ထွင်လုံး - မာဂျေ

သင်္ကြန်အပြီး ရုံးတွေပြန်အတက်မှာ သင်္ကြန်တွင်းမတွေ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြန်တွေ့ဖြစ်ကြတယ်။ ထုံးစံအတိုင်း မောင်ကြွက်နီတို့ မောင်နန်းမိုးတို့ ရွှေကြိမ်လုံးတို့တွေပေါ့။ သူတို့က မာဂျေ ဂျပန်မှာ လက်ဝှေ့ပွဲသွားသွင်းတာကို ဂျပန်မှာဘဏ်သွားဖွင့်တယ် ထင်နေကြသလား မသိဘူး။ လက်ဆောင် ဘာတွေများ ပါလာသလဲတဲ့။ “လက်ဆောင်တော့ ဘာမှမပါဘူး ကိုယ့်လူတို့။ ငါ့လက်ဝှေ့သမားတွေက ဟိုတယ်မှာ ပိုက်ဆံပေးမှကြည့်ရတဲ့ ရုပ်သံလိုင်းတွေကို မသိဘဲ ကြည့်ခဲ့ကြလို့ အိတ်ထဲက ပိုက်ဆံ အတော်ထွက်သွားတာ။ ပြန်ရောက်လာတောင် ကံကောင်းပြောလိုက်ရတယ်။ အဲဒီအပြင် ရှိသေးတယ်။ ကန်တော့ပွဲပေးမယ့် အုန်းသီးကို လမိုင်းပိုကပ်အောင် ဆိုပြီး ဒီကနေရွှေချသွားတာ လေဆိပ်အကောက်ခွန်မှာ ရွှေကို မှောင်ခိုသွင်းတာ မဟုတ်ပါဘူး။ ရွှေရောင်ဆေးသုတ်လာတာပါလို့ မနည်းရှင်းရတယ်။ မင်းတို့လိုပဲ ဂျပန်အကောက်ခွန်ကလည်း ငါ့ကို အတော်အထင်ကြီးပုံရသဟလို့ပြောတော့ မောင်ကြွက်နီက အထင်ကြီးတာတော့ ဟုတ်မယ်မထင်ဘူး။ ခင်ဗျားကို မှောင်ခိုသမားလို့ ထင်ပုံရတာဆိုပြီး” နှက်လိုက်သေးတယ်။

တစ်ဆက်တည်းပဲ အစောကြီး ရန်ကုန်ပြန်ရောက်လာတဲ့ မောင်ကြွက်နီကို မင်းပြန်လာတာ ဒီနှစ်စောလှချည်လားမေးလိုက်တော့ ခရီးသည်နေရာရွှေ့ပြောင်းရေးယာဉ်တွေကို ဈေးကြီးပေးပြီး ပြန်လာရတာ။ ဂျပန်လက်ဆောင်လေးများ ရမလားလို့တဲ့။ သူပြောတဲ့ ခရီးသည်နေရာရွှေ့ပြောင်းရေး ယာဉ်ဆိုတာ ဘာမှန်းမသိပေမယ့် နောက်တစ်ယောက်ဖြစ်တဲ့ မောင်နန်းမိုးကို မင်းကရော ဘယ်ကပြန်လာတာလဲ မေးလိုက်တယ်။ မောင်နန်းမိုးက သူငယ်ချင်း တစ်ယောက်ဘ၀မကူးပြောင်းရေး ကြိုးစားဆောင်ရွက်မှုဌာန ရောက်နေလို့ သတင်းသွားမေးနေတာတဲ့။ ဒါလည်း နားမလည်ပြန်ဘူး။

ဘေးမှာ ငူငူကြီးထိုင်နေတဲ့ ရွှေကြိမ်လုံးကတော့ ဆရာဂျေဆီက လက်ဆောင်မျှော်ပြီးလာတာ။ လက်ဆောင်မပါရင်လည်း ပြန်တော့မယ်။ ကျွန်တော်က အခု အလုပ်ပြောင်းသွားပြီ။ ပြည်သူလူထုဖျော်ဖြေရေး ကူးလူးဆက်ဆံမှုဌာနကို ရောက်သွားပြီတဲ့။ ဒါတွေ တစ်ခုမှ နားမလည်တော့သည်း မခံနိုင်တော့ဘူး။ ငါဂျပန်သွားတာက ငါးရက်ထဲပါကွ။ မင်းတို့က ဘာတွေပြောပြီး ငါကိုနှိပ်စက်နေကြတာလဲ မေးမှ မောင်နန်းမိုးက စာမေးပွဲအောင်စာရင်းကို ခင်ဗျားဘယ်လိုခေါ်မလဲတဲ့။ ဟအောင်စာရင်းက အောင်စာရင်းပေါ့။ မကျစာရင်လို့မှ မခေါ်တာ ပြောလိုက်တော့ မောင်နန်းမိုးက သူ့ထုံးစံအတိုင်း ဆေးပေါ့လိပ်ကြီးဖွာလို့ ဘာမီဒီယာသမားလဲ။ တိုင်းပြည်မှာ ဘာပြောင်းလဲမှုဖြစ်ဖြစ် သိကိုမသိဘူးဆိုပြီး ပြောပါလေရော။ အေးလေ မသိလို့ မင်းတို့ကိုမေးနေတာကို၊ ငါ့ကိုသိတဲ့သူက အလင်းပြကြလေလို့ ပြောမှ မောင်ကြွက်နီက ဒီနှစ်က စပြီး စာမေးပွဲအောင်စာရင်းကို  အောင်စာရင်းလို့ မခေါ်ရတော့ဘူး။ အတန်းကူးပြောင်းမှု စာရင်းလို့ ခေါ်ရမတဲ့လို့ ဖြေတယ်။ ဘာကြီးလဲဟ အတန်းကူးပြောင်းမှုစာရင်း၊ တစ်သက်လုံး အောင်စာရင်းလို့ သိလာတာကို ဒီလို ပြောင်းတော့ရော ဘာထူးမှာလဲ။ ဘယ်သူတွေ ဘယ်လိုတွေအတွေးခေါင်ပြီး သတ်မှတ်လိုက်တာလဲ မေးပြန်တော့ အဲဒါတော့ မသိဘူး။ ပညာရေးဝန်ကြီးဌာနက ကြေညာတယ် ကြားတာပဲတဲ့။

မောင်နန်းမိုးက “အလုပ်မရှိ ကြောင်ရေချိုးတာလား။ လုပ်စရာမရှိလို့ ကြံဖန်လုပ်တာလားတော့ မသိပါဘူးဆရာရယ်။ အဲဒီလို ကြေညာတော့ ဘာအကျိုးရှိလို့လဲ။ ကျတဲ့သူကကျပြီး အောင်တဲ့သူ အောင်တာပဲ။ တိုင်းပြည်မှာ ဒီလောက်လုပ်စရာတွေများနေတဲ့ ကြားထဲမှာ အမိန့်တွေထွက်လို့ ကြည့်ကြည့်လိုက်ရင် ၀ါးတားတားအမိန့်တို့။ ဝေ့လည်ကြောင်ပတ်အမိန့်တို့၊ အရေမရ အဖတ်မတင် အမိန့်တို့ဆိုတာချည်း ဖြစ်နေတယ်”တဲ့

ဒီအတိုင်းဆို ခရီးတောင် မထွက်ရဲအောင် ဖြစ်နေပြီ။ ငါးရက်လောက် ခရီးထွက်တာတောင် လိုက်လို့မမီတော့ဘူးလို့ ပြောရင်း မာဂျေကအဲဒါထားပါတော့ အစိုးရကကြေညာတာ။ ခုန မင်းတို့ပြောနေတာတွေကရော ဘယ်ကကြေညာတာလဲမေးတော့ မောင်ကြွက်နီက “ဘယ်ကမှ မကြေညာဘူး။ စိတ်အချဉ်ပေါက်လို့ လျှောက်ပြောနေတာ။ ခရီးသည်နေရာရွှေ့ပြောင်းရေးယာဉ်ဆိုတာ အဝေးပြေးယာဉ်ကိုပြောတာ။ ဘ၀မကူးရေး ကြိုးပမ်းဆောင်ရွက်မှုဌာနဆိုတာ ဆေးရုံကိုပြောတာ။ လူနာတွေကို မသေအောင် ရောဂါပျောက်အောင် ကြိုးစားကုသနေလို့ အဲဒီနာမည်ပေးလိုက်တာ။ ရှိသေးတယ် မင်္ဂလာဖိတ်စာကို ချစ်သူအတည်တကျကူးပြောင်းလွှာ၊ သင်္ချိုင်းကို ဘ၀ကူးပြောင်းမှုဌာနတို့ဆိုပြီး ပေးမလို့” တဲ့

အောင်မလေး မောင်ကြွက်နီရယ် ငါ့အသက်ငါးဆယ်ကျော်မှ မကြားဖူးတာတွေချည်း ကြားနေရပါလားလို့ ပြောလိုက်တော့ ရွှေကြိမ်လုံးက “ဒါတောင် ဆရာဂျေက ဖွဘုတ်မသုံးသေးလို့။ ဖွဘုတ်မှာ စဆရကတို့ ဖုတ်ဖုတ်တို့ဆိုတဲ့ ခေတ်ပေါ်အသုံးတွေ ရှိသေးတယ်”တဲ့။ မာဂျေက ဒါလောက်တော့ သိပါတယ်ကွ။ စဆရကဆိုတာ စစ်ဆင်ရေးကြီးကိုပြောတာ။ အရင်ခေတ်က တရုတ်ဖြူစစ်ဆင်ရေးတို့၊ နယ်နိမိတ်တိုင်းတဲ့ ဘဘစစ်ဆင်ရေးတို့ မဟုတ်လား။ ဖုတ်ဖုတ်ဆိုတာကတော့ ဖုန်တွေဖုတ်တွေထလို့ ပြောတယ်ထင်တာပဲလို့ ခပ်ဝါးဝါး ပြောလိုက်တော့ ရွှေကြိမ်လုံးက “တလွဲချည်းပဲ။ ဒါပေမဲ့ အဲဒီ အနက်အဓိပ္ပာယ်တွေက ညစ်ပတ်လို့ ရုန့်ရင်းကြမ်းတမ်းလို့ မပြောတော့ပါဘူး”တဲ့ ဒီတော့မာဂျေလည်း ငါလက်မြှောက်ပါပြီကွာ။ ဒီစာလုံးအနက်တွေလည်း မသိရရင် နေပါစေတော့။ အရင်က ဆရာဇော်သက်ထွေး ရေးတဲ့ စကော့တလန် စမ်းရေဆိုတာ စကော့ဝီစကီဆိုတာတောင် မနည်းမှတ်နေရတာ။ ငါထင်တာတော့ ဒီအစိုးရထဲမှာ ကဗျာသမားစာသမားတွေ ပို့စ်မော်ဒန် စာရေးဆရာတွေများတယ် ထင်တာပဲ။ လွှတ်တော်ခေတ်ဦးမှာလည်း အဆိုတင်တာလား။ ကဗျာရွတ်တာလား ပြောသာပြီးသွားတယ် ဘာပြောမှန်းကို မသိလိုက်ဘူး။ ဖွဘုတ်ဆိုတာကြီး ပေါ်လာတာကိုက ဆိုးပါတယ်။ လူတွေ အကုန်လုံး ပလက်ဖောင်းတွေရပြီး ရေးချင်တာရေး ပြောချင်တာပြောနဲ့ ထွင်လို့ကို မဆုံးနိုင်တော့ဘူး။ မိန်းကလေးတွေရဲ့ အသွေးအသားနဲ့ လုပ်စားတဲ့ မိန်းမစိုးမကြီးတွေကို မားမားစံခေါ်သလို နောက်ဆို ငါ့လိုလက်ဝှေ့ပွဲသွင်းတဲ့သူကို ပါးပါးစံများ ခေါ်ကြမလား မသိပါဘူးကွာလို့ ပြောရင်း ဂျပန်မှာ ဟိုတယ်ထဲက အလကားယူလာတဲ့ သွားပွတ်တံလေးတွေ၊ မုတ်ဆိတ်ရိတ်တံလေးတွေကို ဝေပေးမှ ဒင်းတို့ ပြန်သွားပေတော့တယ်ဗျာ။
မာဂျေ

 

Category: 

Share