လက်မည်းကြီးကို ဖော်ထုတ်ခြင်း - မာဂျေ

ဂျေ- မောင်ကြွက်နီရေ အခုတလော တစ်ခုခုဖြစ်တိုင်း နောက်ကွယ်က လက်မည်းကြီး ရှိတယ်ဆိုပြီး ပြောနေကြတော့ ငါ့မှာ နောက်ကျောမလုံဖြစ်နေသကွ။
ကြွက်- ခင်ဗျားလို အကြွေးပတ်လည်ဝိုင်းနေတဲ့သူက သိန်းတစ်ထောင်မပြောနဲ့ ဆယ်သိန်းတောင် ထုတ်မပေးနိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ နောက်ကွယ်က လက်မည်းကြီးက ကျွန်တော်ပါဆိုပြီး တရားရုံးသွားဝန်ခံတောင် မမှန်မကန် သက်သေထွက်ဆိုမှုနဲ့ ခင်ဗျားထောင်ကျမှာ။ ကိုယ့်ကိုယ်ကိုယ် ဒီလောက် အထင်ကြီးမနေနဲ့။

ဂျေ - နင့်အမေကလိန်းမှပဲ။ အဲဒါပြောတာ မဟုတ်ဘူးဟ။ ငါကအညာသားဆိုတော့ အသားမည်းတယ်။ အစကတည်းက ငါ့လက်က မည်းနေတာကို။ အခုလို လက်မည်းကြီး လက်မည်းကြီး ပြောသံတွေကြားရတော့ နှိမ့်ချဆက်ဆံခံရသလို ခံစားရလို့။

ကြွက် - ဒါဆိုလည်း လွယ်ပါတယ်။ ယနေ့မှစပြီး နောက်ကွယ်မှ ကြိုးကိုင်သူများကို လက်ဖြူကြီးလို့ ခေါ်ရေး ဒို့အရေးဆိုပြီး ဆူးလေမှာ ဆန္ဒပြပေါ့။ လူဘယ် နှစ်ယောက်လိုချင်လဲ။ တစ်ယောက်သုံးထောင့်ငါးရာနဲ့ တီရှပ်တစ်ထည်ဆိုရပြီ။ ကျွန်တော့်သာ လေဘာကန်ထရိုက်(အဲလေ) မန်းပါဝါ ကန်ထရိုက်ပေးလိုက်။

ဂျေ - ခေါ်လာတဲ့သူတွေကတော့ အသားမည်းပါစေနော် (အဲလေမှားလို့) တော်စမ်းပါ။ နင့်မလဲ ဘယ်လို စီးပွားရှာမလဲပဲ တွက်နေတာ။ ငါတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ၀န်ထမ်း လုပ်ရတာတော့ ဟန်သကွ။ အမှုကို မဖော်နိုင်သေးရင်ဖြစ်ဖြစ်၊ မဖော်ချင်တော့ရင်ဖြစ်ဖြစ် နောက်ကွယ်က လက်မည်းများကို စုံစမ်း ဖော်ထုတ်နေပါတယ်နဲ့ ပြီးသွားတယ်။ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ စိတ်ကြွဆေးတွေမိလည်း နောက်ကွယ်က လက်မည်းတွေကို တစ်ခါမှမမိဘူး။ ဖော်ထုတ်ပါမယ်နဲ့ ပြီးသွားတယ်။

ကြွက် - လက်မည်းရဲ့ တန်ခိုးက ကြီးလို့နေမှာပေါ့။
ဂျေ - အေး။ အဲဒါနဲ့ ငါတောင်လက်မည်းကြီးကို အလွဲသုံးစားလုပ်လိုက်သေးတယ်။ ဟိုနေ့က ငါ့မိန်းမက ရှင်ဟာ ဘောပွဲလောင်းလိုက်၊ ညတိုင်း အရည်တွေသောက်လိုက်နဲ့ ကြီးမိုက်ကြီးဖြစ်နေပြီ။ ခုထိ လိမ္မာမယ်မကြံဘူးလို့ ဆူသကွ။ အဲတော့ ငါကမိန်းမကို ဟေ့ ဘောပွဲလောင်းချင်လို့ လောင်းတယ်များ မှတ်နေလား။ အရက်သောက်ချင်လို့ သောက်တယ်များ မှတ်နေလား။ နောက်ကွယ်က လက်မည်းကြီးကြောင့် ဒါတွေ လုပ်နေရတာလို့ ပြောလိုက်တာ။

ကြွက် - ဒီတော့ ခင်ဗျားမိန်းမက လန့်ပြီးငြိမ်သွားတယ် မဟုတ်လား။
ဂျေ - ဘယ်ကသာ (ဘယ်ကလာဟု အမှတ်အတိုင်းဖတ်ပါ။ ဒါကဖွဘုတ်အသုံး) မိန်းမက ရှင့်က ဒီစကားပြောရအောင် ရှင့်ကိုရှင် ရဲမှတ်နေလား၊ ပြည်ထဲရေးက အရာရှိမှတ်နေသလား၊ အစိုးရရုံးက အရာရှိမှတ်နေသလားဆိုပြီး ပြန်ပက်လို့ငါက ငြိမ်နေလိုက်ရတာ။

ကြွက် - အမှန်ပြောရရင် တချို့ကိစ္စတွေက တကယ်မကျေနပ်လို့ ဆန္ဒဖော်ထုတ်ကြတာပါ။ နောက်မှာ လက်မည်းကြီးရှိမယ် မထင်ပါဘူး။ အခုတော့ အစိုးရမလဲ လက်မည်းကြီးကိုသုံးပြီး ထွက်ပေါက်ရနေတယ်။ ပြည်သူတွေက တကယ်မကျေနပ်လို့ ဆန္ဒပြရင်လည်း နောက်ကွယ်က လက်မည်းကြီးတွေကြောင့်ပါ။ ဒါတွေက နိုင်ငံရေးပယောဂတွေပါလို့ လွှဲချလိုက်တာနဲ့ ပြီးနေတာကိုး။

ဂျေ - ဒီတော့ ရဲတပ်ဖွဲ့မှာ လက်မည်းကြီးများ ဖော်ထုတ်ဖမ်းဆီးရေးတပ်ဖွဲ့ဆိုပြီး ထပ်ဖွဲ့ဖို့ လွှတ်တော်မှာ အဆိုတင်ခိုင်းရရင် မကောင်းဘူးလား။ မင်းသူငယ်ချင်း လွှတ်တော်အမတ် ဖြစ်နေတာ အများကြီးရှိနေတာပဲ။

ကြွက် - ခင်ဗျားကလည်း လွှတ်တော်အမတ်တွေကို သွားဒုက္ခမပေးပါနဲ့။ သူတို့မလဲ အားရှာတာ မဟုတ်ဘူး။ တံတားနာမည်ပြောင်းဖို့ ထောက်ခံရတာနဲ့ တင်ဗြောင်းဆန်နေကြတာ။

ဂျေ -ဒါဆိုလဲ သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက်အစိုးရ အဖွဲ့တွေက ဦးဆောင်ပြီး ဖော်ထုတ်ရင်ရော။

ကြွက် - သူတို့လည်း မအားပါဘူးဗျာ။ သင်္ကြန်ကို စီးပွားဖြစ်လုပ်မလား၊ မလုပ်ဘူးလားနဲ့တင် ချာချာလည်နေတာ။

ဂျေ - ဒါဆိုငါတို့နိုင်ငံမှာ ဘာဖြစ်ဖြစ် လက်မည်းကြီးပဲ လွှဲချပြီး ဘာမှမဖော်ထုတ်ကြတော့ဘူးလား။
ကြွက် -ဒါလေးများဗျာ။ ကဲကျွန်တော်ဖော်ထုတ်ပေးမယ်။ လက်မည်းကြီး ဘယ်သူဆိုတာ ခုမှသိတာမဟုတ်ဘူး။ ငယ်ငယ်ကတည်းက သိတာဗျ။ တကယ်တော့ လက်မည်းကြီးဆိုတာ အိမ်တွေကို ရေနံချေးလိုက်သုတ်တဲ့ သူတွေပဲ။ သူတို့လက်လောက် ဘယ်သူ့လက်ကများ မဲနိုင်ဦးမလဲ..ဟာဟာဟ။
မာဂျေ

Category: 

Share