ဘီပီအိုင်ဆေးဝါးများအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးချဲ့ထုတ်လုပ်မည်

ဘီပီအိုင်ဆေးဝါးများကို အစိုးရ၏ထုတ်လုပ်မှု မလုံလောက်သဖြင့်  ပြည်တွင်းပြည်ပရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ထပ်မံ တိုးချဲ့လုပ်ဆောင်ရန် ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုလွင်က ပြောသည်။

“အစိုးရချည်းပဲ ဆက်ပြီးသွားနေရင် နိုင်ငံတော်ရဲ့ ပေါ်လစီနဲ့လည်း မညီဘူးပေါ့နော်။ ဆိုတော့ ကျွန်တော်တို့နဲ့ လာပြီး ပူးပေါင်း လုပ်ချင်တယ်ဆို Welcome လုပ်ပါမယ်။ တရားဝင် ကြေညာဖို့လည်း ပြင်ဆင်နေပါတယ်” ဟု ၄င်းက ပြောသည်။

မြန်မာ့ဆေးဝါးအောက်တွင် ဆေးဝါးထုတ်လုပ်မှုမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ စက်ရုံ ၂ ခု ဖြစ်ပြီး BPI ဆေးဝါး အမျိုးအစားပေါင်း ၁၈၃ မျိုး ရှိကြောင်း သိရသည်။

“ဆေးတွေကို ပြည်တွင်းကိုပဲ ဖြန့်တာပါ။ ဒါတောင် ပြတ်လပ်တဲ့ အနေအထားတွေ ရှိနေတော့ လုံလုံလောက်လောက် ထုတ်ပေးနိုင်ဖို့ အခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ခေါ်တာပေါ့” ဟု ဦးကိုကိုလွင်က ပြောသည်။

ယခုနှစ်အတွင်း၌ ကျန်းမာရေး ၀န်ကြီးဌာနအပါအ၀င် အစိုးရရုံးများက ဆေးကြိုတင်မှာယူမှုမှာ မြန်မာကျပ်ငွေ ၄၈ ဘီလျံဖိုးခန့် ရှိပြီး အပြင်ဆေးဆိုင်များက ကြိုတင်မှာယူမှု တန်ဖိုး ၁၆ ဘီလျံခန့်ရှိကြောင်း သိရသည်။

ရွှေရင်ငြိမ်းအေး

 

Category: 

Share