ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် အင်တာဗျူး

““မထသကလူတွေပဲ YBS မှာ ဦးဆောင်နေဦးမယ်ဆိုရင်တော့
 YBS မဖြစ်ဘဲ မထသပဲ ဖြစ်နေဦးမှာပါပဲ”

YBS ကို မိတ်ကပ်ခွာချလိုက်ရင် ယခင်မထသအတိုင်းပဲ ဖြစ်နေသည်ဆိုသည့်အဆိုကို တင်သွင်းခဲ့သည့်အပြင် လက်ရှိ YBS မှာလည်း မထသကလူတွေပဲ ဦးဆောင်နေသည့်အတွက် YBS မဟုတ်ဘဲ မထသပဲ ဖြစ်နေသေးသည်ဟု ဆိုလိုက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် တူမောရိုးဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့သည်။
Tomorrow ။   ။ ဧပြီ ၅ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်မှာ YBS နဲ့ ပတ်သက်ပြီး YBS ကို မိတ်ကပ် ခွာချလိုက်ရင် ယခင်က မထသအတိုင်းပဲဖြစ်နေပါတယ်ဆိုတဲ့အဆိုကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အဆိုကို အစ်ကို့အနေနဲ့ ဘယ်လိုရည်ရွယ်ချက်ကြောင့် တင်ဖြစ်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
အောင် ။   ။ ကျွန်တော် YBS နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လောလောဆယ် YBS နဲ့ပတ်သက်ပြီး နေ့စဉ်သွားလာလှုပ်ရှားနေတဲ့သူတွေ သိပါတယ်။ YBS ပြောင်းလဲလိုက်ပြီးနောက်ပိုင်းမှာ တော်တော်လေးဟုတ်ပါတယ်။ နောက်ပိုင်းကျတော့ အဆင်မပြေမှုတွေ ဖြစ်လာတာ ခရီးသွားပြည်သူတွေ အသိပါပဲ။ ကုမ္ပဏီတွေနဲ့ ယာဉ်လိုင်းတွေလည်း လုပ်ရကိုင်ရတာ အဆင် မပြေမှုတွေဖြစ်လာတာတွေ ရှိလာတယ်။ ဒါကြောင့် ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် မထသလို ပြန်ဖြစ်သွား မယ်။ ဒါကြောင့် အခြေအနေကို ကြိုတင်ပြီးတော့ ထိန်းလို့ရအောင် ပိုမိုကောင်းမွန်တဲ့ ပုံစံမျိုး လုပ်လို့ရအောင် ဆိုပြီး ကျွန်တော်က အဲဒီရည်ရွယ်ချက်နဲ့ တင်လိုက်တာပါ။ နောက်တစ်ခုကတော့ YBS နဲ့ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးအပိုင်းပေါ့။ ယာဉ်လိုင်းမှာ မောင်းနေတဲ့ ယာဉ်လုပ်သားတွေရဲ့ ပြုမူဆက်ဆံပုံတွေက အစ၊ ကားတွေကျော်တက်တာ ပြိုင်မောင်းတာတွေ၊ မှတ်တိုင်မှာ မရပ်ဘဲ တွေ့တဲ့နေရာမှာ ကောက်ရပ်တာတွေ၊ ဖြစ်နေတဲ့ကိစ္စတွေကို အချိန်မီထိန်းသိမ်းလို့ရအောင် စည်းကမ်းတကျ အရေးယူနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဆိုကို တင်ဖြစ်ခဲ့တာပါ။

Tomorrow ။   ။ အစ်ကို့ရဲ့ အဆိုထဲမှာ YBS နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုတွေ မရှိဘူး။ ပြည်သူတွေကို သိအောင်ချပြဖို့ လိုတယ်ဆိုတာ ဘယ်လိုကိစ္စတွေကို ဆိုလိုတာလဲဆိုတာ သိချင်ပါတယ်။
အောင် ။   ။ ဒါကတော့ YBS နဲ့ပတ်သက်ပြီး လုပ်နေတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ကားဝယ်တာပဲဖြစ်ဖြစ်၊ မှတ်တိုင်တွေ လုပ်တာပဲဖြစ်ဖြစ်၊ ယာဉ်လိုင်းတွေတိုးချဲ့တာပဲဖြစ်ဖြစ်၊ ကုမ္ပဏီတွေ ဖွဲ့စည်းတာပဲဖြစ်ဖြစ်၊ ဘာတွေပဲ လုပ်နေလုပ်နေ ပြည်သူတွေသိအောင် ပွင့်လင်းမြင်သာမှုရှိပြီး ချပြ ပြောဆိုဖို့လိုအပ်တယ်ဆိုတာကို ရည်ရွယ်ပြီး ပြောခဲ့တာပါ။ လက်ရှိမှာလည်း YBS နဲ့ပတ်သက်ပြီး ဘာတွေလုပ်နေလဲဆိုတာပြည်သူတွေ သိရှိမှုမရှိတဲ့အတွက် အခုလို အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။

Tomorrow ။   ။ YBS နဲ့ပတ်သက်ပြီး အစ်ကိုတင်တဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးဖို့ ရှိပါသလား။ ဆွေးနွေးဖို့အတွက်လည်း ကိုယ်စားလှယ်လောင်း ဘယ်နှစ်ဦးလောက် စာရင်း ပေးထားပါသလဲ။
အောင် ။    ။ ကျွန်တော် တင်သွင်းတဲ့အဆိုကို ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေရှိပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၀ ကျော် စာရင်းပေးထားပါ တယ်။ သူတို့ ဘယ်လိုပုံစံမျိုးဆွေးနွေးမယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူတို့အနေနဲ့လည်း ဒီအပေါ်မှာ ပြောစရာတွေအများကြီးရှိနေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

Tomorrow ။   ။ လက်ရှိ ရန်ကုန်မြို့မှာ YBS ပြေးဆွဲတာနဲ့ပတ်သက်ပြီး အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ YBS မစခင်က နိုင်ငံခြားက ကားတွေတင်သွင်းမယ်။ အရင်မထသက ကားတွေ ဖယ်ရှားမယ်။ ယာဉ်နောက် လိုက်မထားဘူးဆိုတဲ့ စကားတွေအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။
အောင် ။   ။ ကျွန်တော့်အနေနဲ့ပြောရရင် ပြည်သူနဲ့ အတူတူပါပဲ။ ပြည်သူတွေမြင်တဲ့အတိုင်းပဲ ကျွန်တော်လည်း မြင်နေရပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ YBS အပေါ်မှာ ပြည်သူတွေ သွားလာမှု အခက်အခဲ ရှိနေတယ်။ အားမလိုအားမရမှုတွေ ဖြစ်နေတယ်ဆိုတာကို ပြည်သူတွေ မြင်သလို ကျွန်တော်လည်း ပြည်သူတစ်ယောက် အနေနဲ့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောခဲ့သလို ဒီအတိုင်းဖြစ်နေမယ်ဆိုရင် အဆင်မပြေဘူး။ ဒီထက် ပိုကောင်းအောင် လုပ်ရမယ်၊ ကောင်းမွန်တဲ့စနစ်တစ်ခု ဖော်ဆောင်ပေးဖို့အတွက် လိုအပ်နေပါတယ်။ အခု မထသကို ဖျက်သိမ်းပြီး YBS ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲနေတာလည်း သုံးလပြည့်ခဲ့ပါပြီ။ လက်ရှိ အနေအထားကို ပြောရရင်လည်း ပြောင်းလဲမှုအနည်းငယ်ရှိပေမယ့် အများစုက ဘာမှပြောင်းလဲမှုမရှိပါဘူး။ မထသတံဆိပ်ခွာပြီး YBS ပြန်ကပ်ပြီး ဒီကား၊ ဒီယာဉ်မောင်း၊ ဒီယာဉ်နောက်လိုက်နဲ့ ပြန်ပြီး လိုင်းနံပါတ်သာ ပြောင်းပြီး ပြေးဆွဲနေပါတယ်။ ပြေးဆွဲနေတာလည်း ဘာမှပြောင်းလဲမှုမရှိပါဘူး။ ဒါကြောင့် ကျွန်တော်က ပြောင်း လဲမှုဖြစ်စေဖို့အတွက် ဒီအဆိုကို တိုက်တွန်းတဲ့သဘောအနေနဲ့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

Tomorrow ။   ။ နောက်ဆုံး မေးခွန်းအနေနဲ့ ယခုလက်ရှိ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေကို ဘယ်လို ပုံစံမျိုးနဲ့ ပြေးဆွဲသွားရင် အဆင်ပြေနိုင်မလဲဆိုတာကို အစ်ကို့အနေနဲ့ သုံးသပ်ချက်လေးတစ်ခုလောက် ပြောပေး စေချင်ပါတယ်။
အောင် ။    ။ ဘယ်လိုပုံစံမျိုးနဲ့ ပြေးဆွဲသွားရင် ဖြစ်နိုင်လဲဆိုတော့ အကောင်းဆုံးပုံစံဖြစ်အောင် ကျွန်တော် အကြံပြုချင်တာကတော့ လောလောဆယ်မထသကို ဖျက်သိမ်းပြီးတော့ YBS ကို ပြောင်းလိုက်တယ်။ အဲဒီမှာ ကျွန်တော်အပါအ၀င် ပြည်သူတွေက ပိုကောင်းတဲ့စနစ်တစ်ခုဖြစ်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ တကယ့် လက်တွေ့ကျတော့ မထသကလူတွေပဲ YBS မှာ ဦးဆောင်နေဦးမယ်ဆိုရင်တော့ YBS မဖြစ်ဘဲ မထသပဲ ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် မထသက လူတွေရဲ့ ဦးဆောင်မှုကနေပြီးတော့ YBS ကို ဦးဆောင်နိုင်မယ့်သူတွေနဲ့ စနစ်တကျလုပ်သွားမယ်ဆိုရင် YBS က အားကောင်းမောင်းသန် ဖြစ်လာနိုင်မယ်လို့ ကျွန်တော့်အနေနဲ့အကြံပြု ပြောကြားချင်ပါတယ်။
ဆက်သွယ်မေးမြန်းသူ - ပိုင်လေး

 

Category: 

Share