ပန်းပဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

“ငွေစာရင်းတွေကို စာရင်းစစ်ချုပ်ရုံးက စစ်လိုက်တော့မှ ငွေတွေကို ပြန်သွင်းရတယ်ဆိုတာဟာ လုပ်ထုံး လုပ်နည်းအရဆိုရင် လွဲမှားနေပါတယ်”

ရန်ကုန်တိုင်းအတွင်းရှိ အစိုးရဌာနအချို့မှ ၀န်ထမ်းအချို့သည် နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်နေမှုများ ရှိနေကြောင်းနှင့် ပတ်သက်၍  ဧပြီ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်ဆွေးနွေးခဲ့သည့် ပန်းဘဲ တန်းမြို့နယ် မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးအား  Tomorrow သတင်းဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့သည်။

Tomorrow ။    ။ ဧပြီ ၂၆ ရက်နေ့မှာ အစ်ကိုလွှတ်တော်မှာ ဆွေးနွေးသွားတဲ့အထဲမှာ အစိုးရ၀န်ကြီးဌာနမှ ၀န်ထမ်းအချို့ နိုင်ငံ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်နေတယ်ဆိုတာ ထည့်သွင်းပြောကြားသွားတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ၀န်ထမ်းအချို့ အလွဲသုံးစားလုပ်နေတာ ဘယ်လိုများ သိရှိခဲ့ပါသလဲ။
နိုင် ။   ။ ဒါက ကျွန်တော် ပြန်ဆွေးနွေးရတဲ့အကြောင်းပါ။ အလွဲသုံးစားလုပ်တယ်ဆိုတာက ပိုက်ဆံရစရာရှိတဲ့ဟာကို မရဘူးဆိုရင်လည်း အလွဲသုံးစားပါ။ နောက်တစ်ခုက စာရင်းတွေ တွက်ချက်တာ မှားယွင်းတယ်ဆိုရင်လည်း အလွဲသုံးစားပါ။ ၀န်ကြီးဌာနတစ်ခုအနေနဲ့ ဒီလိုလွဲမှားတယ်ဆိုရင်လည်း မဖြစ်သင့်တဲ့ကိစ္စပါ။ စာရင်းတွက်ချက်တယ်။ ပြီးတော့မှ စာရင်းစစ်ရုံးက ပြန်သွင်းခိုင်းမှ ပြန်သွင်းတယ် ဆိုတာတွေက မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကျွန်တော်က ဒါတွေကိုတော့ နောက်ပိုင်းကျရင် နိုင်ငံ့ဝန်ထမ်းတွေကို အစိုးရသစ်အပြောင်းအလဲမှာ ဒီလိုမျိုးတွေ နောက်နောင် မဖြစ်ပွားဖို့အတွက် စေတနာနဲ့ ထောက်ပြပြီးတော့ ပြောဆိုဆွေးနွေးခဲ့တာပါ။ ကျွန်တော်ဆိုလိုချင်တာက ငွေစာရင်းတွေကို စာရင်းစစ်ချုပ်ရုံးက စစ်လိုက်တော့မှ ငွေတွေကို ပြန်သွင်းရတယ်ဆိုတာဟာ လုပ်ထုံးလုပ်နည်းအရဆိုရင် လွဲမှားနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံ့ဝန်ထမ်း ဥပဒေဆိုတာလည်း ရှိပြီးသားပါ။ ပြီးတော့ ဒါတွေမဖြစ်အောင် ဌာနကလည်း ကြီးကြပ်ဆောင်ရွက်သင့်ပါတယ်။ လာဘ်စားတဲ့သူတွေကိုလည်း အရေးယူဖို့ဆိုတာကလည်း သူတို့ရဲ့ နည်းဥပဒေမှာရှိပြီးသားပါ။ ဒါတွေကို နောက်နောင်မဖြစ်အောင်လို့ ကျွန်တော်က အခုထောက်ပြရခြင်း ဖြစ်ပါတယ်။

Tomorrow ။    ။ ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တဲ့ ၀န်ထမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက အရေးယူတယ် မယူဘူးဆိုတာကို သိရှိခဲ့ရပါသလား။
နိုင် ။    ။ လက်ရှိအချိန်ထိတော့ အရေးယူတယ်ဆိုတာတော့ မသိရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အစိုးရသစ်အပြောင်းအလဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစိုးရအဟောင်း နောက်ဆုံးလုပ်သွားတဲ့ သက်တမ်းနှစ်မှာ လုပ်သွားတဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာကို ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ကို ဖော်ပြပေးပါ ဆိုပြီးတော့ လွှတ်တော်မှာ ဆိပ်ကြီးခနောင်တိုမြို့နယ်က ဒေါ်စန္ဒာမင်းကတင်တာကို ကျွန်တော်တို့က ထောက်ခံ ဆွေးနွေးပြီး တောင်းဆိုလိုက်တာပါ။ လွှတ်တော်ကလည်း ဒါကို တရားဝင်အတည်ပြုလိုက်တဲ့အတွက်ကြောင့် စာရင်းစစ်ချုပ်ကလည်း ၂၀၁၄-၂၀၁၅ ထက်ပိုပြီး ၂၀၁၅-၂၀၁၆ ကို သူက ပိုပြည့်စုံတဲ့ အစီရင်ခံစာတစ်ခုကို ပြုစုခဲ့တာပါ။ အဲဒီမှာ ခုလိုမျိုး ယိုပေါက်တွေ တွေ့ရှိခဲ့ရတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် စာရင်းစစ်ချုပ်ရုံးရဲ့ စာအုပ်ကြီးတစ်အုပ်ဆိုရင် အများကြီးတွေ့ရမှာပါ။ ကျွန်တော်တို့မှာက လွှတ်တော်မှာ ဆွေးနွေးရတာက အချိန်အတိုင်းအတာတစ်ခုနဲ့ ဆွေးနွေးရတာဖြစ်တဲ့အတွက် ဘဏ္ဍာရေးနဲ့ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကို ပြောပြပြီးတော့ ကျွန်တော်ကတော့ အစိုးရ၀န်ကြီးဌာနတွေဖြစ်တဲ့ မီးသတ်တို့ ဆည်မြောင်းဦးစီးဌာနက ဌာနခွဲတွေ၊ ရန်ကုန်က အားကာသိပ္ပံတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက နယ်စပ်မှာရှိတဲ့ လုံးဝပျက်နေတဲ့ ကားတွေကို ပြင်ဆင်စရိတ် တောင်းတာတွေကို ထောက်တဲ့အပိုင်းကို ကျွန်တော်က တာဝန်ယူပြီး ဆွေးနွေးရတာပါ။ ဒါ့အပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေသုံးတဲ့ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ သုံးတဲ့ကိစ္စတွေကို တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီအောင် ထောက်ပြပေးသွားတာပါ။

Tomorrow  ။    ။ အစ်ကို့ရဲ့ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တုံ့ပြန်မှုတွေ ဘယ်လိုရှိခဲ့ပါသလဲ။
နိုင် ။    ။ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ပြောရရင် အခုကိစ္စကိုလည်း ကျွန်တော်အပါအ၀င် ၁၆ ဦးလောက် ၀ိုင်းပြီး ဆွေးနွေးခဲ့ပါတယ်။ အမှန်တော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက တချို့လည်း အမြင်မှားတာတွေ ရှိပါတယ်။ အဲဒါက လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် တာဝန်အသီးသီးယူရတာ ရှိတယ်။ အဆိုတစ်ခု မေးခွန်းတစ်ခုဆိုတာက ရှင်းရှင်းပြောရရင် အခုမေးလိုက်တဲ့ မေးခွန်းတစ်ခုကို ချက်ခြင်း ထပြီး ငါမေးမယ်ဆိုပြီး မေးလို့မရသလို ဆွေးနွေးတဲ့နေရာမှာလည်း ချက်ခြင်းထပြီး ဆွေးနွေးလို့မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာအိမ်စာပါပဲ။ အဆိုတစ်ခုကို မေးဖို့ပဲဖြစ်ဖြစ်၊ တင်သွင်းဖို့ပဲဖြစ်ဖြစ်၊ ဒါနဲ့ ညီမျှတဲ့ အားထုတ်မှုကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။ လက်ရှိ စာရင်းစစ်ချုပ်ရဲ့  အစီရင်ခံစာဆိုရင်လည်း ပြောစရာတွေက အများကြီးပါ။ ဒါပေမဲ့ အချိန်ကန့်သတ်ချက်အရ ပြောလို့မရပါဘူး။ ဒါကြောင့် ကိုယ်စားလှယ်တွေအားလုံး စုပေါင်းပြီးတော့ ဘယ်လိုအကြောင်းကို တာဝန်ယူမယ်ဆိုပြီး ဆွေးနွေးရတာပါ။  ဘာပဲပြောပြော လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကိုယ့်ကိုပေးအပ်လာတဲ့ တာဝန်ဆိုရင်တော့ ကျေပွန်အောင် ထမ်းဆောင် သွားရမှာပါ။

Tomorrow  ။    ။ လက်ရှိ ခြစားနေတဲ့ ၀န်ထမ်းတချို့ကြောင့် နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားမှုတွေ ဖြစ်နေရတယ်။ အဲဒီငွေတွေက တစ်နှစ်ကို ဘယ်လောက်ဆုံးရှုံးနေတယ်ဆိုတာကို ဆန်းစစ်သွားဖို့ အစီအစဉ်ရှိပါသလား။
နိုင် ။   ။ ဒါကတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပြည်ထောင်စုအဆင့်နဲ့ ဆိုင်သွားပါပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်သွားတာကြောင့်ပါ။ ပြည်ထောင်စုအဆင့်အနေနဲ့ လုပ်ရင်တော့ ပိုပြီးကောင်းတာပေါ့။ နောက်ပိုင်းကျရင်တော့ ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာငွေယိုစိမ့်မှုတွေ မဖြစ်အောင် လွှတ်တော်အနေနဲ့ တည့်မတ်ထိန်းသိမ်းသွားဖို့တော့ လုပ်သွားမှာပါ။

Tomorrow  ။    ။ နောက်ဆုံးမေးခွန်းအနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ အလွဲသုံးစားလုပ်နေတဲ့ ၀န်ထမ်းတွေထဲမှာ ဘယ်အဆင့်ကနေ ဘယ်အဆင့်ထိ ပါဝင်နေလဲဆိုတာ အစ်ကို့အမြင်လေး သိချင်ပါတယ်။
နိုင် ။    ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပြောရတာ ခက်ခဲပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဌာနဆိုင်ရာတစ်ခုမှာ ပြေစာကောက်ခံတာပဲ ထားပါတော့။ နိုင်ငံတော်က ရမယ့် ပြေစာတွေကို မှန်မှန်ကန်ကန် သွင်းရဲ့လား။ မှန်မှန်ကန်ကန် မသွင်းဘူးလား။ ဒါမျိုးတွေရှိတယ်။ နောက်တစ်ခုက ဧရိယာစတုရန်းမီတာတွေနဲ့ ကောက်ခံတဲ့ ၀န်ဆောင်ခတွေရှိတယ်။ ဒါတွေကို မှန်မှန်ကန်ကန်နဲ့ တွက်ချက်ပြီးတော့ ယူရဲ့လား။ ဆိုလိုတဲ့ သဘောကတော့ ၁ စတုရန်းမီတာကို ဥပမာ ၁၀၀၀ လောက် ကောက်တယ်ဆိုရင် မီတာအတိအကျနဲ့ ကောက်သလား၊ ဒါမှမဟုတ် လျော့ကောက်ပြီး အပြင်က လာဘ်စားသလား။ ဆိုတာတွေကို ကျွန်တော်တို့က ဘယ်ဝန်ထမ်းအဆင့်နဲ့ လုပ်ငန်းရှင်နဲ့ ပေါင်းစားလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဖြစ်နိုင်ခြေများတာကတော့ ပြေစာဌာနက ၀န်ထမ်းတွေက မှန်မှန်ကန်ကန် မပေးသွင်းဘူးဆိုရင် ဒီဌာနမှာ အဓိကတာဝန်ရှိပါတယ်။ ကိန်းဂဏန်းတွေ တွက်ချက်တဲ့အခါမှာ သတ်မှတ်ထားတဲ့နှုန်းထားတွေအတိုင်း မကောက်ခံဘူးဆိုရင်လည်း အဲဒီဌာနမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလိုမျိုးမဖြစ်သင့်တာတွေ  မဖြစ်အောင်အတွက် အခုလို ထောက်ပြရခြင်း ဖြစ်ပါတယ်

ဆက်သွယ်မေးမြန်းသူ- ပိုင်လေး

Category: 

Share