ကျည်ဆန်ထိမှန်သေဆုံးခဲ့သော ဆိုင်ကယ်ကယ်ရီသမား၏ဖြစ်စဉ်တွင် သေနတ်သံကြားခဲ့ရသည်ဆိုသော ဦးဆန်းအောင်နှင့် အင်တာဗျူး

“အုတ်တံတိုင်း အနောက်ကနေ သေနတ်သံသုံးချက် ကြားရပါတယ်။
တစ်ချက်ချင်းပစ်တဲ့ အသံပါ။ ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သုံးချက်ကြားရပါတယ်”

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ဦးရဲဝင်းသည် မတ်လ ၂၂ ရက် နံနက်ပိုင်းက နေအိမ်မှ အလုပ်သွားရာ ကျန်စစ်သားလမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်အပေါ် မတ်လ ၂၃ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ မူကြမ်းဆိုင်ရာဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲချုပ်ဇော်ဝင်းက မီဒီယာများ၏ မေးမြန်းချက်အရ ပြန်လည်ပြောကြားရာတွင် မန္တလေးမြို့တွင် သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့သော ဆိုင်ကယ်ကယ်ရီသမား၏ဖြစ်စဉ်မှာ လုပ်ကြံခံရခြင်းကြောင့်မဟုတ်ဘဲ မတော်တဆထိမှန်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ Tomorrow အနေဖြင့် အခင်းဖြစ်ပွားသည့်နေရာ၊ အခင်းဖြစ်ပွားသည့်အချိန်နှင့် ကျည်ဆန်လားရာတို့အား တွက်ဆ၍ သေနတ်သံကြားမိသူများရှိမရှိ စုံစမ်းမေးမြန်းခဲ့ရာ အခင်းဖြစ်ပွားရာ နေရာနှင့် ကျွဲဆည်ကန် ၇၈ လမ်း ၂၉၅၀ ပေတွင် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျည်ကုန်းရပ် ရဲဘော်ကွက်သစ်ကွက်စိပ်(၁)တွင် နေထိုင်သူဦးဆန်းအောင်အား တွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားသည့်နေ့ အခင်း ဖြစ်ပွားသည့်အချိန်က ၄င်းနေအိမ်အနီးတွင် ကပ်လျက်သေနတ်ပစ်သံများ ကြားမိသည်ဟုဆိုသော ဦးဆန်းအောင်အား ယခုလိုမေးမြန်းခဲ့ပါသည်။
Tomorrow ။ ။ သေနတ်ပစ်တဲ့အသံကြားရပုံနဲ့ ဘယ်နေရာကကြားရတယ်ဆိုတာ ပြောပြပါခင်ဗျာ။
ဆန်း ။ ။ အဲဒီနေ့က မနက်ပိုင်းမှာ ကျွန်တော့်အိမ်ရှေ့က ပန်းခြံလေးထဲမှာ ပန်းပင်တွေ ရေလောင်းနေတုန်း အနောက်ဘက်အုတ်တံတိုင်း အနောက်ကနေ သေနတ်သံသုံးချက်ကြားရပါတယ်။ တစ်ချက်ချင်းပစ်တဲ့အသံပါ။ ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သုံးချက် ကြားရပါတယ်။

Tomorrow ။ ။ ပန်းခြံရဲ့အနောက်ဘက် အုတ်တံတိုင်းရဲ့အနောက်မှာ ဘာရှိပါသလဲ။
ဆန်း ။ ။ စက်မှုလယ်ယာ ခြံဝင်းပါ။ အဲဒီရဲ့ အနောက်ဘက်မှာ ပ-လ-စ(၂)စစ်တပ်ပါ။ လက်နက်စက်ရုံရှိပါတယ်။

Tomorrow ။    ။ သေနတ်သံကြားရတဲ့အချိန် သိပါရစေ။
ဆန်း ။ ။ မနက် ၇ နာရီခွဲကျော်ကျော်လေးမှာ သေနတ်သံသုံးချက်ကြားရတာပါ။

Tomorrow ။ ။ ပ-လ-စ ထဲမှာ ခံကတုတ်ဆိုတာရှိတယ်။ အရင်ကရော သေနတ်ပစ်သံကြားမိဖူးလား။
ဆန်း ။ ။ ပ-လ-စ ထဲမှာ ခံကတုတ်ဆိုတာရှိတယ်။ သေနတ်သံစမ်းရင် အခုလိုအသံကျယ်ကျယ် မကြားရဘူး။ ခပ်အုပ်အုပ်အသံပဲ ကြားရတာ။ ဒီလိုဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ဒီဇင်ဘာလက တစ်ခါဖြစ်ဖူးတယ်။ ကျွန်တော့်အိမ်နဲ့ ငါး အိမ်မြောက်နေအိမ်မှာ သေနတ်ကျည်ဆန် လာမှန်ဖူးတယ်။ ပြတင်းတံခါး ကွဲသွားတယ်။ ကျည်ထိပ်ဖူးလည်း နေအိမ်ထဲကနေတွေ့တယ်။ ကျည်က ပွိုင့်တူးတူး ကျည်ဆန်ပါ။ ပွိုင့်တူးတူးဆိုတာက အမဲလိုက်ရာမှာသုံးတဲ့ သေနတ်မျိုးပေါ့။ ကျွန်တော်ကိုယ်တိုင်က တပ်မတော်(လေ)ကနေ အငြိမ်းစားယူခဲ့သူတစ်ဦးဖြစ်တာကြောင့် သေနတ်အမျိုးအစား သေနတ်အသံတွေကို သိတယ်။ အဲဒီတုန်းက အိမ်ပြတင်းတံခါးကို ကျည်မှန်တာနဲ့ ပတ်သက်ပြီး ပ-လ-စ ကို သွားအကြောင်းကြားတော့ ကျည်ဆန်ကို ဘောခွထဲထည့်ပြီး တပ်သားတစ်ယောက် က တောကြောင်ကို ပစ်တာပါလို့ ပြောပါတယ်။ အဲဒီလိုဖြစ်စဉ်မျိုးရှိခဲ့တော့ ခုတစ်ခါ အနီးနားမှာကပ်ပြီး သေနတ်သံကြားရတော့ ဒီဘက်က နေအိမ်တစ်တန်းက အထိတ်တလန့်ဖြစ်သွားကြတယ်။ အိမ်အပေါ်ထပ်မှာ မနေရဲကြတော့ဘူး။ ခုကြားရတဲ့ အသံက လေဟာနယ်ထဲကနေ ပစ်တဲ့အသံဆိုတော့ ပိုပြီးအသံကျယ်တယ်။

Tomorrow ။ ။ ဦးဆန်းအောင်ကြားရတဲ့ သေနတ်သံနဲ့ ကျန်စစ်သားလမ်းမှာ သေနတ်ကျည်မှန်လို့သေဆုံးရသူ ဆက်စပ်မှုရှိနိုင်မလား။
ဆန်း ။  ။ သေချာပေါက် ဆက်စပ်မှုရှိပါတယ်။ မနက်ပိုင်းမှာ သေနတ်သံကြားတယ်။ ဘာမှထူးခြားမှု မရှိသေးပေမယ့် နေ့ခင်းတစ်နာရီလောက်မှာ လူတစ်ယောက် သေနတ်ကျည်ဆန်မှန်လို့ သေသွားတယ် ဆိုတဲ့ဖြစ်စဉ် လူမှုကွန်ရက်စာမျက်နှာမှာတွေ့တယ်။ အခင်းဖြစ်တဲ့နေရာက ကျွန်တော်သေနတ်သံကြားရတဲ့ နေရာရဲ့ အရှေ့ဘက်တည့်တည့် မိုင်ဝက်ကျော်ကျော်လောက်မှာပဲ။ ဒါကြောင့် မနက်ကကြားရတဲ့သေနတ်သံ သုံးချက်ထဲက ကျန်တစ်တောင့်ဟာ လမ်းပေါ်သွားနေတဲ့ လူတစ်ယောက်ကို သွားပြီးထိမှန်တာဖြစ်မယ်လို့ သိလိုက်ရတယ်။

Tomorrow ။ ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကိုသွားရောက်အကြောင်းမကြားဘူးလား။
ဆန်း ။ ။ လူတစ်ယောက် ကျည်ဆန်မှန်ပြီး သေတယ်လို့ သိလိုက်တာနဲ့ ကျွန်တော်တို့ ရဲဘော်ကွက်သစ်က ရပ်ကွက်စိပ်မှူး ဦးမြင့်ဦးနဲ့ ရာအိမ်မှူးဦးမိုးညိုတို့ကို အကြောင်းကြားတယ်။ သူတို့ကိုယ်တိုင်လည်း သေနတ်သံ ကြားခဲ့တဲ့သူတွေဖြစ်ပါတယ်။ အဲဒီလိုအကြောင်းကြားပြီး ပြည်ကြီးတံခွန်ရဲတပ်ဖွဲ့က နယ်ထိန်းဝင်းထွန်းနိုင်ကို အကြောင်းကြားတယ်။ ဆက်ပြီးပြည်ကြီးတံခွန်ရဲစခန်းကို အကြောင်းကြားတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်သိတာကို သတင်းပို့တင်ပြတာပါ။
Tomorrow ။ ။ ရဲစခန်းက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးမေးမြန်းမှုရှိလား။

ဆန်း ။ ။ ဟုတ်ကဲ့ ညနေ ၅ နာရီမှာ စခန်းမှူးက ကျွန်တော့်ကို ခေါ်တွေ့ပါတယ်။ ခုပြောသလိုပဲဖြစ်စဉ်ကို ကျွန်တော်စခန်းမှူးကို တင်ပြပါတယ်။ ပြီးတော့ ဒုစရိုက်နှိမ်နင်းရေးက တာဝန်ရှိသူတွေလာပြီးစစ်တယ်။ မနေ့ (မတ် ၂၄ ရက်) ည ၉ နာရီကျော်က တိုင်းရဲတပ်ဖွဲ့ကအရာရှိတစ်ဦးက ကျွန်တော့်ကို လာပြီးတွေ့ပါတယ်။

Tomorrow ။ ။ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုကောက်ချလဲ။
ဆန်း ။ ။ ကျွန်တော် တင်ပြတာကို လက်ခံပါတယ်။ သေနတ်ကျည်ဆန်ဟာ ဂျီသရီးကျည်ဆန်လို့ သိရပါတယ်။ ကျည်ဆန်မှာ ရှပ်ပွတ်တဲ့အရာပါတယ်လို့ သိရတယ်။ အဲဒါလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အိမ်ရှေ့မှာ ဓာတ်အားလိုင်း ၂ လိုင်းက ကြိုးတွေရှိတယ်။ ကျည်ဆန်ဟာ ဓာတ်ကြိုးကိုရှပ်ပြီး ဖြတ်သွားတာပါ။

Tomorrow ။ ။ ခုလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့် အနေနဲ့ဖြစ်စဉ်ကို သိသမျှ ပြည်သူကိုတင်ပြရုံပါ။ ကျန်တာကတော့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်မှာ ဖြစ်ပါလိမ့်မယ်။
ဆန်း ။  ။ ကျွန်တော်ကလည်း Tomorrow ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အနေနဲ့က သေနတ်ကျည်ဆန် ဘာကြောင့်ထွက်ထွက် မဆီမဆိုင် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးသွားရတဲ့အပေါ် စိတ်မကောင်းဘူး။ သက်ဆိုင်ရာက တာဝန်ယူပေးစေချင်ပါတယ်။ ပြည်သူရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးပြီးရင် တရားဝင်သတင်း ထုတ်ပြန်ပေးပြီး အကြောင်းမဲ့ အသက်ဆုံးရှုံးရတဲ့ ပြည်သူတစ်ယောက်အတွက် သက်ဆိုင်ရာက တာဝန်ယူ ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ
ဆွေနိုင်စစ်

 

Category: 

Share