ပေနဲ့ ထွက်တာမဟုတ်လို့ အိုဗာတိုင်ကြေး မပေးဘူးလို့ တင်းခံတယ်။ ကံကောင်းချင်တော့ နာတာရှည်ဖြစ်နေတဲ့ အမေ အခြေအနေမကောင်းဘူး။ သင်္ကြန်ကျော်မယ် မထင်ဘူးလို့ စာရလို့ သင်္ကြန်အိုဗာတိုင်မဆင်းဖြစ်ဘူး ဖြစ်သွားတယ်။ ကံဆိုးချင်တော့ ကားလက်မှတ်တွေက ဈေးနှစ်ဆသုံးဆ တက်ထားတယ်။ ကံကောင်းချင်တော့ အစိုးရက ကားလက်မှတ်တွေ ဈေးတင်ရောင်းရင် အရေးယူမယ်ကြေညာတယ်။  ကံဆိုးချင်တော့ ကားလက်မှတ်တွေ ရောင်းစရာ မကျန်တော့ဘူးလို့ ကားဂိတ်ကပြောတယ်။  ကံကောင်းချင်တော့ ဒါဆိုရင် သွားတိုင်မယ် ပြောလိုက်တာ နောက်ဆုံးတန်းခုံ လက်မှတ်ရောင်းပေးလိုက်တယ်။ ကံဆိုးချင်တော့ မြို့ထဲကနေ အဝေးပြေးသွားတဲ့ တက္ကစီခက နယ်ပြန်တဲ့ကားခထက် များနေတယ်။ ကံကောင်းချင်တော့ တခြား ခရီးသွားတစ်ယောက်နဲ့ စပ်တူငှားလိုက်တာ တစ်ဝက်သက်သာသွားတယ်။ ကံဆိုးချင်တော့ တက္ကစီက လမ်းမှာပျက်နေလို့ ကားချိန်မမီတော့ဘူး။ ကံကောင်းချင်တော့ ကိုယ်စီးမယ့်ကားကလည်း ထိုင်ခုံမဲ့တွေ ရသလောက်တင်နေလို့ အချိန်မီမထွက်နိုင်ဘဲ နောက်ကျနေတယ်။ ကံဆိုးချင်တော့ နယ်ကအမျိုးတွေကို လက်ဆောင်ပေးမယ့် ပစ္စည်းထုပ် တက္ကစီကားထဲ ပါသွားတယ်။ ကံကောင်းချင်တော့ တက္ကစီကားသမားက ဗုံးထင်ပြီး အထုပ်ကို ပြန်လာပေးတယ်။ ကံဆိုးချင်တော့ အထုပ်ဖိုး တန်ဆာခ ထပ်ပေးလိုက်ရတယ်။ ကံကောင်းချင်တော့ နာတာရှည် အမေက ရောဂါပြန်သက်သာနေတယ်။ ကံဆိုးချင်တော့ လက်ဆောင်ပေးတာကို အဝေမတည့်လို့ အမျိုးတွေရန်ဖြစ်တာကို အမေက ဖျန်ဖြေရင်း ရောဂါပြန်ဖောက်ပြီး ဆုံးသွားတယ်။ ကံကောင်းချင်တော့ အဖေက အမေလည်း ဆုံးပြီး သူလည်း မကြာခင်ဘုန်းကြီးဝတ်တော့မယ်။ ဘုန်းကြီးဝတ်ခါနီးကျရင် အမွေခွဲပေးမယ်ပြောတယ်။ ကံဆိုးချင်တော့ သင်္ကြန်တွင်း အိုဗာတိုင် မဆင်းလို့ဆိုပြီး အလုပ်သမားတွေ လျှော့ချလိုက်တဲ့အထဲမှာ ကိုယ်ကပါသွားတယ်။ ကံကောင်းချင်တော့ အလုပ်သမားသမဂ္ဂက သပိတ်မှောက်မယ် ကြေညာတယ်။ ကံကောင်းချင်တော့ လူမျိုးခြား အလုပ်ရှင်က သပိတ်တော့ မမှောက်ပါနဲ့ဆိုပြီး ပြန်ခန့်လိုက်တယ်။ ကံဆိုးချင်တော့ အလုပ်တော့ပြန်ရပါရဲ့၊ မူလနေရာလို မသက်သာတဲ့ တခြားနေရာမှာ လုပ်ရတယ်။ ကံကောင်းချင်တော့ အလုပ်များပေမယ့် အိုဗာတိုင်ကြေးပိုရတယ်။ ကံဆိုးချင်တော့ အလုပ်ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။ ကံကောင်းချင်တော့ အလုပ်သမားဆေးရုံမှာ အလကားကုလို့ရတယ်။ ကံဆိုးချင်တော့ ဆေးရုံမှာမရှိတဲ့ ဆေးကို ဈေးကြီးပေးဝယ်ရတယ်။ ကံကောင်းချင်တော့ သူငယ်ချင်းက အစစကူညီပြီး ၀ယ်ပေးတယ်။ ကံဆိုးချင်တော့ ဆေးရုံလူနာ လာကြည့်ရင်း မိန်းမနဲ့ အဲဒီသူငယ်ချင်း ငြိသွားတယ်။ ကံကောင်းချင်တော့ မိန်းမကို အဲဒီသူငယ်ချင်းက ခိုးပြေးသွားတယ်။ ကံဆိုးချင်တော့ ကလေးနှစ်ယောက်ကို ထားသွားတယ်။ ကံကောင်းချင်တော့ ခယ်မက ကလေးတွေ သနားလို့ဆိုပြီး လာစောင့်ရှောက်ပေးတယ်။ ကံဆိုးချင်တော့ ခယ်မရည်းစားက သ၀န်တိုပြီး ပြဿနာရှာတယ်။ ကံကောင်းချင်တော့ ခယ်မက အရွဲ့တိုက်ပြီး ကိုယ့်ကိုယူမယ်လို့ ကြေညာလိုက်တယ်။  ကံဆိုးချင်တော့ ခယ်မရဲ့ရည်းစားက မိန်းမနဲ့ တရားဝင်မကွာရှင်းရသေးဘဲ နောက်တစ်ယောက်ယူမယ်ဆိုရင် တစ်လင်တစ်မယား ဥပဒေလို့ခေါ်တဲ့ မျိုးစောင့်ဥပဒေနဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်တယ်။ ကံကောင်းချင်တော့ မိန်းမကိုခိုးပြေးသွားတဲ့  သူငယ်ချင်းကလည်း မျိုးစောင့်ဥပဒေနဲ့ တရားစွဲခံရမှာစိုးလို့ တရားဝင်ကွာရှင်းပေးဖို့ လာပြီးတောင်းဆိုတယ်။ ကံဆိုးချင်တော့ ဇနီးဟောင်းက ပိုင်ဆိုင်မှုတစ်ဝက် ခွဲပေးဖို့တောင်းတယ်။ ကံကောင်းချင်တော့ ပေးစရာအကြွေးတစ်ဝက် သူ့ကိုခွဲပေးလိုက်တယ်။ ကံဆိုးချင်တော့ ခယ်မက အကြွေးတွေ ဒီလောက်များတဲ့သူကို မယူချင်တော့ဘူး ပြောတယ်။ ကံကောင်းချင်တော့ အမျိုးတွေက အမဆုံးတုန်းက ရတဲ့အမွေ လာပေးတယ်။ နောက်ဆုံးတော့ သင်္ကြန်ရုံးပိတ်ရက် လျှော့လိုက်တာ လူလည်း ၀လချီးလည်ပြီး မိန်းမတစ်ယောက်ထပ်ရတာနဲ့ အဆုံးသတ်သွားပါလေရောဗျာ။ နောက်နှစ်တွေတော့ အဲ့လို ရှုပ်ရှုပ်ထွေးထွေး မလုပ်ကြပါနဲ့လို့ ကြိုတင် မေတ္တာရပ်ခံလိုက်ပါရစေ။ နောက်ထပ်ယူစရာ မိန်းမလည်း မရှိပေတော့ဘူးဗျ ...။
(စာကြွင်း - ကံကောင်းချင်တော့ သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက်ပါလို့ အစိုးရက ထပ်ကြေညာတယ်။ ကံဆိုးချင်တော့ ဆရာမာဂျေက ဒီလောက် ဗလောင်းဗလဲ များနေတဲ့ ကြေညာချက်အတွက် အစအဆုံး ပြန်ရေးမပေးနိုင်ဘူးလို့ ဘုတောတယ်။ ဒါကြောင့် သူ့ရဲ့မူလစာမူအတိုင်း ဖော်ပြလိုက်ပါကြောင်း...။
အယ်ဒီတာအဖွဲ့)
မာဂျေ

Category: 

Share