ဇာဂနာ မရယ်ရတော့ဘူး (၁၈) - ဇာဂနာ

ဇာဂနာ တစ်လလောက် ပျက်ကွက်သွားတာ အရင်ဆုံး တောင်းပန်ပါတယ်။ ဖြစ်ချင်တော့ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလိုပါပဲ။ ဒါရိုက်တာမီးပွားနဲ့ ပြဿနာဆိုတဲ့ ရုပ်ရှင်ရိုက်လိုက်တာခင်ဗျ။ တကယ့်ကို ပြဿနာ တက်တော့တာပါပဲ။ တစ်ရက်ပဲ ရိုက်လိုက်ရတယ်။ ဇာဂနာဆေးရုံပေါ် ရောက်သွားပါတော့တယ်။ ရိုက်ကွင်းပေါ်မှာ အန်လိုက်၊ မူးလိုက်နဲ့ ဖြစ်နေလို့ ဆေးခန်းသွား ပြရာကနေ ဆေးရုံပေါ် ရောက်သွားတာပါ။ ဆီးချိုတွေတက်လို့တဲ့။ ငါးရာကျော်တက်တာ ဆိုတော့လည်း စိုးရိမ်ရတာပေါ့လေ။ ဒီလိုနဲ့ ဆေးရုံပေါ်မှာတင် ဆယ်ရက်ကြာသွားတယ်ခင်ဗျ။

ပြောချင်တာကတော့ ဆေးရုံပေါ်ရောက်သွားခြင်းရဲ့ နောက်ဆက်တွဲ စာမျက်နှာများပေါ့ခင်ဗျာ။ ဆေးရုံပေါ် မရောက်ခင်က ရန်ကုန်တိုင်းအစိုးရရဲ့ သင်္ကြန်နဲ့  ပတ်သက်တဲ့ သဘောထားကို သိခဲ့ရတယ်ခင်ဗျ။ ၀န်ကြီးချုပ်က မြန်မာ့ရိုးရာသင်္ကြန်ကို ပြန်လည်ဖော်ထုတ်ချင်တယ်။ ဇာဂနာ့ကို ထန်းပင်တက် လက်မှတ်ပေးတာပေါ့လေ။ ဒီလိုမြှောက်ပေးရင် ကွေးနေအောင်ကတတ်တဲ့ ဇာဂနာက မနောကြီးခွေလိုခင်ဗျ။ မိတ်ဆွေတွေ သူငယ်ချင်းတွေကို လိုက်အလှူခံ၊ ဆုပေးမဏ္ဍပ်တွေ လုပ်ကြဖို့ လိုက်နှိုးဆော်တာပေါ့ ခင်ဗျာ။ သင်္ကြန်သံချပ်အသင်းကိုလည်း လိုက်လံတွေ့ဆုံရတယ်ခင်ဗျ။ သူတို့ အခက်အခဲတွေကို နားလည်ဖို့လိုတာကိုး။
MRTV4၊ MNTV (Free to Air) တို့ကိုလည်း ပါဝင်ကူညီကြဖို့ သွားနားပူရတယ်ခင်ဗျ။ နီးစပ်ရာ မိတ်ဆွေတွေကိုလည်း မဏ္ဍပ်လုပ်ပေးကြဖို့ ပြောရ စည်းရုံးရတယ်။ တကယ်တော့ မဏ္ဍပ်တစ်ခုလုပ်ဖို့ အောက်ဆုံးအဆင့် သိန်း ၅၀၀ လောက် ကုန်ပါတယ်။ ဒီလို သိန်းငါးရာဆိုတဲ့ ပိုက်ဆံကို ဘယ်လိုလူက ရူးရူးမိုက်မိုက် အခြောက်တိုက် ထုတ်ပေးချင်မှာလဲ။ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင် မဏ္ဍပ်တွေကိုတောင် ဘယ်လိုပိုက်ဆံတွေနဲ့ လုပ်သွားခဲ့တယ်ဆိုတာ ပြန်ကြည့်ကြပါ။ အစိုးရက ပံ့ပိုးတယ်ဆိုတဲ့ ငွေကြေးပမာဏက ဇာတ်ခုံဖိုးတောင် မလောက်ငှပါဘူး။ ဇာဂနာသိသလောက်တော့ တစ်ရာသုံးဆယ့် ငါးသိန်းဆိုလားပါ။ ဒီတော့ စပွန်ဆာတွေခေါ်ရတော့တာပေါ့။ ဒီတော့လဲ သူဌေးတွေဆီ ပြန်ချဉ်းကပ်ရတာ ဘာဆန်းတော့လို့တုန်း။ ဒီလိုမဖြစ်ချင်လို့ ဒါကိုလုပ်တာ ဒီလိုဖြစ်သွားရောဆိုတဲ့ သင်္ကြန်သံချပ်လို့ပေါ့လေ။
တစ်ခါ စပွန်ဆာရတဲ့ပိုက်ဆံတွေက မဏ္ဍပ်ဆီရောက်မလာဘဲ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တော့ သာကီနွယ်သံချပ်အဖွဲ့ရဲ့ ဒီပုတ်ထဲကဒီပဲ သင်္ကြန်ပြကွက်လေးက အသက်ဝင်တော့တာပေါ့။ ဒါကြောင့် ဇာဂနာပြောတာပေါ့။ သင်္ကြန်သံချပ်အသင်းတွေဟာ လူထုရဲ့ ရင်ခုန်သံ။ ပြည်သူ့ရဲ့ ပဲတင့်သံပါလို့။ ဒါပေမဲ့ သံချပ်နဲ့ ပြောဆိုဝေဖန်တာကို မခံနိုင်ကြသူတွေကလည်း ရှိသဗျ။ ဒီတော့ ရေပက်ဖို့ပဲ ဇောင်းပေးချင်ကြ တာပေါ့လေ။ ရေပက်မဏ္ဍပ်တွေကလည်း ဒီနှစ် တော်တော်ရှင်းသွားလိုက်တာ ရေတွေရေတွေ စိုကုန်ပြီဆိုတဲ့ သီချင်းတောင် မကြားရတော့ဘူးခင်ဗျ။ ဒါပေမဲ့ သုဝဏ္ဏဖက်မှာတော့ ခြိမ့်ခြိမ့်သဲသဲပဲ ခင်ဗျာ။ ဘရာဇီယာနဲ့ ကဲတဲ့ သင်္ကြန်ဘီကီနီနဲ့ ရွှဲတဲ့သင်္ကြန်။ လိုတာအကုန်ရတဲ့ သင်္ကြန်။ လူတန်းစားတစ်ရပ်ရဲ့ သီးသန့် သင်္ကြန်ဆိုတာကြီး ဘွားကနဲ့ ဘွားကနဲ ပေါ်လာတော့တာပေါ့။ ၀န်ကြီးချုပ် ဖြစ်စေချင်တာက ငွေဖလားနဲ့ ရေကစားကြတဲ့ သင်္ကြန်လေ။ ခုတော့ ငွေသားနဲ့ အသေကစားတဲ့ သင်္ကြန်ဖြစ်သွားပြီခင်ဗျ။ အပြစ်ရှာတာ မဟုတ်ပါဘူး။ မသိမှာစိုးလို့ ပြောရတာပါခင်ဗျ။ အစိုးရကို တစ်ခုခုပြောရင် ဝေဖန်ရင် ဒီမိုကရေစီရဲ့ ရန်သူ၊ ကြံ့ခိုင်ရေး ဘောမဆိုတာတွေ တံဆိပ်ကပ်တတ်ကြလွန်းလို့ပါ။ ကြောက်ပါတယ်။

ကြောက်ကြောက်နဲ့ပဲ ပြောရပါဦးမယ်။ သင်္ကြန်ဆိုတာ ရေပက်တယ်ဆိုပေမဲ့ ရေက အလကား မရပါဘူး။ ဘယ်နိုင်ငံခြားသားကမှ ငွေထုတ်ပိုက်ပြီး သင်္ကြန်ကို ရေလာမကစားပါဘူးခင်ဗျာ။ ဒေါ်လာ သိန်းချီပြီး လာဖြုန်းတာ အကြောင်းရှိပါတယ်။ ပြန်မရနိုင်တဲ့ ပိုက်ဆံကို ဘာလို့ ဖြုန်းတီးပစ်မှာတဲ့လဲ။ နောက်ကွယ်မှာ ဘာရောင်းချင်လို့လဲ ဆိုတာကိုတော့ သေသေချာချာ စိစစ်ဖို့ လိုမယ်ထင်ပါတယ်။

တစ်ခါ ကြောက်ကြောက်နဲ့ပဲ ဆက်ပြောရပါဦးမယ်။ ကျွန်တော်တို့ ၀န်ကြီးချုပ်လည်း နှလုံးခွဲထားလို့ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးဗျ။ သင်္ကြန်အတွက် သုံးလိုက်တဲ့ ပိုက်ဆံတွေကို ပါတီထဲကလာတာ ပါတီထဲ ပြန်သွားတာပေါ့လို့ အမြတ်မယူစေချင်ပါဘူးခင်ဗျာ။ ဘယ်အနုပညာရှင်ကို ဘယ်လောက်ပေးပြီး ဘယ်သူ့ကိုတော့ ဘယ်မျှပေးတယ်ဆိုတာ သိဖို့တော့ ကောင်းတယ်ခင်ဗျာ။ ဘယ်သူတွေတီးတဲ့ တီးဝိုင်းမို့ ဘယ်လောက်ပေးရတယ် ဆိုတာလည်း သိဖို့ကောင်းပါတယ် ခင်ဗျာ။ ဒါဆို ချပေးလိုက်တဲ့ ဘတ်ဂျက်နဲ့ ဘယ်လိုသုံးလိုက်တယ်ဆိုတာလေး အရုပ်ပေါ်လာပါလိမ့်မယ်ခင်ဗျာ။ ဇာဂနာတို့ တိုင်းပြည်မှာလည်း ဘတ်ဂျက် ဆိုရင် ကြောက်နေတယ်ခင်ဗျ။ ဘတ်လိုက်ကြတာ ဂျက်ထက်တောင်မြန်တာကိုး။

ရိုးရာသင်္ကြန်ဖော်ထုတ်တာ ကြိုက်ပါတယ်။ လှိုက်လှိုက်လှဲလှဲ  ထောက်ခံပါတယ်။ ဒါပေမဲ့ စပွန်ဆာ တောင်းတာကိုတော့ ကြောက်ပါတယ်။ နောက်ကွယ်က ကြိုးတွေ ပါလာတတ်ပါတယ်ခင်ဗျ။ အလုံပိတ် အခန်းတွေ မရှိစေချင်တာ ကောင်းပေမယ့် အလုံပိတ် ခြံဝင်းတွေ ပေါ်လာတာတော့ ကြောက်ပါတယ် ခင်ဗျ။ ပြီးခဲ့တဲ့သင်္ကြန်ကို သုံးသပ်ရရင်တော့ ကိုယ့်သမီးလေး လူရှေ့သူရှေ့ မထော်မနှမ်းတွေ လုပ်နေမှာစိုးလို့ ခြံထဲထည့်ပြီး ကောင်လေးတစ်ရာလောက်နဲ့ ထင်ရာစိုင်းခွင့် ပေးလိုက်သလိုပါပဲခင်ဗျ။

အစိုးရက တာဝန်ယူတဲ့ မဏ္ဍပ်ကြီးတွေမှာ အဆိုတော်တွေကို ဖိတ်တော့ နာမည်ရပြီးသား အဆိုတော်တွေကိုပဲ ခေါ်ပါလို့ဆိုပြန်တယ်။ သင်္ကြန်မှာ သီချင်းမဆိုရလို့ စိတ်ပျက်နေတဲ့ အဆိုတော်တွေကို အောက်ကြေးနဲ့ နှိုက်တယ်လို့ အနုပညာသမားတွေ ခံစားရတယ်။ ပေးတဲ့ပိုက်ဆံက တစ်ယောက်ကို တစ်သိန်း နွားထီးငါးကျပ် နွားမငါးကျပ် လုပ်တယ်ဆိုပြီး စိတ်မကောင်း ဖြစ်ကြရတာပေါ့၊ ဒါတွေသိစေချင်လို့ ပြောလိုက်ပါတယ်။
ဒါကြောင့် ဇာဂနာမရယ်ရတာ ဘာဆန်းတော့သလဲ ခင်ဗျာ။
ဇာဂနာ

Category: 

Share